့
ကျောင်းတော်ရဲ့ ပုံပြင်
လူမှုပတ်ဝန်းကျင်ရဲ့ နေရာအသီးသီးမှာ ပုံပြင်လေးတွေ ရှိတတ်ကြတယ်။ တချို့ ပုံပြင်တွေကတော့ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး တချို့ကတော့ ပါးစပ် ရာဇ၀င်သက်သက်ပဲပေါ့။ တစ်ခါတုန်းကတော့ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်မှာလည်း ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှင် ဂျူလိုင်လ ၂၉ ရက် သောကြာနေ့တုန်းက တထိတ်ထိတ်ခုန်နေတဲ့ ရင်အစုံနဲ့အတူ ကောင်လေးတစ်ယောက် UFL ကျောင်းဝင်းထဲကို အလည်ရောက်ဖူးတယ်။
အဲဒီ့အဆောက်အဦထဲ စ၀င်ဝင်ချင်း ဘေးတစ်ဖက်တစ်ချက်စီရဲ့ ခုံတန်းတွေ မှာ ကျောင်းသားကျောင်းသူတွေ ထိုင်နေကြတာကိုသိတယ်။ ကျွန်တော်က သူငယ်ချင်းနဲ့ လိုက်လာတဲ့ ဧည့်သည်။ ကျောင်းသူတစ်ယောက်ကို လာတွေ့တာပေါ့ဗျာ။ အခုသူရှိနေတဲ့ LRC လို့ခေါ်တဲ့ ကျောင်းအဆောင်ထဲကို ရောက်လာခဲ့ပြီ။ အဲဒီ့ လေးထပ် စာသင်ဆောင်ကြီးအောက်ထပ် ပေါ်တီကိုကနေ ၀င်လိုက်ရင် ဘေးတစ်ဖက်တစ်ချက်စီမှာ နက်ပြာရောင် မှောင်မှောင် ခုံတန်းတွေရှိတယ်။ နောင်ဆက်လာမယ့် ကျွန်တော့်ရဲ့ ဇာတ်လမ်းမှာ မရှိမဖြစ် ခုံတန်းတွေပေါ့။ လောလောဆယ်တော့ ကောင်မလေးနဲ့ မတွေ့ ရသေးဘူး။ ၀င်လာလာချင်း ကျွန်တော်ကမှ ဘေးဘယ်ညာ မကြည့်မိခဲ့ပဲ။ အဲဒီ့ ခုံတန်းမှာ ထိုင်နေတဲ့ ကျောင်းသူတွေထဲမှာ သူရှိနေလိမ့်မယ်လို့တော့ စိတ်က အလိုလိုသိပါရဲ့။ ရင်တွေကလည်း စွတ်ကို ခုန်နေတော့တာပဲ။ ကျွန်တော် သူငယ်ချင်းက ကျွန်တော့်ကို အိမ်သာ အရင်ခေါ်သွားတယ်ဗျ။ မှန်ကြည့်ရအောင်တဲ့လေ။ ယောက်ျားလေးတန်မယ့် မှန်ကြိုက်တယ်လို့တော့ အပြောမစောစေချင်ဘူး။ ကောင်မလေးနဲ့ မတွေ့ရမီ ကိုယ်ရုပ်ကိုယ်တော့ ပြန် သ ချင်သေးတာပေါ့။ အဲ.... ကျွန်တော် မှန်ကြည့်ပြီး ပုဆိုးပြင်ဝတ်နေတုန်း အရပ်မြင့်မြင့်၊ အသားညိုညို ခပ်တောင့်တောင် အစ်ကိုကြီးတစ်ယောက် ဗြုန်းဆိုဝင်လာပြီး ကျွန်တော့်ကို လာမေးတယ်။
“Nick လား”
“ ဟုတ်ကဲ့ ”
“ ဟိုမှာ မင့်ကောင်မလေး စောင့်နေတယ် ”
ကျွန်တော့် ကောင်မလေးဆိုတဲ့ အသုံးအနှုန်းကြောင့် မမြင်ရသေးတဲ့ ကောင်မလေးကို အားနာသွားတယ်။ လာပြောတဲ့အစ်ကိုကြီးက အရိုင်းနဲ့တောင် ခပ်ဆင်ဆင်တူတယ်ဗျ။ (နောက်မှ သူ့ကို ကျောင်းမှာ အရိုင်းလို့ပဲ ခေါ်ကြကြောင်းသိရတယ်။) အဲဒီ့ အစ်ကိုကြီးက ကျွန်တော်နဲ့ online မှာ ညီအစ်ကိုလို ခင်နေတဲ့ အစ်ကိုကြီးဖြစ်နေတယ်။ ကျွန်တော်နဲ့ အဲဒီ့ကောင်မလေးကိုလည်း chat ထဲမှာဆိုရင် တွဲပြီး စ” နေကြ။ အခုလည်း အပြင်မှာ မင့်ကောင်မလေးလို့ သုံးသွားပြန်ပြီ။ ကျွန်တော့်ကောင်မလေး မဟုတ်ပါဘူးလို့တော့ ပြန်ငြင်းဆိုချက် မထုတ်ချင်တော့ပါဘူး။ ကျွန်တော့် မျက်နှာကတော့ ပြုံးစိစိ ဖြစ်သွားမယ် ထင်ပါတယ်။
အိမ်သာကထွက်လာပြီး ကော်ရစ်ဒါကို နည်းနည်းလျှောက်လိုက်ရင် နံရံကိုကပ်ပြီး ထားထားတဲ့ နက်ပြာရောင် ခုံတန်းတွေမှာ ထိုင်နေတဲ့ သူတွေကို မြင်ရပြီ။ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးပေမယ့် ဓါတ်ပုံတွေ အပြန်အလှန်ပို့ထားဖူးလို့ အစွန်ဆုံးရဲ့ ဒီဘက်တစ်ခုံမှာ ထိုင်နေတဲ့ ကောင်မလေးဟာ ကျွန်တော်နဲ့ တွေ့မယ့်သူပဲဆိုတာ တပ်အပ်သိလိုက်တယ်။ ပြုံးနေတဲ့ သူ့မျက်နှာမှာ စိတ်လှုပ်ရှားနေတဲ့ အရိပ်အယောင်လေးကို ခပ်ပါးပါး တွေ့ရတယ်။ ဓါတ်ပုံထဲမှာက ပိုကြည့်ကောင်းသလိုပဲ။ အပြင်မှာ ကျွန်တော်တွေ့ရတဲ့ အသွင်အပြင်က နည်းနည်းရိုးနေတယ်။ တက္ကသိုလ်ကျောင်းသူပေမယ့် ကော်လာအ၀ိုင်းပါတဲ့အကျီကို ၀တ်ထားတော့ သူ့ကြည့်ရတာ မူကြိုကျောင်းသူပုံစံနဲ့။ အသားညိုညို၊ ခပ်ပိန်ပိန်ဆိုပေမယ့် အကျီင်္ ပွပွဝတ်ထားလို့ ကြည့်ရတာ မဆိုးပါဘူး။ ဂုတ်ဝဲ ဆံပင်တိုတိုက သူ့လည်တိုင် ရှည်ရှည်သွယ်သွယ်နဲ့ သိပ်မလိုက်ချင်ဘူး။ ရှေ့က ဆံပင်ကို အလည်ခွဲပြီး ကလစ်နှစ်ခု တပ်ထားတာကို ကလေးနဲ့ တူတယ်လို့ ကျွန်တော်ပြောရင် မလွန်ဘူးထင်တယ်။ ဒီမယ်ဗျ ... သူကမလှဘူး။ ကျွန်တော်တွေးနေတုန်းမှာ သူက စ ပြီး နှုတ်ဆက်တယ်။
“Nick မဟုတ်လား”
“ မိစူး ”
သူ့အမေးကို မဖြေမိပဲ သူ့ နံမည်ကို ပြန်ခေါ်မိရက်သား ဖြစ်သွားတယ်။ သူ့ဘေးနားမှာ ထိုင်နေတဲ့ သူ့ထက် အတန်းကြီး အစ်ကိုကြီးတစ်ယောက် ထပြီး “ညီလေး လာထိုင်” ဆိုပြီး ကျွန်တော့်ကို နေရာဖယ်ပေးတယ်။ ဘာရေမွှေးဆွတ်လာမှန်းတော့မသိဘူး။ သူ့ဆီက ရေမွှေးနံ့ ပျံ့ ပျံ့ လေးရတယ်။ ဟောဗျာ ... စောစောက သူ့ဘေးမှာ ထိုင်နေကြတဲ့သူတွေ ဘယ်ရောက်ကုန်ကြပြီလဲ။ ကျွန်တော့်ကို ခေါ်လာတဲ့ ကျွန်တော့်သူငယ်ချင်းကလည်း ခပ်ပြုံးပြုံးနဲ့ ကျွန်တော့် ပုခုံးကို ပုတ်ပြီးထွက်သွားတယ်။ သုံးထပ်က စာကြည့်တိုက်မှာ သူရှိနေမယ်တဲ့။ ပြောရရင် ခုံတန်းမှာ ကျွန်တော်တို့ နှစ်ယောက်တည်း ကျန်ခဲ့တယ်။
March လ လောက်ကတည်းက chat ထဲမှာ ခင်မင် သိကျွမ်းလာကြပေမယ့် တကယ်တမ်းကျတော့ July လကုန်ကာနီးမှပဲ အပြင်မှာ မျက်နှာချင်းဆိုင် တွေ့ဖူးတော့တယ်။ လေးလလောက်ကြာမှပဲ ကွန်ပျူတာ မပါပဲ စကားပြောဖြစ်တာပေါ့။ June လတုန်းက ကျွန်တော် တစ်ခေါက်လာသေးပေမယ့် သူနေမကောင်းလို့ ကျောင်းမတက်တဲ့ရက်မှပဲ တိုက်တိုက်ဆိုင်ဆိုင် ရောက်မိရက်သားဖြစ်သွားတယ်။ အခုတစ်ခါတော့ တကယ်တွေ့ရပြီ။ online မှာဆိုရင် ညလုံးပေါက် မိုးအလင်း chat လည်း ပြောစရာမကုန်တဲ့ ကျွန်တော်တို့ အခုအပြင်မှာ မျက်နှာချင်းဆိုင် တွေ့တွေ့ချင်းမှာ ပြောစရာ စကားမရှိသလိုဖြစ်နေတယ်။ ဘာပြောရမှန်းမသိအောင်ကို သူရော၊ ကျွန်တော် ရော စိတ်တွေ လှုပ်ရှားနေခဲ့တယ်ထင်တယ်။ သူကပြောတယ်။
“ စ ၀င်လာကတည်းက nick မှန်း မိစူးသိတယ်။ အသားအရမ်းဖြူတာပဲ ”
“ဆံပင် ဖြူဖြူ၊ အသားဖြူဖြူနဲ့ လေ။ မမှတ်မိစရာ မရှိပါဘူး” လို့ ကျွန်တော်က ပြန်နောက်တော့ သူရယ်နေတယ်။
“ဘာလို့ နည်းနည်းတောင် လှည့်မကြည့်ပဲ အိမ်သာထဲ သွားတာလဲ”
“မှန် သွားကြည့်တာလေ”
“ ဟင် ... ယောက်ျားလေး အိမ်သာထဲမှာလည်း မှန်ရှိတယ်လား။”
“ရှိတာပေါ့”
ယောက်ျားလေးတွေဆို မှန်မကြည့်ရဘူးလို့များ အဲဒီ့ကောင်မလေးက ထင်ထားသလား မသိပါဘူးဗျာ။ သူနဲ့ တွေ့ဖို့ ကျွန်တော် အိမ်မှာ မှန်ဘယ်နှစ်ခေါက် ကြည့်ခဲ့တယ်ဆိုတာ ပြောပြရင် ရယ်တော့မှာပဲ။
သူနဲ့ အပြင်မှာတွေ့ပြီး စကားပြောရတဲ့ ပထမဆုံးနေ့မှာ ကန်တင်းသွားထိုင်ဖို့ တစ်ယောက်မှ စကားမစဖြစ်ဘူး။ တစ်ယောက်ရှေ့မှာ တစ်ယောက် စားသောက်ပြရမှာ ရှက်လို့ထင်တယ်။ ဒါမှမဟုတ်လည်း နှစ်ယောက်စလုံး စိတ်လှုပ်ရှားမှုတွေနဲ့ ရင်တွေ ပြည့်နေလို့ပဲဖြစ်မယ်။ ကျွန်တော်ရောက်တဲ့ နေ့လည် ၁၁ နာရီကတည်းက အဲဒီ့ထိုင်ခုံတွေကနေ မရွှေ့တိုင်း ထိုင်စကားပြောလိုက်ကြတာ ၂ နာရီခွဲလို့ သူ့အိမ်က ကားလာကြိုတဲ့အထိပေါ့။
“ဟင် .. လာကြိုပြီလား။ အစောကြီးလာကြိုခိုင်းတယ်” လို့ ကျွန်တော်က စောဒကတက်တော့ သူက ဘာမှမပြောပဲ ပြုံးပြီး မတ်တပ် ထ ရပ်ပါတယ်။ သူသွားဖို့ပြင်တော့ ကျွန်တော်လည်း မတ်တပ် လိုက်ရပ်တယ်။ ရှည်လိုက်တဲ့ အရပ်ဗျာ။ ကျွန်တော့်ထက် မကျော်ပါစေနဲ့လို့ စိတ်ထဲက ကြိတ်ပြီး ဆုတောင်းလိုက်ရတာ။ နောက်အပတ်ကစပြီး သောကြာနေ့တိုင်း သူအတန်းတွေ လွတ်တော့မယ်လို့ ကျွန်တော် ဟောကိန်း ထုတ်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ဆီကို သောကြာနေ့တိုင်း သွားလည်တော့မှာကိုး။ ပြန်သွားတဲ့ သူ့နောက်ကျောကို ကြည့်ရင်း နောက်တစ်ပတ်ရောက်ဖို့ ကြားထဲက ဖြတ်သန်းရမယ့် နေ့တွေအတွက် ကျွန်တော် နည်းနည်း စိတ်ညစ်သွားတယ်။ အဲဒီ့နေ့ တစ်နေ့က စလို့ ကျွန်တော့်ဘ၀မှာ မမေ့နိုင်စရာ အမှတ်တရတွေ များခဲ့ပါတယ်။
အဲဒီ့ညက အိပ်မပျော်ဘူး ခင်ဗျ။ အိပ်ယာထဲမှာ တလူးလူးတလိမ့်လိမ့် အိပ်မပျော်တာတော့မဟုတ်ဘူး။ ကွန်ပျူတာရှေ့ မှာ ပြုံးဖြီးဖြီးနဲ့ ထိုင်ပြီးတော့ အိပ်မပျော်တာ။ သူနဲ့ chat နေရမယ်ဆိုရင်၊ သူပို့လိုက်တဲ့ e-mail တွေ ဖတ်နေရမယ်ဆိုရင် ကျွန်တော့်မှာ နေရင်းထိုင်ရင်းနဲ့ကို ပြုံးနေမိတော့တာ။ ရယ်စရာတွေ ပြောတတ် ရေးတတ်တဲ့ ကောင်မလေးမို့လို့ ပြုံးရတာ မဟုတ်ပါဘူး။ ရင်မှာ သိပ်ကြည်နူးရင် သူ့အလိုလို ပြုံးမိသွားတတ်တယ်။ ကြုံဖူးတဲ့သူမှ ကျွန်တော်ပြောတာကို သိမှာခင်ဗျ။
တစ်ပတ်မှာ သောကြာနေ့ တစ်ရက်တော့ မပျက်မကွက် သူ့ကျောင်းကို သွားလည်တယ်။ မနက် ၁၀ နာရီ မထိုးခင် ကျွန်တော် LRC အောက်က ခုံတန်းပြာပြာတွေမှာ ထိုင်စောင့်နေပြီ။ သိပ်မကြာခင်မှာပဲ မနက်ပိုင်းတစ်ချိန် တက်ပြီးသွားတဲ့သူ့ကို လှေကားက ဆင်းလာတာ မြင်ရတတ်တယ်။ တစ်ခါတစ်လေကတော့ သွက်လက်ပြီး ပြုံးရွှင်လို့။ တစ်ခါတစ်ခါကျတော့လည်း (အထူးသဖြင့် လူတွေရှိနေရင်) ရှက်ကိုးရှက်ကန်း ပဲများပြီး ဣနြေ္ဒကြီး တစ်ခွဲသားနဲ့ ဆင်းလာတတ်တယ်။ သူဆင်းလာတဲ့အခါတိုင်း ကျွန်တော် မတ်တပ်ရပ်မိရက်သား ဖြစ်ဖြစ်သွားတယ်။ သူကတော့ ရှိုးတိုး ရှန့်တန့်ဖြစ်မှာပေါ့။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပုံမှန်လာစောင့်ပြီဆိုရင် လူတွေက ဘာလိုလိုထင်ကြတော့မှာမဟုတ်လား။ သိပ်မစောင့်ရတော့ပါဘူး ကောင်မလေးရယ် ... နောက်ဆိုရင် သူတို့တွေ ထင်တဲ့အတိုင်းဖြစ်လာတဲ့အခါ ဒီလို ရှက်အမ်းအမ်းဖြစ်စရာလိုမှာမဟုတ်တော့ပါဘူးလို့ ကျွန်တော့်ရင်ထဲမှာ တိတ်တိတ်လေးပြောတာများ သူကြားသွားရင် မျက်လုံးတွေပြူးပြီး အံကြိတ်ပြမယ်ထင်တယ်။
သူနဲ့ ကျွန်တော်ထိုင်စကားပြောတဲ့အခါ အချိန်တွေက အလွယ်တကူပဲ ကုန်ဆုံးသွားတတ်တယ်။ ဘယ်မှာပဲ ထိုင်ထိုင် နာရီနဲ့ ချီပြီးတော့ ကြာတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို လူတွေက နောက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေကလည်း ခဏခဏလာပြီး “ဟေ့ကောင် မင်းမပြန်သေးဘူးလား” လို့ လာပြောတတ်ကြသေးတယ်။ ကျွန်တော်ကိုက သူနဲ့ စကားပြောနေရရင် ပျော်နေတာ။ ကျွန်တော် ခန့်မှန်းတာမမှားဘူးဆိုရင် သူလည်း ကျွန်တော့်လိုပါပဲ။ ကျွန်တော်နဲ့ စကားပြောနေတဲ့အခါ အမြဲတမ်း ပြုံးပျော်နေတဲ့ သူ့မျက်နှာက အကောင်းဆုံး သက်သေပေါ့ဗျ။ သူ့သူငယ်ချင်းတွေကလည်း ကျွန်တော်တို့ နှစ်ယောက် ထိုင်နေတဲ့နေရာကို ရောက်ရောက်လာတတ်ပါတယ်။ စပ်ဖြီးဖြီးမျက်နှာတွေနဲ့ ၊ ချိတ်တိတ်တိတ် စကားလုံးတွေနဲ့လည်း စတတ်ကြသေးတယ်။ ကျွန်တော်ကတော့ ရယ်နေလိုက်တာပါပဲ။ သူကတော့ ရှက်ရမ်းရမ်းတာထင်တယ်။ နီးစပ်ရာ သူငယ်ချင်းကို ဖမ်းရိုက်ပစ်တတ်တယ်။ LRC က လှေကားရယ်၊ ခုံတန်းရယ် တစ်လှည့်စီ အထိုင်များတော့ နံမည် အပေးကောင်းတဲ့သူက ကျွန်တော်တို့ ၂ ယောက်ကို နံမည်ပေးလိုက်တယ်။ LRC က ကျောက်ရုပ် နှစ်ကောင်တဲ့လေ။
သြဂုတ်လ ၂၅ ရက်နေ့ ၂၀၀၄ ခုနှစ်က သောကြာမဟုတ်ပဲ ဗုဒ္ဓဟူးနေ့ပေမယ့် ကျွန်တော် သူ့ကျောင်းကို ရောက်သွားခဲ့တယ်။ ကျွန်တော်ဝယ်ထားတဲ့ ကျွန်တော်နဲ့ ဆင်တူ ကျောပိုးအိတ်တစ်လုံးကို လက်ဆောင်သွားပေးတာ။ အဲဒီ့နေ့က သူ့မွေးနေ့လေ။ သူ့မွေးနေ့မှာ သူက ကျွန်တော့်ကို ဘယ်နေရာမှာမှ လိုက်မကျွေးပါဘူး။ ချောကလက် တစ်တောင့် ပေးတယ်။ Toblerone သုံးမြှောင့်ပုံ ချောကလက်တောင့် ရှည်ရှည်လေးပေါ့။ အဲဒီ့နေ့က သူနဲ့ ကျွန်တော်နဲ့ စကားမပြောလိုက်ရပါဘူး။ ကျွန်တော့်ကို ချောကလက်လည်း ပေးပြီးရော သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတယ်။ ချောကလက်ကျွေးတာ ဘယ်လို အဓိပ္ပါယ်လည်းဆိုတာကိုတော့ သူ့ကိုပဲ မေးကြည့် ကြပါတော့။ ကိုယ့်ဘက်ကိုယ်ယက်ပြိး တွေးကြည့် ရရင်တော့ဗျာ ... ချောကလက်ကျွေးတဲ့ ကောင်မလေးရဲ့ ရင်ခုန်သံတွေ ကျွန်တော့်အတွက် ချိုမြနေပြီလို့ပဲ ထင်မိပါတယ်။
အစဉ်အလာကိုဖျက်ပြီး သောကြာနေ့မဟုတ်ပဲ သွားလည်ခဲ့တဲ့ နောက်တစ်ရက်ကတော့ စက်တင်ဘာလ ၈ ရက်ပါ။ အဲဒီ့နေ့ကလည်း ဗုဒ္ဓဟူးနေ့ပဲပေါ့။ နောက်နေ့တွေမှာ စာမေးပွဲအတွက် စာကျက်ဖို့ ကျောင်းမတက်တော့ဘူးဆိုတဲ့ သူ့ကို ကျွန်တော် စကားတစ်ခွန်း ပြောလိုက်စရာ ကျန်နေပါသေးတယ်။
အချိန်ယူပြီး အကျအန ပြင်ဆင်ခဲ့ရတာမဟုတ်ပေမယ့်လို့ အဲဒီ့စကားကိုပဲ အရိုးရှင်းဆုံး သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။
“မိစူးကို ချစ်တယ်” လို့။
ကြီးကြီးကျယ်ကျယ်ကောင်မလေးက ကျွန်တော့်ကို မေးခွန်း ၂ ခုမေးတယ်။
“ ဒီလိုစကားကို ဘယ်နှစ်ယောက်တောင် ပြောပြီးပြီလဲ” တဲ့။
“ မိစူးတစ်ယောက်တည်း” လို့ လက်ညှိုးတစ်ချောင်းထောင်ပြီး ပိုင်ပိုင်နိုင်နိုင်ပြန်ဖြေခဲ့တာပါ။ ရှိရှိသမျှ ယောက်ျားတွေအားလုံး ကျွန်တော့်နေရာမှာလည်း ဒီလိုပဲ ဖြေကြမှာပဲဆိုတာ အသက်ပေးကြေးလောင်းရဲတယ်။
နောက်ပြီး သူက ထပ်မေးသေးတယ်။
“မိစူးတို့ အသက်ဘယ်လောက်စီ ရှိကြပြီလဲ” တဲ့။
ရော် .... ဒုက္ခနဲ့ လှလှပါလား။ သူမသိတာကြနေတာပဲ။ သူက ဟိုတလောကမှ ၁၇ နှစ် တင်းတင်း ပြည့်ထားပြီး ကျွန်တော်က နောက် ၈ ရက်ကြာရင်ပဲ ၁၉ နှစ်ပြည့်တော့မယ့် ကိစ္စကို။ အဲဒါဘာထူးဆန်းလို့လဲ။ ဘာပဲဖြစ်ဖြစ် အဲဒီ့ ဂလန့် စကားတွေ ခဏမြိုချထားလိုက်တယ်။ သိတယ်မဟုတ်လား။ အခုအချိန်က သိပ်အရေးကြီးတဲ့အချိန်လေ။
“ ၁၉ နှစ်နဲ့ ၁၇ နှစ်လေ ... ဘာဖြစ်လို့လဲ ”
“မငယ်သေးဘူးလား”
“မငယ်ပါဘူး။”
ကျွန်တော်တို့ နှစ်ယောက်လုံး တက္ကသိုလ်တက်နေကြပြီပဲ။ အရွယ်ရောက်လှပြီလို့တော့ မဟုတ်ပေမယ့် အခုအချိန်ဟာ ရင်အခုန်တတ်ဆုံးအရွယ်လေ။ ဒီအရွယ်မှ အမြီးမပေါက်ရင် ဘာမျောက်လဲ မဟုတ်ဘူးလား။ ကျွန်တော့် စကားပြန်ကိုကြားပြီး သူက ဘာမှထပ်မပြောတော့ဘူး သြ ... ဒါနဲ့ အဲဒီ့နေ့မှာပဲ သူက ကျွန်တော့်အတွက် မွေးနေ့လက်ဆောင်ကို ၈ ရက်စောပြီးပေးတယ်။ ကျွန်တော့်မွေးနေ့ရောက်ရင် သူတို့ကျောင်းက ကိုယ်ပိုင်စာကျက်ချိန်ပေးပြီး ကျောင်းပိတ်တော့မှာမို့လို့လေ။ ကျောင်းမလာရတော့ အချိန်မီ မပေးလိုက်ရမှာ စိုးလို့တဲ့။
ချစ်စရာကောင်းလိုက်တဲ့ ကောင်မလေးဗျာ။ စိတ်ကူးယဉ်ပြီး ချစ်တတ်မယ့်ပုံဆိုတာကို လက်ဆောင်ထုပ် ဖောက်ကြည့်ကြည့် ချင်းပဲ ကျွန်တော် သိလိုက်ရတယ်။ Hang Ten တံဆိပ် အဖြူရောင် ရှပ်အကျီလေးတစ်ထည်ရယ်။ အမည်းရောင် ပြောင်ပြောင်ခွက်ကလေးကို အကြည်ရောင် ပေါ်မှာ အသဲပုံအဖြူလေးတွေပါတဲ့ ပက်ကင်ပေပါနဲ့ ထုပ်ပြီး ထိပ်မှာ ရွှေရောင်ဖဲကြိုးလေးနဲ့ စုချည်ထားတယ်။ ကျွန်တော့်အတွက် သူသောက်တဲ့ခွက်နဲက ဆင်တူ ကော်ဖီခွက်တဲ့။ နောက်ပြီး အဲဒီ့ ခွက်ထဲမှာ အပြည့်အသိပ်ပါတာက သူခေါက်ထားတဲ့ ကြယ်ရောင်စုံ လက်လက်ကလေးတွေ။ အိမ်ရောက်မှ ရယ်ကြည့်တော့ အလုံး ၂၀၀ တိတိ။ တစ်လုံးချင်းစီဟာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိခဲ့တဲ့နေ့ တစ်နေ့ချင်းစီကို ကိုယ်စားပြုလို့ပေါ့။ ကဒ်လေးတစ်ကဒ်လည်းပါတယ်။ အထဲမှာရေးထားတဲ့ စာလေးတွေကြောင့် ကျွန်တော့်မှာ ဘယ်လို ကြည်နူးရတယ်ဆိုတာ ပြောတောင် မပြောပြနိုင်ဘူး။ ဘာပြောတယ် ........ မပိုပါဘူး .....။ ဟုတ်တယ် ... အဲ့သလောက်တောင်ပဲ။ ဘာဖြစ်သေးလဲ။
လောကကြီးက ကျွန်တော်နဲ့ အမျိုးတော်လို့လားမသိပါဘူး။ ကျွန်တော့်ကို တော်တော်အလိုလိုက်တယ်။ အဲဒီ့ညက chat ထဲမှာတွေ့တော့ ကောင်မလေးက ပွင့်ပွင့်လင်းလင်း ၀န်ခံရှာတယ်။ ကျွန်တော့်ကို ချစ်နေခဲ့ပြီးသားပါတဲ့။ အိုး ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲလို့။ အညှာလွယ်တယ်လို့တော့ တဆိတ် မပြောစေချင်ဘူး။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ခပ်တုံးတုံးမှမဟုတ်တာ ....။ သူမပြောလဲ သူ့မျက်လုံးလေးတွေထဲက စကားကို ဘာသာပြန်ပြီးသား။ အချိန်ဆွဲထားလည်း ဘာထူးမှာမို့လို့လဲ။ နားလည်မှု မြန်မြန်ရသွားလို့ ချစ်သူဘ၀ မြန်မြန်ရောက်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ သူ့ကိုလည်း အရမ်းကျေးဇူးတင်တယ်။
ချစ်သူဘ၀ရောက်လည်း လာနေကြအတိုင်း သောကြာနေ့မှ လာရမယ်ဆိုလို့ ကျွန်တော့်မှာ ကြားထဲက ကြာသပတေးတစ်ရက်ကို လှိမ့်ပိန့်ပြီး သည်းညည်းခံနေရတယ်။ အဲဒီ့နေ့က သူ ကျောင်းကို နောက်ကျမှ ရောက်လာတယ်ခင်ဗျ။ သူ ၀တ်လာတာလည်း စိမ်းပြာရောင်ဆိုတာ မှတ်မိနေသေးတယ်။ သူ့ အကျီစ ပျော့ပျော့လေးက လေအတိုက်မှ တဖျတ်ဖျတ်လွင့်နေတာ ကျွန်တော့် အတွက်တော့ ကဗျာတစ်ပုဒ်ပါပဲ။ သူ့ရင်ခုန်သံတွေရော တဖျတ်ဖျတ် ခုန်နေမှာတဲ့လား။ အဲဒီ့နေ့က သူကျွန်တော့်ကို တစ်ခါမှ မတွေ့ဖူးတဲ့ သူတစ်ယောက်ကို စကားပြောနေသလိုမျိုး ခပ်အမ်းအမ်းဖြစ်နေတယ်။ ဒါပေါ့ ကျွန်တော်က သူတစ်ခါမှ မတွေ့ ဖူးသေးတဲ့ သူ့ ချစ်သူ အသစ်စက်စက် ဖြစ်နေတာကိုး။
ဘာပဲဖြစ်ဖြစ် ကျောင်းထဲက ပတ်ဝန်းကျင်ကတော့ ကျွန်တော်တို့ ၂ ယောက်ကို စိတ်ဝင်စားကြပါတယ်။ UFL ရဲ့ ရေတွက်လို့ရတဲ့ အတွဲတွေထဲမှာ ကျွန်တော်တို့ နှစ်ယောက်ကလည်း စာရင်းဝင်သွားလို့ နေမှာပေါ့။ သူနဲ့သိတဲ့သူ အားလုံးက ကျွန်တော့်ကိုတွေ့ရင် ဖော်ဖော်ရွေရွေပဲ ပြုံးပြကြတယ်။ ကျွန်တော်တို့ ၂ ယောက်လုံးကို တွဲရက်တွေ့ပြီ ဆိုရင်တော့ ပြုံးစိစိတွေ ဖြစ်ကုန်ရော။ ကျွန်တော်ကတော့ ပျော်ပါတယ်။ ကျွန်တော့်ဘေးမှာ ကျွန်တော်နဲ့ ကျောပိုးအိတ်ဆင်တူလွယ်ထားတဲ့ ကောင်မလေးတစ်ယောက် အမြဲရှိတယ်လေ။
အဲဒီ့ ဆင်တူ ကျောပိုးအိတ် နှစ်လုံးကြောင့် ကြည်နူးရသလို မချင့်မရဲ အသည်းယားရတာမျိုးလည်း ရှိသေးတယ်။ LRC က လှေကားကြီးမှာဖြစ်ဖြစ်၊ NB ဆောင်အောက်က ခုံတွေမှာဖြစ်ဖြစ်ထိုင်ကြတဲ့အခါ အဲဒီ့ ကျောပိုးအိတ်နှစ်လုံးက ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အမြဲတမ်း ကန့်လန့် ကန့်လန့်ပါတယ်လေ။ ဘယ်သူရှိရမလဲ ... သူပဲပေါ့။ လွယ်အိတ်တွေကို ဘေးမှာလည်း ထားလို့ရပါလျက်နဲ့ အမြဲတမ်း ကျွန်တော်တို့ ၂ ယောက်ကြားမှာပဲထားတတ်တယ်။ ပြီးတော့ တစ်ခုခုကို စိတ်မချသလို မျက်နှာပေးနဲ့။
ကန်တင်းမှာထိုင်ကြတဲ့အခါ Iced coffee တစ်မျိုးတည်းကိုပဲ ကျွန်တော်တို့ ၂ယောက်လုံး စသောက်ဖြစ်ကြပါတယ်။ ကော်ဖီထဲက ရေခဲတွေကို ပိုက်နဲ့ ရအောင် မ ထုတ်ပြီးတော့ ဘေးနားက ရေနွေးကြမ်းပန်းကန်ထဲကို ထည့်တာ ဘယ်သူပိုမြန်သလဲဆိုတာလည်း ပြိုင်ကြသေးတယ်။ ထမင်းအတူတူစားလို့ ကျွန်တော့်ပန်းကန်ထဲက ထမင်းကုန်ကာနီးရင် “ခဏစောင့်ဦး” ဆိုပြီး ရပ်ခိုင်းထားတတ်တဲ့ ကောင်မလေးဗျာ။ သူနဲ့ အတူတူ ပြီးအောင်တဲ့လေ။ NB ဆောင်အောက်က အပြာရောင် ခုံတန်းရှည်တွေမှာ ဘေးချင်းကပ်ရက် ထိုင်ကြတဲ့အခါ ကျွန်တော် နှလုံးခုန်သံတွေ စည်းချက်၊ ၀ါးချက် မညီနိုင်ဘူး ဖြစ်နေတယ်။ သူ့လက်ကလေးကို ကျွန်တော့်လက်ဖ၀ါးထဲမှာ ထည့်ထွေးထားခဲ့ချင်ပေမယ့် တည်နေတဲ့ သူ့မျက်နှာမှာ ဟန့်တားထားတဲ့ အရှိန်အ၀ါတစ်ခုခု ရှိနေသလိုပဲ။ ကျွန်တော့် ရှပ်အကျီလက်တို အဖျားနဲ့ သူ့အကျီအစနဲ့တော့ ကျကျနန ထိစပ်နေခဲ့ဖူးပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ ၂ ယောက်ရဲ့ ဘ၀ဟာ ကြည်နူးစရာတွေ အတိ ပြီးခဲ့တာပေါ့။
ညဘက်တွေ ဖုန်းပြောတဲ့အခါမှာ သူ့အသံက တိုးတိုးလေးဖြစ်နေတတ်တယ်။ သူက “ဒါပဲနော်” လို့ပြောတိုင်း “နေပါဦး” လို့ အချိန်ဆွဲတတ်တာ ကျွန်တော်အကျင့်။ သူ့ကို ခေါ်မိရင် “ဟင်” ဆိုပြီး ထူးတဲ့အသံက ကြားချင်မှတောင်ကြားရတယ်။ တစ်ခါတစ်ခါတော့ သူ့နံမည်ကိုခေါ်လည်း မထူးပဲ ငြိမ်နေတတ်တယ်။ ကျွန်တော်က ဘာမှ ဆက်မပြောပဲ ငြိမ်နေရင်တော့ “ဘာလဲ” ဆိုတဲ့ စိတ်မရှည်တဲ့ အသံက ခပ်ဆောင့်ဆောင့် ထွက်လာတတ်တယ်။
”အရမ်းချစ်တယ် ” လို့ ကျွန်တော်ပြောတဲ့အခါတိုင်း ဘာမှ ဆက်မပြောတော့ပဲ ငြိမ်ကျသွားတဲ့ သူ့ကို ကျွန်တော် အရမ်းချစ်တယ်ဗျာ။ ကျွန်တော်ဆီက “ချစ်တယ်” လို့ ကြားရတိုင်း သူမျက်လွှာချသွားပြီး ခပ်ဖွဖွ ပြုံးတတ်တယ်။ ဖုန်းထဲမှာလည်း တစ်ဖက်က သူ ပြုံးနေလိမ့်မယ်လို့ ကျွန်တော် လောင်းရဲတယ်။ ကျွန်တော်က ချစ်တယ်လို့ပြောတိုင်း ပြုံးနေတတ်တဲ့ ကောင်မလေးဟာ ကျွန်တော့်ကို ချစ်တယ်လို့တော့ သူ့ပါးစပ်က တစ်ခါမှ မထွက်ဖူးဘူးဗျာ။
ကောင်မလေးရယ် .... ပြန်တွေးမိရင် ငါတို့ နှစ်ယောက်ရဲ့ အတိတ်တွေ တကယ်ကို လှခဲ့ဖူးပါတယ်။
သူ့အကြောင်းကို ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့ ကောင်မလေးကို တစ်စုံတစ်ခု ဖုံးကွယ်ထားသလိုဖြစ်တဲ့အတွက် ကျွန်တော့်ကိုယ် ကျွန်တော် မလုံသလိုပဲ ခံစားရပါတယ်။ သူ့ကို ဘယ်လိုမှ ပြောမထွက်တဲ့ အကြောင်းအရာတစ်ခု ကျွန်တော့်မှာ ရှိနေတယ်။ ပြောမယ်လို့ စဉ်းစားလိုက်တိုင်း “သူများ မုန်းသွားခဲ့ရင်” ဆိုတဲ့အတွေးက ကျွန်တော့်ကို တွန့်ဆုတ်စေခဲ့တယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျွန်တော့်ကောင်မလေးဟာ ကျွန်တော့်မှာ သူနဲ့ ဘာသာချင်းမတူတဲ့ အသိုင်းအ၀ိုင်တစ်ခုရှိနေတယ်ဆိုတာ သိသွားရင် ဘယ်လိုဆုံးဖြတ်မှာလဲ။ ဘာသာမတူတာက အပြစ်တစ်ခုမဟုတ်ပေမယ့် အဲဒါကို သူ့ကိုပေးမသိခဲ့တာကတော့ အပြစ်တစ်ခုလို ဖြစ်နေတယ်။ တမင်ပေးမသိတာမဟုတ်ပေမယ့် တမင်ဖုံးထားသလိုမျိုးလည်း ကျွန်တော် မဖြစ်ချင်ဘူး။ အဲဒါနဲ့ ကျွန်တော် ပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီ့ညက ဖုန်းထဲမှာ သူငိုတယ်။ ဘာလို့ ချစ်ခဲ့သေးလဲတဲ့။ အစကသိခဲ့ရင် သူလည်း ချစ်မိမှာ မဟုတ်ပါဘူးတဲ့။ ဘာသာမတူဘူးဆိုတာ အပြစ်တစ်ခုမှ မဟုတ်တာ ချစ်သူရယ်လို့ ကျွန်တော် အယူခံဝင်ချင်ခဲ့ပါတယ်။ လမ်းခွဲဖို့ကလွဲပြီး သူဖြစ်စေချင်တာမှန်သမျှ ကျွန်တော် လိုက်လျောမှာပေါ့။ ဝေးဖို့ကလွဲပြီး ကြိုက်သလို ဆုံးဖြတ်ပါလို့ ကျွန်တော် အသနားခံခဲ့ပေမယ့် သူကတော့ “မဖြစ်နိုင်ဘူး” ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ ဝေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
အဲဒီ့နှစ် ဒီဇင်ဘာမှာ ကျွန်တော်တို့ရဲ့ နေ့ကလေးတွေ ရုတ်တရက် ကြမ်းရှသွားခဲ့တာပေါ့ဗျာ။
ကျွန်တော့်ကို သိပ်ချစ်တတ်တဲ့ကောင်မလေးမှာ ဟန်ဆောင်သိပ်ကောင်းတဲ့ နှလုံးသား တစ်စုံလည်းရှိတယ်လေ။ ကျွန်တော်လည်း သူနဲ့ မခွဲနိုင်သလို သူလည်း ကျွန်တော်နဲ့ မဝေးချင်ဘူးဆိုတာ ကျွန်တော့် ရင်ထဲက အတပ်သိပေမယ့် သူ့ နှုတ်က တကယ်ထွက်လာတဲ့စကားတွေက ကျွန်တော့်ရင်ကို ပြတ်ရှစေခဲ့တယ်။ ကျွန်တော်တို့ ဆုံဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူးတဲ့လား။ ချစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးတဲ့သူက မချစ်ဘူးလို့တော့ ပြောထွက်ရက်ခဲ့တယ်ဗျာ။ ဒါပေမယ့် ကျွန်တော် မယုံပါဘူး။ သူ့မျက်ဝန်းတွေကို နားလည်ပြီးတော့မှတော့ သူမုန်းတယ်လို့ ပြောလည်း ကျွန်တော် မယုံပါဘူး။
အပြစ်မရှိတဲ့ အကြောင်းပြချက်နဲ့ ကျောခိုင်းသွားတဲ့သူ့ကို နှလုံးသားက နာကျင်ဖို့ သတိမရနိုင်အောင်ပဲ ကျွန်တော်သူ့ကို လွမ်းပါတယ်။ သူ့ဘ၀အတွက် ပထမဆုံးချစ်သူ ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော့်ဘ၀ရဲ့ တစ်ထောင့်တစ်နေရာမှာ ပါဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ ကျွန်တော့်ချစ်သူကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ချစ်တယ်လို့ တစ်ခါမှ နှုတ်က ပြောမထွက်ခဲ့ဖူးတဲ့၊ သူ့လက်ကလေးကို ဆုပ်ကိုင်ဖို့ လှမ်းလာတဲ့ ကျွန်တော့်လက်ကို ပုတ်ချပစ်ဖူးတဲ့ အဲဒီ့ကောင်မလေးကို ကျွန်တော် တကယ် သိပ်ချစ်ခဲ့ဖူးပါတယ်ဗျာ။
တစ်ခါတုန်းက ဒီတက္ကသိုလ်က လူတကာ ပါးစပ်ဖျားမှာ တခမ်းတနားနဲ့ ရေပန်းစားဖူးတဲ့ ပုံပြင်တစ်ပုဒ် ရှိခဲ့ဖူးပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်က အဲဒီ့ပုံပြင်ဟာ တကယ်အဖြစ်အပျက်လားလို့ မေးလာမယ်ဆိုရင် ဒီလိုပဲဖြေချင်ပါတယ်။ ဟုတ်ကဲ့ .... လူပြောများဖူးတဲ့ ပုံပြင်သက်သက်ပါ ......။
ရွှေစူး
(၂၀၀၆ ခုနှစ် နှစ်အစပိုင်းလောက်မှာရေးခဲ့တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ရက်စွဲတပ်ခဲ့ဖို့ အလိုအလျောက်မေ့ခဲ့ပုံရပါတယ်။ အစတုန်းကတော့ နိုင်ငံခြားဘာသာတက္ကသိုလ် မဂ္ဂဇင်းအတွက် ရည်ရွယ်ပြီးရေးတာပါပဲ။ ဒါပေမယ့်လည်း မဂ္ဂဇင်းဖောင်ပိတ်တဲ့အထိ ပြီးအောင် မရေးနိုင်ခဲ့တဲ့အတွက် ဘွာတေးလိုက်ပါတယ်။)
Comments (2)
ငါစာဖတ်ပြီးမျက်ရည်ကျအောင်လုပ်နိုင်တာနင်တယောက်ပဲရှိသေးတယ်လွန်းထားထားတောင်ငါမျက်ရည်မကျဘူးဘူးတိုင်းကျူး
i love to feel
i like to be broken
@nyowinmaw - လွန်းထားထား ရေးတာက ဘယ်တုန်းက မျက်ရည်ကျစရာ ကောင်းလို့လဲ။ တစ်ချိန်လုံး အစွန်းရောက်တွေ ရေးနေပြီးတော့များ။