ရုတ်တရက်ကြီး ကျွန်တော့်မှာ မေးလာတဲ့ ဖုန်းတွေကို ဖြေရ၊ အီးမေးလ်တွေပြန်ရနဲ့ တော်တော်လေး အလုပ်ရှုပ်သွားခဲ့ပါတယ်။ အခုတော့ ကျွန်တော်က အသုံးမကျတဲ့ကောင် ဖြစ်သွားတာပေါ့ဗျာ။ မနေ့ညက ချိန်းတွေ့တဲ့ ကောင်မလေး အမန်ဒါ့ကို တစ်ယောက်တည်း ထားပြီး ခြေရာဖျောက်ပစ်ခဲ့ရတဲ့ ပြစ်မှုနဲ့ပေါ့။ ဒါပေမယ့် အဲဒါက ခင်ဗျားတို့ အားလုံးထင်ထားကြသလို မဟုတ်ဘူးဗျ။ မေးလာတဲ့ တယ်လီဖုန်းတိုင်းကိုဖြေမယ့်အစား ကျွန်တော် ဒီစာလေးရေးပြီးတော့ပဲ တင်လိုက်ပါရစေဗျို့ ... ။ ဒီစာကလေးက အဲဒီ့ ညနေကဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ အမန်ဒါ့ကို ကျွန်တော် ဘာဖြစ်လို့ ထားပစ်ခဲ့ရသလဲဆိုတာကို ခင်ဗျားတို့ကို ရှင်းပြပါလိမ့်မယ်။
ပထမဆုံးပြောချင်တာက အမန်ဒါဆိုတဲ့ ကောင်မလေးက မိကောင်းဖခင်သားသမီး မိန်းမကောင်းကလေးပါ။ အင်မတန်မှကို ချောတဲ့ကောင်မလေး။ ခေတ်မီမီ ၀တ်စားဆင်ယဉ်ထားပေမယ့် သူ့အမူအယာလေးတွေက သိမ်သိမ်မွေ့မွေ့လေး။ ပြီးတော့ သူ့ဘက်က မှားတာ တစ်ခုမှ မရှိခဲ့ဘူး။ ဒုတိယအချက်ကတော့ ကျွန်တော် သူ့ကို စွဲစွဲလန်းလန်းပိုးပန်းခဲ့တာ အခုဆိုရင် ၅ လလောက်ရှိပြီဆိုတာ ခင်ဗျားတို့ထဲက တစ်ချို့ ကောင်းကောင်းသိကြမှာပေါ့။ ကျွန်တော် အဲဒီ့လောက် ကြိုက်တဲ့ကောင်မလေးကို bar မှာ တစ်ယောက်တည်း ထားပစ်ခဲ့စရာ အကြောင်းမရှိဘူးဆိုတာ ခင်ဗျားတို့ ယုံကြည်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
အခုလို ပဏာမတွေ ခံပြီးတော့ ဘာဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် ပြောပြပါရစေတော့။
အဲဒီ့နေ့က ကျွန်တော် သူ့ကို ၆ နာရီလောက် သွားကြိုခဲ့တယ်ဗျာ။ ပြီးတော့ စားသောက်ဆိုင်တစ်ခုမှာ ညစားအတူတူသွားစားကြတယ်။ 5-star hotel တစ်ခုရဲ့ စားသောက်ဆိုင် အဆင့်အတန်းက ဘယ်ညံ့လိမ့်မလဲဗျာ။ ဖွင့်ထားတဲ့ တီးလုံး၊ သံစဉ်လေးတွေကလည်း နားဝင်ပီယံ ချိုပါ့။ ကျွန်တော်တို့ ၂ ယောက်လည်း စကားကောင်းကောင်းပြောဖြစ်ခဲ့ကြပါတယ်။ သူ့အကြောင်း ကိုယ့်အကြောင်းပေါ့။ ကျွန်တော်ဆိုတဲ့ အကောင်ဟာ အမန့် ဒါ့ ရှေ့မှာ သွားကြီးတဖြီးဖြီးလုပ်လို့ မကောင်းလို့သာ။ စိတ်ထဲကတော့ ဂွမ်းကို ဆီထိ တာထက် ပိုပြီး ကြည်နူးနေခဲ့တာ။
ဒီ့ထက်ပိုကောင်းတဲ့ ညနေခင်းတစ်ခုဆိုတာ ရှိမှာမဟုတ်ဘူး။
ကျွန်တော့် ဗိုက်ထဲက ရစ်ရစ်ပြီးနာနေတဲ့ ချွင်းချက်က လွဲလို့ပေါ့ဗျာ။ ခင်ဗျားတို့ အားလုံးလိုလို သိထားကြတဲ့အတိုင်း ကျွန်တော့်မှာ ဗိုက်မကောင်းတဲ့ ရောဂါရှိတယ်။ Irritable Bowel Syndrome, IBS လို့ အတိုကောက်ခေါ်ကြတဲ့ အူမကြီး အကြောဆွဲတဲ့ရောဂါ၊ လွယ်လွယ်ပြောရရင် ဟိုဟာ မနိုင်တဲ့ရောဂါပေါ့ဗျာ။ အဲဒီ့ရောဂါကြောင့်ပဲ ကျွန်တော့်မှာ တစ်ညနေလုံး ဗိုက်ထဲက ထိုးထိုးတက်လာတဲ့ လေတွေကို၊ ပါးစပ်က လေမတက်အောင် သတိထားရ၊ တစ်ခါ အောက်ကနေထိုးထွက်ချင်တဲ့ လေတွေကို ကိုယ်ကို အတင်းရှုံ့ ပြီးအောင့်ထားရနဲ့ ညစာပြီးသွားတဲ့အထိတော့ ကျွန်တော် အေးအေးဆေးဆေး အောင့်ထားနိုင်ခဲ့ပါတယ်။ ပန်းကန်တွေလာသိမ်းပြီးသွားတော့ အချိုပွဲ စားရင်း စကားပြောနေတုန်း ကျွန်တော် ချောင်းဆိုးသလိုလိုနဲ့ လေလည်လိုက်တာ အသံက မသိသာလိုက်ပေမယ့် .. ဘောင်းဘီထဲမယ် ဟ၀ှာထွက်သွားပါရောလားဟရို့။
အဲဒါနဲ့ ကျွန်တော်လည်း နေရာကထ၊ အမန်ဒါ့ကို ခွင့်ပန်ပြီးသကာလ အနားရှိ လူကြီးမင်းသန့်စင်ခန်းသို့ ၀င်ခဲ့ပါလေရောလားခင်ဗျာ။ အမန်ဒါလေးကတော့ ကျွန်တော်ဘာဖြစ်သွားတယ်ဆိုတာ မရိပ်မိပဲ ကျွန်တော် ထားခဲ့တဲ့စားပွဲမှာ အချိုပွဲကို ဆက်လက်စားရင်း ကျန်ခဲ့တယ်။ အိမ်သာထဲရောက်လို့ ကြည့်လိုက်တော့ နည်းနည်းလေးလို့ မျှော်လင့်ထားခဲ့တဲ့ ဟ၀ှာက ကျွန်တော့ အတွင်းခံဘောင်းဘီတစ်ခုလုံး ရစရာမရှိအောင် ပေကျံသွားပြီး၊ အပြင်က ဘောင်းဘီရှည်ကိုတောင် နည်းနည်း စွန်းသွားသေးတယ်။ ပေသွားတဲ့ အတွင်းခံဘောင်းဘီကို လွှင့်ပစ်လိုက်ရတာ ၀န်မလေးပေမယ့်၊ တကယ့်ပြဿနာက ဘောင်းဘီရှည်မှာ သေးသေးလေး စွန်းနေခဲ့တာပဲ။ တစ်ရှူးတွေကို ရေတွေဆွတ်ပြီး ရလိုရငြား နင်းကန် သုတ်သော်ငြားလည်း သက်သာမသွားပဲ ပိုလို့သာ ဆိုးဆိုးလာတော့တာပဲ။
ဘာလုပ်ရမှန်း မသိတဲ့အတူတူ ကျွန်တော် ဘောင်းဘီကို ပြန်ဝတ်လိုက်တယ်။ စဉ်းစားမိတာက တကယ်လို့ အမန်ဒါ့ဆီကနေ လုံလောက်တဲ့ အကွာအဝေးတစ်ခုကိုသာ သတိရှိရှိနဲ့ တစ်ညနေလုံး ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ဒီလို လှပတဲ့ ညနေခင်းလေးကို ဖျက်ပစ်စရာမလိုပဲ ဆက်စခန်းသွားလို့ရတယ်။ ကျွန်တော် အဲသလို ဘာလို့ တွေးမိခဲ့မှန်းစဉ်းစားလို့တောင် မရပါဘူးဗျာ။ ၀ိုင်ကလေးနည်းနည်းဝင်သွားပြီး ရီဝေယစ်ထွေနေခဲ့လို့ပဲ ဖြစ်ရမယ်။ အခုလို ကောင်မလေး လှလှလေးနဲ့ ကြည်နူးစရာကောင်းတဲ့ တွေ့ဆုံမှုတစ်ခုကို ဗြုန်းကနဲကြီးတော့ ဘယ်သူက ဖျက်ပစ်ချင်ပါ့မလဲ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်။ အဲဒါနဲ့ ညစာကို ပိုက်ဆံရှင်းပြီး ကောင်မလေးနဲ့ အတူတူ ပြန်ထွက်လာခဲ့တယ်။ ဟုတ်ပါတယ် ခပ်လှမ်းလှမ်းကပဲ လျှောက်ခဲ့ရတာပေါ့ဗျာ။
ကျွန်တော်တို့ လမ်းလျှောက်ထွက်လာတုန်း ကျွန်တော် သတိတစ်ခုရတယ်။ အဲဒီနားမှာ Gap စတိုးဆိုင်တစ်ခုရှိတယ်။ တကယ်လို့များ ကျွန်တော် ၀တ်ထားတဲ့ ကာကီဘောင်းဘီ ဆင်တူ နောက်တစ်ထည်ဝယ်ပြီးတော့ အမန်ဒါ မရိပ်မိခင်မှာ လဲလိုက်နိုင်မယ်ဆိုရင် ဒီပြဿနာကို အပြီးအပိုင်ရှင်းပြီးသားလည်းဖြစ်မယ်၊ အမန်ဒါနဲ့ စိတ်ဖြောင့်လက်ဖြောင့်လည်း စကားတွေဆက်ပြော ညနေခင်းကို ဆက်လက် ခံစားသွားလို့ရတယ်။ အဲဒါနဲ့ ကျွန်တော် အမန်ဒါ့ကို Gap က
ဆွယ်တာ တစ်ထည် ၀င်ပြီးဝယ်ချင်တဲ့အကြောင်းပြောတော့ သူက စိတ်ပါလက်ပါပဲ ဆိုတော့၊ ကျွန်တော်တို့ အဲဒီ့ဆိုင်ကို ဦးတည်ခဲ့ကြတယ်။ ခပ်လှမ်းလှမ်းကတော့ ခပ်လှမ်းလှမ်းပဲပေါ့။ ကျွန်တော့်ဘောင်းဘီက အနံ့ တထောင်းထောင်းနဲ့ ဘယ်လောက်စိတ်ပျက်စရာ၊ ရွံစရာကောင်းနေလဲဆိုတာ ကျွန်တော်ပဲသိတယ်။ ခင်ဗျားတို့ နှာခေါင်းတွေများ ရှုံ့ ထားကြပြီလား။
ဆိုင်ဝရောက်တော့ ကျွန်တော်တို့ လမ်းခွဲလိုက်ကြတယ် .... သူက မိန်းကလေးအ၀တ်အစားတွေ ရောင်းတဲ့ဘက်ကို၊ ကျွန်တော်က ယောက်ျားလေး အ၀တ်အစားတွေဘက်ကိုပေါ့။ ဆွယ်တာဝယ်မှာလို့ ပြောထားခဲ့လို့ တွေ့တဲ့ ဆွယ်တာ တစ်ခုကောက်ယူ၊ ပြီးတော့ ၀တ်ထားတဲ့ ကာကီဘောင်းဘီနဲ့ ဆင်တူ လိုက်ရှာ၊ ကျွန်တော့် ခါးဆိုက်ဇ်နဲ့ တစ်ထည်ကို မြန်မြန်ယူပြီး အမန့်ဒါကို ကျွန်တော် ငွေရှင်းပြီး ထွက်တော့မယ့် အကြောင်း သွားပြောခဲ့သေးတယ်။ ငွေရှင်းကောင်တာရောက်တော့
“အဲဒီ့ ဆွယ်တာကို မယူဘူးနော် ... ဘောင်းဘီပဲယူမှာ။ ဘောင်းဘီဖိုးပဲရှင်းမယ်” ဆိုတဲ့အကြောင်းကို အဲဒီ့ကောင်တာက ကောင်မလေးကို ပြောရသေးတယ်။ ခပ်မြန်မြန် ငွေရှင်းပြီးတော့၊ ကောင်တာပေါ်က ဘောင်းဘီထည့်ထားတဲ့ အိတ်ကို လက်မှာဆွဲပြီး သွက်သွက်ပဲ အမန်ဒါနဲ့ ထွက်လာခဲ့တယ်။ စိတ်ချရလောက်တဲ့ အကွာအဝေးလောက်တော့ လှမ်းတုန်းပဲ။
ကျွန်တော် ၀ယ်လာတဲ့ ဘောင်းဘီအသစ်ကို လဲဖို့အတွက် နေရာတစ်ခု မြန်မြန်တွေ့မှာဖြစ်မယ်။ အနံ့ က တစ်ချက်ထက်တစ်ချက် ပိုပြီး ပြင်းထန်လာသလိုပဲ၊ ကျွန်တော် မခံနိုင်တော့ဘူး။ ပြီးတော့ အမန်ဒါ မရိပ်မိအောင်လို့ လှမ်းနိုင်သမျှလှမ်းအောင် ခပ်ခွာခွာလျှောက်ရင်း .. ကွာလှ ၁၀ ပေလောက်ပေါ့။ အခြေအနေတွေ မခက်ခဲခင် ကျွန်တော် အ၀တ်လဲရမှကိုဖြစ်မယ်။ တစ်ဖက်ကလည်း အခုလို ညနေခင်းလေးကို မပြီးချင်သေးတာကြောင့် အမန်ဒါ့ကို ဘယ်များသွားချင်သေးလဲ၊ ဘာများလုပ်ချင်သေးလဲလို့ မေးလိုက်တော့ သူက ဒီလမ်းရဲ့ အဆုံးမှာ bar တစ်ခုရှိတယ်၊ အဲဒီမှာ ဆက်ပြီး ထိုင်ကြရအောင်ပါဆိုလို့ ကျွန်တော်လည်း ၀မ်းသာအားရ လမ်းဆက်လျှောက်ခဲ့တယ်။ ဟုတ်ကဲ့ ... ခပ်ခွာခွာကပဲ။
လမ်းအဆုံးမှာ bar ကို ရောက်တော့ ကျွန်တော်တို့ အပေါ်ထပ်ကို တက်ခဲ့ကြပြီး စားပွဲတစ်ခုမှာ နေရာယူလိုက်ကြတယ်။ မထိုင်ရသေးခင်ပဲ ကျွန်တော်က သန့်စင်ခန်းကို ခဏသွားမယ်ဆိုတဲ့အကြောင်းပြောပြီး ထွက်လာခဲ့လိုက်တော့တယ်။ အိမ်သာရှေ့ရောက်တော့ တစ်ယောက်ပြီးမှ တစ်ယောက်ဝင်ရတဲ့ အိမ်သာမို့လို့ ကျွန်တော် လွတ်လွတ်လပ်လပ် ဘောင်းဘီလဲရတော့မယ်ဆိုပြီး စိတ်ကို ဒုန်းဒုန်းချ သက်မကို ခုမှပဲ ချနိုင်တော့တယ်။ အိမ်သာထဲအမြန်ဝင်ပြီး တံခါးပိတ်၊ ပြီးတော့ မသတီစရာကောင်းလှစွာသော ဘောင်းဘီကို မြန်မြန်ချွတ်၊ လက်စလက်န ဖျောက်နဲ့ အနေနဲ့ ပဲ ဘေးနားက ပြတင်းပေါက်သေးသေးလေးကနေ နောက်ဖေးလမ်းကြားထဲကို ပစ်ထည့် လိုက်တယ်။ သွားရော့လဟယ်ပဲ။ ပြီးတော့ ညစ်ပေနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကိုပါ သန့်ရှင်းရေး သေသေချာချာလုပ်ပြီး၊ ဘောင်းဘီအသစ်ကို ၀တ်မလို့ အိမ်သာကြွေခွက်မှာ ကျကျနန ထိုင်လိုက်ပါတယ်။ စောစောနက Gap က ၀ယ်လာတဲ့ အထုတ်ကို အယူ၊ ပလတ်စတစ်အိပ်ကို ဖွင့်ပြီး အထဲကဟာကို ဆွဲထုတ်လိုက်တော့ .... လားလား ... ထွက်လာတာက
ဆွယ်တာကြီးပါလားဗျာ

ဘာလုပ်ရမှန်းမသိတာနဲ့ ကျွန်တော်လဲ လက်ထဲရှိတဲ့ဆွယ်တာရဲ့ လက်ထည့် တဲ့ အပေါက်ထဲကို ခြေထောက်ထည့်ပြီး ဖြစ်သလို ကြံဖန် ကာကွယ်လိုက်ရတာပဲ။ အိမ်သာထဲကကုပ်ချောင်းကုပ်ချောင်းထွက်၊ လမ်းမပေါ်ကို ဖြစ်တဲ့နည်းနဲ့ရောက်အောင်ထွက်ပြီး တွေ့ ရာအငှားကားပေါ် အပြေးတက်၊ အိမ်ကို ဒလမန်းကြမ်း တမ်းပြန်လာခဲ့ပါတယ်။ အိမ်ရောက်ရောက်ချင်းပဲ အမန်ဒါ့ဖုန်းကိုခေါ်ပေမယ့် ကျွန်တော် သိပ်နောက်ကျသွားပြီ ..... သူဖုန်းကို မကိုင်တော့ပါဘူး။
အခု ဒီစာကို ဖတ်နေကြတဲ့ ခင်ဗျားတို့ကို ပြောချင်တာကတော့ ကျွန်တော် ယောက်ျားမဆန်ပဲ ကောင်မလေးတစ်ယောက်ထဲကို bar မှာထိုင်ခိုင်းပြီး ပစ်သွားခဲ့တာမဟုတ်ပါဘူး။ အဲဒီလို စိတ်ကူးမျိုးလည်း နည်းနည်းမှမရှိရိုး အမှန်ဆိုတာကို ယုံပေးကြပါခင်ဗျာ။ ပြီးတော့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်များ အမန်ဒါနဲ့ တွေ့ဖြစ်တယ်၊ လူချင်းမဟုတ်တောင် ဖုန်းနဲ့ပဲဖြစ်ဖြစ် စကားပြောချင်ကြတယ်ဆိုရင် ... ကျွန်တော့် အကြောင်းလေးကို အကျိုးသင့် အကြောင်းသင့် ပြည့်ပြည့် စုံစုံ ရှင်းပြပေးပါလားခင်ဗျာ ... တဆိတ် တဆိတ်။ ကျွန်တော် ခေါ်သမျှဖုန်းကို သူမကိုင်တော့လို့ပါ။

ရွှေစူး
29.6.2010
(02:43 AM)
===
အင်တာနက်တွင် မထင်မှတ်ပဲ တွေ့ လိုက်ရသော အမည်မသိ Facebook User တစ်ဦး၏ ကိုယ်တိုင်ရေး စာစုကို အားလုံးနီးပါး ဘာသာပြန်ပြီး ရွှေစူးမှ စိတ်ကူးဖြည့်စွက် တင်ပြသည်။
Acknowledgment: Irritable Bowel Syndrome အား မြန်မာမှု မပြုတတ်သဖြင့် ဆရာအတ္တကျော်မှ အဓိပ္ဗါယ်ဆီလျော်စွာ ကျေးဇူးပြုပါသည်။ Source
Comments (4)
It's really funny but poor guy...=D
so funny .. နည်းနည်းလေးပဲလွဲတာပါ .. လွဲလွဲလေးပဲကောင်းပါတယ် .. :P
When I started reading it, I was like "Ewww". I'm sorry, but it's really funny.
စိတ်ဝင်စားစရာလေး။။ ဇတ်လမ်းက ..