Tuesday, 25 May 2010

  • သင်ပေးခဲ့ပါ

    “ ဟုတ်ကဲ့။ အခုလို စေတနာနဲ့   ပြောတဲ့အတွက် စန္ဒာလည်း အများကြီး ကျေးဇူးတင်ပါတယ်။ သွားလိုက်ပါဦးမယ်။ ”

    “ ........    ”


    သူ ရည်းစားစကားပြောဖို့ ဒီလိုချိန်းသည်ဆိုတာလည်း ကျွန်မသိပါသည်။ သိသိရက်နဲ့ သွားခဲ့သော့   ကျွန်မကလည်း သူ့ကို  တိတ်တခိုးငြိတွယ်နေခဲ့လို့  ဖြစ်သည်။ အမြဲတစေ လူကြီးလူကောင်းပုံစံနှင့် အသက် ၂၃ နှစ်နှင့်မျှ မလိုက် စတိုင်ဘောင်းဘီအမည်းနှင့် ရှူးဖိနပ်အမည်းကိုသာ အခါမလပ် (အခုလို ပူလို့ လူတွေသေနေကြတဲ့ရာသီဥတုကြီးမှာတောင်)  ၀တ်ဆင်တတ်သော၊ စကားပြောလျှင် ကျွန်တော်ဟုသာ အမြဲနာမ်စားသုံးတတ်သောသူတစ်ဦးက ကျွန်မကို အခုလို ချစ်စကားဆိုတော့မည် ( ဟု ကျွန်မထင်ထားမိသော) အချိန်တွင် ကျွန်မ တစ်ညနေလုံး စိတ်ကူးယဉ်ရင်း ရင်တွေ ခုန်နေမိသည်ပေါ့။ ကျွန်မ အစ်မ အလုပ်လုပ်သော ရုံးသို့   ခဏခဏ သွားတတ်သော ကျွန်မနှင့်  မမရုံးသို့   အ၀င်အထွက်များသော၊ မမနှင့်လည်း မောင်နှမလို ရင်းနှီးသော သူ ယခုလို ရင်းနှီးခင်မင်ခဲ့ရသည်မှာ ဇာတ်လမ်းဖွဲ့စရာ မရှိပါ။ ဖွဲ့စရာရှိသည်က သူကျွန်မကို ဘယ်လိုပြောသလဲဆိုတာသာဖြစ်သည်။

    အထူးတလည် မွမ်းမံ၍ ချစ်သူစုံတွဲများသာ လာတတ်သော့ ယခုလိုဆိုင်ကလေးသို့  သွားစားရအောင်ပါ ဟုခေါ်လာကတည်းက ရွှေစွန်ညို  မထွေးကိုလိုလို့ ၀ဲ ခဲ့မှန်း ကျွန်မအသိသားပေါ့။ အဲဒီ့ဆိုင်လေးက တော်တော်လေးချစ်ဖို့ကောင်းသည်။ တသွင်သွင်စီးနေသော စမ်းချောင်းသဖွယ် ရေအိုင်လေးနှင့် .. ရေပေါ်မှာ ရေစိုခံ မီးခွက်လေးတွေကလည်း တမင်ဖန်တီးယူထားရသည့်  ရေလျဉ်နှင့်အညီ အလိုက်သင့် ယိမ်းနွဲ့ ကာလှုပ်ရှားနေသည်။  သူ ကြိုတင်ပြီး နေရာယူထားသည့်စားပွဲက  ရေကန်လေးနှင့် မနီးမဝေးမှာ။ ထို ၂ ယောက်စာ ညစာစားပွဲကို ဖယောင်းတိုင်မီးထွန်းပြီး စားရခြင်းဖြစ်သည်။ ကျွန်မ စိတ်ထဲမှာ အဆန်းလို့ မထင်မိတော့တာ အိမ်မှာ မီးခဏခဏ ပျက်လွန်းလို့ပဲဖြစ်မည်။ သို့သော် ထွန်းထားသည့် ဖယောင်းတိုင်နှင့် မီးထွန်းခွက်၊ မီးအုပ်ဆောင်းကလေးတွေကတော့ဖြင့် နိုင်ငံခြားဖြစ်များမှန်း မြင်ရုံနှင့် သိသာလှသည်။ ထိုညစာစားပွဲကလည်း ယစ်မူးချင်စရာ သာယာလွန်းနေခဲ့သည်။

    'You look beautiful today' ဟု သူပြောလိုက်တုန်းက တစ်နေ့ခင်းလုံး၊ တစ်ညနေလုံး အ၀တ်အစားရွေးရ၊ မိတ်ကပ်လိမ်းရသဖြင့် ကုန်သွားသော အချိန်တွေအတွက် တန်ဖိုးရှိသွားသလိုခံစားရသည်။ သူကတော့ အလုပ်က တန်းလာပုံရပါသည်။ ရုပ်ရှင်ထဲက၊ စာအုပ်ထဲက မင်းသားတွေလို ရေချိုးပြီးစလို လန်းဆန်း လတ်ဆတ် မနေသော်လည်း ထုံးစံအတိုင်း ရှပ်အကျီ လက်ရှည်ကို တံတောင်ဆစ်တွင်ခေါက်လျက်၊ ဘောင်းဘီနှင့်ရှူးနှင့် သပ်သပ်ရပ်ရပ်ရှိပါသည်။ ပေါ့ပေါ့ပါးပါး၊ လူငယ်ဆန်ဆန် ၀တ်လေ့ရှိသော ကျွန်မ သူနှင့် ယှဉ်လိုက်လျှင် တစ်ခါတစ်ခါ သိမ်ငယ်သလိုခံစားရသည်။

    အပြင်အဆင်က အနောက်တိုင်းဆန်သော်လည်း သူက အနောက်တိုင်းသားတွေလို မိန်းကလေးကို ဦးစားပေးပြီး ကျွန်မကို ဘာစားမလဲ မမေးပါ။ သူ့သဘောနှင့်သူ သင့်လျော်မည့်ဟင်းလျာနှင့် အချိုပွဲမှာပေးပါသည်။ ကျွန်မကို လာခေါ်တုန်းကလည်း အကောင်း၊ ဆိုင်မှာထိုင်တုန်းကလည်း သူ့ မျက်နှာ ကြည်ကြည်လင်လင်ရှိသော်လည်း စ တင်စားသည့်အချိန်ကစ၍ သူ့မျက်နှာ တဖြည်းဖြည်း ပျက်လာပါသည်။ ဟင်းတွေများ မကောင်းလို့လား .....။ ဟင်းမကောင်းရအောင်ကလည်း ကျွန်မဖြင့် တစွန်းတစမှတောင် ၀င်ပါတာမဟုတ်ပဲနှင့်။ သူ့ချည်းပဲ သူ့သဘောမှာခဲ့သည်ပဲဖြစ်သည်။ သူစားချင်တာကြိုက်တာပဲ မှာခဲ့လိမ့်မည်ဟု ကျွန်မ ယုံကြည်ပါသည်။

    “ ဟယ် ဟင်းတွေက အကုန်လုံး အပျံစားတွေချည်းပဲ။  အခုလို လိုက်ကျွေးတာ အရမ်းကျေးဇူးတင်ပါတယ်” ဟု ကျွန်မဘက်က ၀မ်းသာအားရပြောတုန်းကတောင် သူက အင်း ဟုသာဆို၍ ခေါင်းညိမ့်ပြသည်။

    သူ့မျက်နှာ ဘာလို့များ တစ်စထက် တစ်စ ပိုပို ပျက်လာရသလဲဟု ကျွန်မစဉ်းစား၍မရပါ။ မိန်းကလေးတစ်ယောက်နှင့် အခုမှ ပထမဆုံးထမင်းစားဖူးလို့ ရင်ခုန်ပြီးမျက်နှာပျက်နေတာတော့ မဖြစ်ရေးချ မဖြစ်နိုင်ပါ။ အလုပ်သဘောအရ သူ့ထက်ကြီးသော အမျိုးသမီးများစွာနှင့်ပင် ပြောဆိုဆက်ဆံနေဖူးတာ ကျွန်မ အသိပဲဖြစ်သည်။ ဒါဆို ကျွန်မကို ရည်းစားစကား ပြောကာနီးများမို့လား။ အဲဒါတော့ နည်းနည်း ဖြစ်နိုင်မည်ထင်သည်။ ဒါပေမယ့် သူ့  ပုံစံကလည်း ရည်းစားစကားပြောဖို့   ကောင်မလေးကို ခေါ်လာပြီးမှ ဘာလို့ အီးမှန်သလို မအီမသာကြီးဖြစ်သွားရပါလိမ့်။

    စားပြီးသွားလို့ ပန်းကန်ကို သိမ်းသွားတော့လည်း သူ့မျက်နှာက ပျက်နေသည်။ စကားကလည်း တစ်ခွန်းမှမပြော။ အချိုပွဲလာချတော့ ကျွန်မရှေ့သို့ ပန်းကန်ကို တွန်းပေးသည်။ ဘယ်လိုလဲ ကိုမင်းမင်းရဲ့  အခုအချိန်မှာ ရှင်က ကျွန်မမျက်နှာကို ကြည့်ပြီး ကြည်နူးနေရမှာမဟုတ်ဘူးလား။ အို .. ဒါမှမဟုတ် .. မနိုင်ရင်ကာ ဈေးကြီးတဲ့ဆိုင်မျိုးကို ခေါ်လာ၊ သူ့ဟာသူ မှာချင်တာမှာပြီး ပိုက်ဆံတွေတအားကုန်တော့မှာ စိုးရိမ်နေသလားမသိ။
    ကျွန်မ အချိုပွဲစားတော့ သူကျွန်မကို တစ်ချက်ကြည့်သည်။ ကျွန်မ ပြန်မော့ကြည့်လိုက်တော့ မျက်နှာလွှဲသွားလေသည်။ အဲဒါဘာသဘောလဲ။ ဖျတ်ကနဲမြင်လိုက်ရသော သူ့မျက်ဝန်းတွေထဲမှာ စိတ်ပျက်သလို အရိပ်လေးစွန်းစွန်းတွေ့လိုက်ရမိတာ ကျွန်မ ဘာများအမှားလုပ်လိုက်မိလို့ပါလိမ့်။

    အချိုပွဲသိမ်းသွားတော့ သူကျွန်မကို စေ့စေ့ကြည့် သည်။ သူ့ မျက်နှာမှာ တစ်စုံတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်ရတဲ့ သေချာမှုတွေနဲ့။  ရှင်ကျွေးတာကိုစားပြီးမှတော့လည်း ရှုင်ပြောတာကို နားထောင်ရတော့မှာပေါ့လေ။ ခက်တာက ဒီလိုနေရာမျိုး၊ ဒီလိုအချိန်မျိုးမှာ ဒီလိုစကားစလာခဲ့ပြီဆိုလျှင် ဒါမျိုးပဲပြောတတ်တာကို ကျွန်မ ခန့်မှန်းလို့ရနေခြင်းပဲဖြစ်သည်။

    “ကျွန်တော် စန္ဒာ့ကို ပြောစရာရှိတယ်”

    သိသားပဲ။ ကောင်လေးတွေက ဒီလိုပဲစကား အဖွင့်ကို ဒီအတိုင်းပဲ ကိုးဆယ့်ကိုးရာခိုင်နှုန်းဖွင့်ကြတယ်ဆိုတာ။

    “ကျွန်တော့ ပြောမယ့် စကားကြောင့်၊ စန္ဒာ ကျွန်တော့်ကို စိတ်ဆိုးချင်လည်း ဆိုးသွားလိမ့်မယ်။ နောက်တစ်ခါ ပြန်မတွေ့ချင်လောက်အောင်လည်း ရှက်ချင် ရှက်သွားလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ရင်းထဲက စကားအတိုင်း ကျွန်တော်ပြောမှာပါ”

    အခုလို စကားအတွက် ကျွန်မ စကားတစ်ခုခု ပြန်ပြောစရာလိုပါသလား။ မလိုဘူးထင်၍ ကျွန်မ ဘာမှမပြောပါ။ ရုပ်ရှင်ထဲက မင်းသမီးလိုလည်း ခေါင်းငုံ့မနေမိပါ။ သူ့မျက်လုံးထဲကိုသာ ကျွန်မတည့်တည့်စိုက်ကြည့်နေမိသည်။  ကျွန်မ ကြည့်နေသည့်မျက်လုံးထဲတွင်  တွန့်ဆုတ်မှုများကို သတိထားမိပါသည်။

    “ပြီးတော့ စန္ဒာကို တစ်ခု အသိပေးချင်သေးတာက .. ဒီစကားက ကျွန်တော် ပြောဖို့  ရည်ရွယ်ထားတဲ့၊ စီစဉ်ထားတဲ့စကားမျိုးမဟုတ်ဘူး”

    ဒါကတော့ သူညာတာပဲဖြစ်မည်။ ဘာလို့လဲဆိုတော့ ... စီစဉ်ထားလို့ပဲ ဒီဆိုင်မျိုးကို ခေါ်လာတာမဟုတ်ဘူးလားလို့။  သို့သော် ကျွန်မ ရှေ့ဆက် နားထောင်နေလိုက်ပါသည်။

    “ စန္ဒာကိုယ်တိုင်ကတော့ သတိထားမိချင်မှလည်း ထားမိလိမ့်မယ်။ စန္ဒာ့ကိုလည်း လူတွေက ပြောပြချင်မှ ပြောပြလိမ့်မယ်။ အဲဒါ့ကြောင့် ကျွန်တော်ကပဲ စန္ဒာ့ကို ပြောပြလိုက်မယ် လို့ ဆုံးဖြတ်လိုက်တာပါ”

    သူစကားတော်တော်ရှည်ပါသည်။ စကားပလ္လင်ခံနေတာနှင့်တင် သူ့စကားက ရင်ခုန်စရာကောင်းတာကနေ တဖြည်းဖြည်းလျော့လာသည်။

    “ပြီးတော့ ဒီစကားက ကျွန်တော်အစက ပြောဖို့  ရည်ရွယ်ထားတဲ့စကား မဟုတ်ပါဘူးဆိုတာ နောက်တစ်ခေါက် ထပ်ပြောပါရစေ။ ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်ကို ပြောသင့်တဲ့ စကားမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခု ညစာ စားနေခဲ့တဲ့ တောက်လျောက်မှာ  စန္ဒာစားတဲ့အခါ.. ပျပ် ပျပ် .... ပျပ် .. ပျပ် ပျပ် .လို့   တရစပ်ကို မြည် နေခဲ့တာကို ကျွန်တော် သတိထားမိတယ်။ မြည်ရတဲ့အကြောင်းရင်းကတော့  ပါးစပ် မပိတ်လို့ပါ။ စန္ဒာ့ကို ကျွန်တော် နောက်တစ်ခေါက် ဘယ်နေရာမှာပဲ  အိမ်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေနဲ့ ပဲဖြစ်ဖြစ် ထမင်းစားတဲ့အခါ ပါးစပ်ပိတ်ပြီး စားဖို့  အကြံပေးပါရစေ။ အဲဒီ့ အသံက အခုလို နှစ်ယောက်သား တိတ်တိတ် ဆိတ်ဆိတ် စားရတဲ့ ညစာစားပွဲလိုနေရာမှာ ကျွန်တော့်စိတ်ကို တော်တော်လေး အနှောက်အယှက်ပေးခဲ့ပါတယ်။ ကျွန်တော့ စန္ဒာ့ကို အခုလိုပြောပြလိုက်တာက ကျွန်တော့် ဘ၀အတွက် စန္ဒာနဲ့ စိတ်ကူးယဉ်ထားတဲ့ စိတ်ကူးကို ကိုယ့်ဟာကိုယ် ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲပေါ့။ ဒါပေမယ့် စန္ဒာ့ကို အသက်ကြီးလာတဲ့အထိ လူကြားသူကြားမှာ စားတဲ့အခါ လူတွေ စိတ်ထဲက နှာခေါင်းရှုံ့  စရာ မဖြစ်စေချင်လို့ပါ။”

    “ ဟုတ်ကဲ့။ အခုလို စေတနာနဲ့   ပြောတဲ့အတွက် စန္ဒာလည်း အများကြီး ကျေးဇူးတင်ပါတယ်။ သွားလိုက်ပါဦးမယ်။ ”

    ထိုညစာသည် ထိုမျှနှင့်ပင် အဆုံးသတ်ခဲ့လေသည်။


     < < < <---------------------------------------------------------------------------> > > >




Comments (2)

  • anonymous

    nice one! 

  • anonymous

    ဗုဒ္ဓေါရေ....... 

    ကောင်းတယ် ညီမလေး။ အခုလို ဘလော့ပြန်ရေးတာကို တော်တော်ဝမ်းသာပါတယ်ဗျာ

  • Choose Identity

  • Give eProps (?)

Who recommended?