Wednesday, 17 February 2010

  • တလွဲ ...

    ကျွန်မ ခဏခဏ တလွဲတွေလုပ်သည်။ ထင်ရာမြင်ရာပြောသည်။
    တစ်ချို့ကိုတော့ လူကြီးတွေ မေ့သွားပြီး တစ်ချို့ကိုတော့ ဒီကနေ့ထက်ထိ မှတ်မှတ်ရရပြောနေတုန်းပဲဖြစ်သည်။

    ကျွန်မ ၇ နှစ် ၈ နှစ်သမီးအရွယ်တုန်းက ကျွန်မအဖေ အစိုးရဌာနတစ်ခုတွင် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဆဲကာလကဖြစ်သည်။ ထိုနေ့က မှတ်မှတ်ရရ စနေနေ့ဖြစ်သော်လည်း ကျွန်မ အဖေ အလုပ်သွားရသည့်နေ့ဖြစ်သည်။ သွားရသောအကြောင်းအရင်းမှာ ပြင်သစ်နိုင်ငံမှတင်သွင်းလာသော ကြက်ဥများကို၊ ထိုင်းနိုင်ငံတွင် အကောင်ဖောက်၍ မြန်မာပြည်သို့  ကြက်အကောင်ပေါက်ကလေးများ တင်သွင်းလာသည်ကို သွားကြိုရန်၊ ထိုမှတဆင့် တောင်ပေါ် အထူးမွေးမြူရေးစခန်းသို့ သယ်ပို့ သည်ကို စီစဉ်ရန်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်အတွက် တင်သွင်းသော ထိုကြက်ဥသည် တစ်လုံးလျှင် (၁၈) ဒေါ်လာ ပျမ်းမျှ ကျသည်။ အကောင်ပေါင်း သောင်းနှင့်ချီ၍ သွင်းသောကြောင့် အသေအပျောက်၊ အလေအလွင့် နည်းနိုင်သမျှနည်းအောင် အထူးကျပ်မတ်ကိုင်တွယ်ရန် အလွန်လိုအပ်ပါသည်။ ထို့ကြောင့်ပင် မေမေက V.I.P ဟုတင်စားပြောခြင်းဖြစ်မည်။

    ယာဉ်မောင်းဖြစ်သော ဦးလှသိန်းအိမ်ပေါ်တက်လာတော့ မေမေက လှမ်းမေးလိုက်သည်။

    “မောင်လှသိန်း ... မင်းတို့ဆရာ ဒီနေ့   V.I.P ကြိုရမှာမဟုတ်လား” မေမေက နောက်ပြောင်၍ပြောခြင်းဖြစ်ပြီး၊ ဦးလှသိန်းကလည်း မေမေ့ ကိုယ်ဟန်အမူအရာနှင့် အတောင်ပံခတ်ပုံ လုပ်ပြသည်ကိုမြင်၍ မေမေ့ဟာသကို သဘောပေါက်ပြီး ရယ်ကာ ခေါင်းငြိမ့်ပြသည်။ သဘောမပေါက်သည်မှာက ကျွန်မဖြစ်သည်။  ထိုစဉ်က V.I.P ဟုဆိုလျှင် အကြီးအကဲဟုသာ ကျွန်မ သဘောပေါက်ခဲ့ပုံရပါသည်။

    အဲဒီ့နေ့  နေ့လည် ... အိမ်တွင် ဖုန်းမြည်လာသည်။ ထိုဖုန်းကို မေမေ ကိုင်ပါသည်။ မေမေ့နှင့် ဖေဖေ့ သူငယ်ချင်းတစ်ဦးထံမှဖြစ်သည်။ ထိုအန်တီသည် ကျွန်မအဖေနှင့် တစ်တန်းတည်းကျောင်းတက်ခဲ့ပြီး၊ ၀န်ကြီးဌာနတစ်ခုတည်း၏အောက်မှာ အလုပ်လုပ်သူဖြစ်သည်။ သို့သော် တခြားဌာနတစ်ခုစီမှဖြစ်သည်။

    မေမေက

    “အေး .. ညည်းသူငယ်ချင်းကြီးတော့ V.I.P သွားကြိုတယ်အေ့” ဟုပြောသံကြားရသည်။

    ဟိုအန်တီသည်လည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်းမို့  မေမေဆိုလိုသည်မှာ အရေးကြီးသောကြက်မျိုးပေါက်ကလေးများကို သွားကြိုကြောင်း သဘောပေါက်ပါလိမ့်မည်။ သို့သော် ကျွန်မနားထဲတွင်တော့ ထပ်ဆင့် အတည်ပြုချက်ရသွားပုံရသည်။


    ခဏနေတော့ မေမေပါ အပြင်ထွက်သွားသည်။ ထိုအချိန်တွင် တယ်လီဖုန်းထပ်မြည်လာတော့ ဖြေရမည့်သူမှာ ၈ နှစ်အရွယ် ကျွန်မသာ ကျန်ပါတော့သည်။ အခုတစ်ခါဆက်သောသူသည် ကျွန်မအဖေအလုပ်လုပ်သော ဌာန၏အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူးပင်ဖြစ်သည်။ ထိုဌာနတွင် သူသည် အကြီးဆုံးဖြစ်သည်။ ထိုဘဘနှင့် ကျွန်မ တော်တော်ရင်းနှီးပါသည်။ ကျွန်မအဖေကို အမြဲတစေ ဒေါက်တာတပ်ခေါ်တတ်ပြီး၊  ကျွန်မနှင့်စကားပြောလျှင် သူ့ကိုယ်သူ အန်ကယ်က၊ အန်ကယ်ကဟု ပြောလေ့ရှိသည်။ ကျွန်မကတော့ သူ့ကို ထုံးစံအတိုင်း “ဘဘ” ပဲခေါ်သည်။


    “ဟဲလို”

    “ သမီးလား၊ အန်ကယ်ပါ ...။ ဒေါက်တာရှိလား”  (သူပြောခဲ့တုန်းကတော့ အန်ကယ်ဘယ်သူဘယ်ဝါပါ၊ ဒေါက်တာဘယ်သူဘယ်ဝါရှိလားဟု မေးခဲ့ခြင်းဖြစ်သည်။ သို့သော် နံမည်များကိုတော့ ဖြုတ်ခဲ့ပါရစေတော့။)

    “ မရှိပါဘူး ဘဘ။ လေဆိပ်သွားပါတယ်။ ”

    “ သြော် ... အေးအေး ဟုတ်လား” 

    (တကယ်တော့ ထိုဘဘက ကြက်ရောက်မရောက်၊ အခြေအနေကို လှမ်းမေးခြင်းဖြစ်သည်။ ကျွန်မကလည်း လေဆိပ်လောက်နှင့်တင် ရပ်ခဲ့ဖို့ကောင်းသည်။ သို့သော် ကျွန်မအလွန်လျှာ ရှည်ပါသည်။)

    “ ဟုတ်တယ်  ... ဘဘရဲ့   V.I.P သွားကြိုတာတဲ့။”

    “ ခင်မျာ ”

    “ ဟုတ်။  ဒေါ် ..... တို့  ၊  ဒေါ် .....  တို့ကို သွားကြိုတာလေ” 

    “ အေးအေး ဟုတ်လားသမီး။ ဒါပဲနော်။”

    ကျွန်မဒေါ်တပ်ပြောလိုက်သောသူများမှာ၊ နိုင်ငံတော်ကောင်စီဝင်တို့ ကတော်များဖြစ်သည်။ ကျွန်မကလည်း ဘယ်လိုအစွဲနဲ့  နံမည်ပါတပ်ပြောလိုက်လဲမသိ။
    ဟိုလူကြီးလည်း ဘယ်လိုထင်သွားလဲမသိ။ စကားဖြတ်ပြီးတော့ ခပ်မြန်မြန်ဖုန်းချသွားသည်။

    ခဏနေတော့ ကျွန်မအဖေ ပြန်ရောက်လာသည်။

    “ ဒယ်ဒီ ... ဘဘ ... ဖုန်းဆက်တယ်”

    “ ဟုတ်လား သမီး။ ဘာပြောလိုက်လဲ ”

    ကျွန်မက ကျွန်မဘာပြောလိုက်သည်ကို တစ်လုံးချင်းစီ ပြောပြတော့ ကျွန်မအဖေခမျာ

    “ဗုဒ္ဓေါ သမီးက တကယ်အဲလိုပြောလိုက်တာလား”

    အဲဒီ့တုန်းကတော့ ကျွန်မ  ဘာလုပ်လိုက်သည်ကို နားမလည်သေးပါ။ အိမ်ကလူကြီးတွေလည်း ရယ်ရအခက်၊ ငိုရအခက်ဖြစ်သွားခဲ့သည်။
    ကံကောင်းထောက်မစွာ ထိုဘဘက ယနေ့ထက်ထိ ဒယ်ဒီ့ကို အဲဒီ့အကြောင်း ယောင်လို့ပင်စကားမစပ်ခဲ့ပါဟု ဒယ်ဒီကဆိုပါသည်။




Comments (2)

  • anonymous

    Sue Sue ..,
    အရမ်းစာရေးကောင်းတယ် .. ၀မ်းသာတယ် တကယ်ပြောတာ
     အမကိုကောမှတ်မိလား?

  • chitsuelay

    @Kwo Ma - မကူးမ ... အဆက်အသွယ်ရချင်နေတာကြာပြီ။ ဘယ်လိုသိလဲ ဒီဆိုဒ်ကလေးကို။ အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

  • Sign in to Comment

  • Give eProps (?)

Who recommended?