Thursday, 18 February 2010

  • သူငယ်ချင်း PEK

    ကျွန်မရေးထားတဲ့သူငယ်ချင်းအကြောင်းတွေကိုဖတ်ပြီး သူ့အကြောင်းမပါလို့   “နင်က ငါ့အကြောင်းကျတော့ မရေးဘူး” လို့    နှုတ်ခမ်းစူပြီး  ပထမဆုံး ပြောမယ့် သူငယ်ချင်းမတစ်ယောက်ရှိပါတယ်။
    သူမဖတ်ခင် သူ့အကြောင်းရေးထားမှ တော်ကာကျလိမ့်မယ်။

    သူ့နံမည်ကတော့ “ဖြိုး” လို့ခေါ်ပါတယ်။ ဒါပေမယ့် နံမည်နဲ့ မလိုက်ဖက်စွာပဲ ပိန်ပိန်သွယ်သွယ်လေး။ ဖြိုးကို သူငယ်ချင်းတွေထဲမှာ “ကလေး” “ကလေး” ဆိုပြီး ၀ိုင်းစတဲ့အတိုင်း သူက ဒီနေ့ထက်ထိ ၁၆ နှစ်သမီးအရွယ်အတိုင်း ကလေးဆန်ဆန် ဆိုးတုန်း၊ နွဲ့တုန်း၊ စိတ်ကောက်တုန်းပဲ။ ဒါပေမယ့် အဲဒီ့ ကလေးဆန်တဲ့ ဖြိုးကပဲ ကျွန်မကိုဆိုရင် တော်တော်လေး သည်းညည်းခံရှာပါတယ်။ တော်တော်လည်း အတွဲညီခဲ့တဲ့ သူငယ်ချင်း ၂ ယောက်လည်း ဖြစ်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်မတို့  ၂ ယောက် အလုံးတူ၊ အရပ်တူ၊ ဆံပင်ပုံစံအတူတူ၊ မျက်နှာလုံးတာချင်းအတူတူ၊ အရပ်ရှည်တာ၊ ပိန်တာချင်းလည်းအတူတူ၊ ရယ်ပုံချင်းကလည်း အတူတူနဲ့   ကျွန်မတို့  ၂ ယောက်ကို မသိတဲ့သူတွေက “အမွှာညီအစ်မလား” လို့ မေးတတ်ပြီး၊ အကြောင်းသိသူငယ်ချင်းတွေကလည်း တစ်ခါတစ်ခါ ဟိုအမွှာ ၂ ယောက်လို့ နာမ်စားသုံးတတ်ပါသေးတယ်။ တကယ်ပဲ ဆင်တဲ့ ကျွန်မတို့ နှစ်ယောက်ကို ကျွန်မအဖေနဲ့ အမေက သတိလက်လွတ် ၂ ခါလောက် မှားဖူးပါတယ်။ အထူးသဖြင့် ဖြိုးက ကျွန်မအိမ်လာအိပ်တဲ့နေ့တေ၊ လာလည်တဲ့ခဏတဖြုတ် အချိန်တွေမှာ ကျွန်မ ၀တ်တတ်တဲ့ အိမ်နေရင်း အကျီကိုဖြိုးဝတ်ထားတဲ့အခါ အမေတို့အဖေတို့က ကျွန်မမှတ်လို့  စကားလှမ်းလှမ်းပြောမိတဲ့အထိ ကျွန်မတို့ ၂ ယောက်က ဆင်ပါတယ်။  ဖြိုးက ကျွန်မအိမ်ကို ခဏခဏ လာလည်ပြီး ညအိပ်ရတာ ပျော်သလို  သူ့အိမ်ကိုလည်း ညအိပ်ညနေ လာလည်ဖို့  မကြာခဏဆိုသလို ခေါ်တတ်ပါတယ်။ သူလာအိပ်ရပြီး ကျွန်မ ပြန်သွားမအိပ်ဖြစ်သေးရင် နှုတ်ခမ်းစူပြီး စကားနာလည်း ထိုးတတ်သေးတယ်။ ခုထိလည်း အဲဒီ့အကျင့် မပျောက်ဘူး။ တကယ်တော့ သူ့အိမ်နဲ့ကျွန်မအိမ်နဲ့ ဘတ်စကားစီးသွားရင် မိနစ် ၂၀ လောက်စီးရပြီး၊ ကားမောင်းသွားရင် ငါးမိနစ်ပဲကြာပါတယ်။ တကယ်တော့ ငမိုးရိပ်ချောင်းတစ်ခုပဲ ခြားတာပါ။ မြောက်ဒဂုံက ကျွန်မအိမ်နဲ့၊  တောင်ဥက္ကလာက ဖြိုးရဲ့အိမ်က ဗေလီတံတားဖြတ်တာနဲ့  ရောက်ပြီလို့ပြောရလောက်အထိ နီးပါတယ်။ အဲဒီလောက်နီးနီးလေးကိုပဲ ကျွန်မတို့   ညအိပ်ညနေ အိမ်လာလည်တဲ့အကျင့်ရှိတယ်။

    ဖြိုးကို ကျွန်မ အမြဲတမ်း လှောင်လေ့ရှိတာ တစ်ခုက သူ ဘတ်စကားမစီးရဲတာကိုပါ။ အဲဒါကြောင့် နောက်ပိုင်း ကျွန်မ နိုင်ငံခြားလည်းထွက်လာရော သူစာရေးတဲ့အထဲမှာ  “ ငါဘတ်စကားစီးပြီး သွားနေပြီ .... သိလား။ ကလေးမဟုတ်တော့ဘူး ” ဆိုတာမျိုးလည်း ကလေးဆန်စွာ ထည့်ရေးတတ်ပါသေးတယ်။ ကျွန်မက အမြဲကလေးလိုမြင်နေတဲ့ဖြိုးက ကျွန်မထက် (၅) ရက်ကြီးပါတယ်။ ရယ်စရာကောင်းတာတစ်ခုက ရတနာက လူကြီးဂိုက်ဖမ်းတတ်၊ အစ်မကြီးပုံစံအမြဲနေတတ်လို့   သူ့ကို “အမေ” တို့  “မာမီ” တို့ နောက်ပြောင်ခေါ်ပေမယ့် ရတနာက ကျွန်တို့ထက် (၁) လ ငယ်ပါတယ်။ ကျွန်မထက် (၅) ရက်တိတိကြီးများတောင် ကြီးတဲ့ ဖြိုးက တစ်ခါတစ်လေတော့ ၅ နှစ်လောက်ငယ်သလိုမျိုးတွေ၊ (၅) နှစ်သမီးလောက်တွေလုပ်လို့  ကျွန်မနဲ့  ရန်ဖြစ် ရတာတွေရှိပါတယ်။

    အဲဒီ့နေ့က ညနေ ၃ နာရီ ကျောင်းဆင်းပြီးသွားပေမယ့် ဖြိုးအိမ်က ကားလာ မကြိုသေးလို့  ကျွန်မတို့   ကျောင်းရှေ့က အုတ်ခုံပေါ်မှာ ထိုင်စောင့်နေကြတာပါ။ ကျွန်မတို့ဆိုတာ ကျွန်မရယ်၊ ဖြိုးရယ် နောက်ရွှေရည်လို့ ခေါ်တဲ့ သူငယ်ချင်းနောက်တစ်ယောက်ရယ်ပေါ့။ ကျွန်မတို့ ရဲ့ အရှေ့   မလှမ်းမကမ်း (ရှေးအခေါ်အရ ၀ါးတစ်ရိုက်စာမရှိတရှိလောက်မှာ) နာနတ်သီးသည်လား၊ သရက်သီးသည်လား (နောင်နောင်သည်တော့ နောင်နောင်သည်ပဲ) လှည်းနဲ့ရှိနေပါတယ်။ ဖြိုးက နာနတ်သီးစားချင်တော့ ကျွန်မကို ပြောပါတယ်။

    “ စိုးမြတ် ... ငါ နာနတ်သီးစားချင်လို့  လိုက်ခဲ့ပါလား” တဲ့။

    “ဟ ... အဲလောက် နီးနီးလေးကို ဘာလိုက်လုပ်ရမှာလဲ။ ကိုယ့်ဟာကိုယ်သွားဝယ်ပါလား” လို့   ကျွန်မက ဘုပြန်ပြောတော့ ဖြိုးက  နှုတ်ခမ်းစူပြီး ရွှေရည့်ဘက်လှည့်သွားပါတယ်။

    “ဒါဆို ရွှေရည် နင်လိုက်ခဲ့”

    ရွှေရည် ဘာမှပြန်မပြောနိုင်သေးခင် ကျွန်မကပဲ မနေနိုင်စွာ ကြားကနေဖြတ်ပြီး

    “ရွှေရည် လိုက်မသွားနဲ့။  ဒီလောက်နီးနီးလေးကို” လို့ပြောတော့ ဖြိုးက နှုတ်ခမ်းကြီးစူပြီး ကျွန်မဘက်လှည့်လို့

    “စိုးမြတ် ... နင်အဲလို စိတ်မပုပ်နဲ့ဟာ ”

    “ ဟဲ့ .. ဒါ စိတ်ပုပ်တာလား။ နင့်ဟာနင် ခြေလှမ်း ၅ လှမ်းလောက်လှမ်းလိုက်ရင် ရောက်နေပြီဟာကို။ မလှမ်းပဲ အခုအော်ပြောတောင် ကြားတဲ့ကိစ္စ”

    “တော်ပြီ ။ ငါ မစားတော့ဘူး” လို့  ပြောပြီး ဖြိုးက စူပုတ်ပြီးပဲ ထိုင်နေပါတယ်။

    အဲဒီ့နေ့က ဖြိုးက ကျွန်မကို အတိုက်အခံလုပ်ပြီး ရွှေရည့်ကို ခေါ်ပြီးသွားမစားသလို၊ သူ့ဟာသူလည်း ထသွားပြီး ၀ယ်မစားခဲ့ဘူး။ ကျွန်မက သူ့ကို အဖြစ်မရှိဘူးဆိုပြီး စရင်တော့ သူက “နင့်ကိုအမြင်ကပ်လို့ မသွားတာ သိလား” ဆိုပြီး ပြန်ပြောတတ်သူပါ။

    ဖြိုးနဲ့ ကျွန်မ စပြီးရင်းနှီးတာက တက္ကသိုလ်တက်ပြီး ဒုတိယနှစ်လောက်မှပါ။ ဒုတိယနှစ်တစ်နှစ်လုံး၊ တတိယနှစ်တစ်နှစ်လုံး ကျောင်းပိတ်ရက်များပါမကျန် ကျွန်မတို့ နှစ်ယောက် အတွဲညီညီ ရှိခဲ့ကြပါတယ်။ တတိယနှစ်မှာ ဖြိုးက ကျွန်မအိမ်ကိုလာပြီးမှ ကျောင်းအတူတူသွားဖြစ်ကြပါတယ်။ တစ်ခါတစ်လေ ဖြိုးရောက်မှ ကျွန်မက ထပြီး မျက်နှာသစ်၊ ရေမိုးချိုးတော့ ဖြိုးက ကျွန်မကို ကျောင်းသွားရင် ၀တ်ဖို့  အကျီတွေဘာတွေလဲ ထုတ်ပေးထားတတ်တယ်။ ကျွန်မအိပ်နေရင်လည်း သူမနှိုးရဲသေးဘူး။ အအိပ်ပုပ်တဲ့ကျွန်မက လာနှိုးရင် အော်ငေါက်လွှတ်တတ်လို့ ။

    အဲဒီ့နေ့က ဖြိုးမွေးနေ့ ။ ဒါပေမယ့် ဖြိုးနဲ့  ကျွန်မနဲ့  စိတ်ကောက်ပြီး မခေါ်ကြပြန်ဘူး။  အဲဒီ့မနက်စောစောမှာ ဖြိုးအိပ်ယာမနိုးခင် ဖြိုးအိမ်ကို ကျွန်မ အရောက်သွားပြီး၊ သူ့ကို မွေးနေ့လက်ဆောင်နဲ့  အံ့သြအောင်၊ စိတ်ဆိုးပြေဖို့ သွားချော့ခဲ့ပါသေးတယ်။ အိပ်ယာကမနိုးခင်ရောက်အောင်သွားပေမယ့် ကျွန်မနိုးတဲ့အချိန်မှာ ဖြိုးက မျက်နှာသစ်သွားတိုက်နေပါပြီ။ အဲဒီ့ သွားတိုက်နေတဲ့ ဗေစင် အနောက်ကိုတိတ်တိတ်လေးသွား၊ ဖြိုးက သူ့အရှေ့က မှန်ကို မော့ကြည့်တော့မှ ကျွန်မကိုမြင်တော့ တော်တော်လန့်သွားတာပါ။

    “ ဟယ် ... စိုးမြတ်။ ဘာလာလုပ်တာလဲ ”

    “ ဘာမှလာမလုပ်ဘူး။ ရော့ ဒီမှာ မွေးနေ့လက်ဆောင်လာပေးတာ။ ငါပြန်ပြီ”

    ဆိုပြီး ကျွန်မ တကယ်ပြန်ထွက်လာတော့ ဖြိုးက အနောက်က လိုက်ပြီး ရန်တွေ့ပါတော့တယ်။
    ကျွန်မကလည်း ပြုံးစိစိနဲ့  ပြန်လှည့်မကြည့်ပဲ ကားမောင်းထွက်လာတော့ ဖြိုးလည်း ဆူဆူဆောင့်ဆောင့်ပဲ ကျန်ခဲ့ပါတယ်။

    နှစ်တိုပေမယ့် အတွဲများခဲ့တာမို့  ဖြိုးနဲ့ကျွန်မအကြောင်းက ရေးစရာတော်တော်များများကျန်ပါသေးတယ်။ အခုလိုအပြေးအလွှားရေးလိုက်ရတဲ့အကြောင်းက သူ စိတ်ကူးပေါက်ပြီး အွန်လိုင်းတက်တဲ့အခါ၊ စိတ်ကူးပေါက်ပြီး ကျွန်မ ဘလော့လေးဝင်ဖတ်တဲ့အခါ သူ့အကြောင်းရေးမထားဘူး၊ တခြားသူငယ်ချင်းတွေအကြောင်းတော့ ရေးရသလားဆိုပြီး စိတ်လုပ်နေဦးမှာစိုးလို့။

    အချိန်ရမှ အားကျစရာကောင်းတဲ့ ဖြိုးအိမ်၊ ဖြိုးမိသားစုလေးအကြောင်း ဆက်ရေးဦးမယ်။





  • Sign in to Comment

  • Give eProps (?)

Tags

Who recommended?