ဆင်ရတနာ၊ မြင်းရတနာ၊ သားသမီးရတနာ ဆိုပြီး ကိုယ်တန်ဖိုးထားတဲ့သူတွေ၊ အရာတွေကို ရတနာ တပ်ခေါ်ကြပါတယ်။
ကျွန်မမှာလည်း “ရတနာ” တပ်ခေါ်ရမယ့် သူငယ်ချင်းတစ်ယောက်ရှိတယ်။
သူနဲ့ ကျွန်မနဲ့ စသိတဲ့နေ့က မှတ်မှတ်ရရ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းတော်ကြီး စဖွင့်တဲ့နေ့ ပါ။
အဲဒီ့နေ့မှာ ကျွန်မက ကျွန်မအမေနဲ့ ကျောင်းသားရေးရာနားမှာ ယောင်လည်လည်ကလေးဖြစ်နေခဲ့တယ်။ ဘယ်အခန်းမှာ သွားသင်ရမှန်း၊ ဘာမှန်းမသိဖြစ်နေတာပေါ့။
ရတနာလည်း (နောင်ကျ ကျွန်မကပါ လိုက်ပြီး “ပါးပါး” လို့ ခေါ်ဖြစ်တဲ့) သူ့ အဖေ နဲ့ အဲဒီ့နား တစ်ဝိုက်မှာရှိနေခဲ့တယ်။
ကျွန်မထင်တာ မမှားဘူးဆိုရင် လူကြီး ၂ ယောက်က စပြီး စကားပြောဖြစ်သွားတယ်ထင်ပါတယ်။ ရတနာနဲ့ ကျွန်မနဲ့ major အတူတူပဲဆိုတာ အဲဒီ့တော့ သိလိုက်ရတယ်။
အဲဒီ့အချိန်မှာ သူ့နံမည်ကို ကျွန်မ မသိသေးပါဘူး။ ကျွန်မက နံမည်မေးတော့
“ နံမည် ဘယ်လို ခေါ်လဲ ”
“ ရတနာဆုဝေ ” လို ခပ်ပြတ်ပြတ်ပြောပြီး သူ ဟိုဘက်လှည့်သွားတယ်။
သူငယ်ချင်းတွေကို ရှာနေတာ ဖြစ်ရင် ဖြစ်မှာပါ။ ကျွန်မကတော့ အဲဒီ့အချိန်တုန်းက တော်တော် အမြင်ကပ်သွားတယ်။
စိတ်ထဲမှာ အချိုးမပြေဘူးလို့ ခံစားရလို့။
ဆိုတော့ ရတနာဟာ ကျွန်မ တက္ကသိုလ် စတက်တက်ချင်းနေ့မှာပဲ ပထမဆုံးခင်တဲ့ သူငယ်ချင်းပါ။
၃ နှစ်တောက်လျှောက် ကျွန်မ ကို မကြာခဏ စိတ်ကောက်၊ စိတ်ဆိုး လုပ်ပေမယ့် ကျွန်မ လိုအပ်ရင် “ရတနာရေ့ ငါ့ကို ဒါလေး လုပ်ပေးပါ” လို့ပြောရင် ရအောင်လုပ်ပေးတတ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
အခုချိန်ထိလည်း ကျွန်မဘက်က အကြိမ်ကြိမ်ပျက်ကွက်ပေမယ့် သူ့ဘက်ကတော့ သူငယ်ချင်းဝတ္တရား အစွမ်းကုန်ကျေတုန်းပါပဲ။
ရတနာ့ ၀ါသနာက သူငယ်ချင်းတွေဆီကို စာရေး စာပို့လုပ်တာပါ။
ကျောင်း ၂ လပိတ်ရင် ရတနာ့ဆီက စာ ၄ စောင်လောက်ရပါတယ်။ ရန်ကုန်မြို့ထဲမှာအချင်းချင်းနေတဲ့ သူအချင်းချင်းကို သူမပျက်မကွက် စာရေးတယ်။
ကျွန်မတစ်ယောက်တည်းကို ရေးတာမဟုတ်ပဲ၊ သူ့မှာရှိသမျှ သူငယ်ချင်းအကုန်လုံးကို ရေးတာပါ။ ရတနာ့ဆီမှာ စာရေးတဲ့ စာရွက်လှလှလေးတွေ၊ စာအိတ်လှလှလေးတွေ၊ ဘောပင်အရောင်မျိုးစုံ အကုန်ရှိပါတယ်။
စာတိုက်ကို လုပ်ကျွေးနေသလားလည်းအောက်မေ့ရအောင် ဂဒီး ဂဒီသွားတတ်တဲ့သူပေါ့။ သူအသွားအများဆုံး စာတိုက်က၊ တက္ကသိုလ်ရိပ်သာလမ်းက စာတိုက်ပါ။ တစ်ခါတစ်ခါ စာရေးမ အချိုးမပြေဘူးဆိုပြီး သူ့ဆီက ပွစိပွစိပြောသံလည်း ကြားရပါတယ်။ (ရတနာရေ့ .. ငါ့ကို စိတ်မဆိုးကြေးဟေ့

)
ပထမနှစ်ဝက်ကုန် ကျောင်းပိတ်တော့ သူ ကျွန်မဆီ စာပို့လာပါတယ်။ ကျွန်မကလည် သူရေးတဲ့အစောင်တိုင်းကို စာပြန်ခဲ့တယ်။ ကျောင်းပိတ်ပေမယ့်လည်း သူနဲ့ကျွန်မနဲ့ စာအသွားအပြန်ရှိခဲ့တယ်။
အဲဒီ့တုန်းက သူကျွန်မကို ဖုန်းဆက်ရင်တောင် “ငါနင့်ကို စာပို့ထားတယ်” ဆိုတာမျိုး “နင့်အတွက် စာရေးထားတယ် ... လာယူ” ဆိုတာမျိုးလောက်ပဲ ပြောပြီး စာထဲမှာမှ သူပြောချင်တဲ့အကြောင်းတွေကို ရေးထားတာပါ။
ကျွန်မကလည်း သူ့ကိုရင်ဖွင့်ချင်ရင် စာထဲကပဲ တဆင့် ရင်ဖွင့်ပါတယ်။ ကျောင်းပိတ်တာတောင် စာတိုက်ကိုသွားပြီး စာပို့ တတ်ခဲ့တဲ့ရတနာက အခု အင်တာနက်ဆိုင်ထိုင်ပေမယ့် ကျွန်မနဲ့ အီးမေးလ်မပို့ဖြစ်တော့တာ ဘာလို့လဲလို့ ကျွန်မ မမေးဖြစ်ပါဘူး။ အသက်တွေကြီးလာတာနဲ့ အမျှ အလုပ်တွေ များနေတာပဲမဟုတ်လား။
ပထမနှစ်၊ နှစ်ဝက်ကုန်တော့ စာထဲမှာ ရေးခဲ့တဲ့အကြောင်းက ကျွန်မရည်းစားထားတော့မယ်ဆိုတဲ့အကြောင်းပါ။ ဒါမှမဟုတ် ရည်းစားထားဖြစ်မလား မသိဘူးဆိုတာမျိုး ရေးခဲ့တယ်။
ပထမနှစ်ရဲ့ ဒုတိယနှစ်ဝက်ရောက်တော့ ကျွန်မ ပထမဆုံးရည်းစား စထားဖြစ်ပါတယ်။ သူက ကျွန်မနဲ့ ရတနာ့ကြားမှာ တစ်သက်လုံးအမှတ်တရဖြစ်နေမယ့် တိုက်ဆိုင်မှုတစ်ခုလို့ ပြောရင်ရပါတယ်။ ဘာလို့လည်းဆိုတော့ ရတနာ့မွေးနေ့ နဲ့ သူ့မွေးနေ့က
၂ နှစ်အတိကွာပြီး တစ်လတည်း၊ တစ်ရက်တည်း ဖြစ်လို့ပါပဲ။ ရတနာက သူ့ထက် ၂ နှစ်အတိ ငယ်ပါတယ်။ ကျွန်မထင်တာ မမှားရင် မနှစ်ကအထိ ရတနာ့က သူ့ကို မွေးနေ့ဆုတောင်းအတွက် ဖုန်းဆက်ဖြစ်နေသေးတယ်။ ရတနာက သူ့ကို “ ၂ နှစ်အတိကွာတဲ့ ငါ့ရဲ့ အမွှာအစ်ကို” ဆိုပြီး ပြောဆိုတတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ရတနာက သူတို့ နှစ်ယောက် မွေးနေ့ လတုန်းက ရေခြားမြေခြားမှာ ရောက်နေတဲ့အတွက် သူ့ကို ဆက်ဖြစ်မယ် မထင်ဘူး။
ပထမဆုံးနေ့ကတည်းက သိကျွမ်းခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းဆိုပေမယ့် သိပ်မတွဲဖြစ်တာ ကျွန်မက ကျောင်းခဏခဏလစ်တတ်ပြီး သူကတော့ အတန်းမှန်မှန်တက်တဲ့သူမို့ပေါ့။ ကျွန်မစာအုပ်ထဲမှာ စာမရှိမှာ မပူရတာ ရတနာရှိနေလို့ပါ။ ကျွန်မတင်မဟုတ်ပါဘူး၊ ကျွန်မတို့အတန်းထဲက ဘယ်သူပဲဖြစ်ဖြစ် ကျောင်းခေါ်ချိန်မပြည့်မှာ၊ ကျူတိုရီရယ်ရှိတာ မေ့မှာ၊ စာမေးပွဲကြေးသွင်းဖို့၊ စာမေးပွဲဖြေခွင့်တင်ဖို့ ဆိုတာတွေ တစ်ခုမှ ပူစရာ မလိုခဲ့ပါဘူး။ အချိန်တန်ရင် ရတနာက စာရွက်နဲ့ ဘောပင်တစ်ချောင်းကိုင် နံမည်ရေး စာရင်းမှတ်၊ ယူစရာရှိတာ တစ်ယောက်ချင်းစီက လိုက်ယူပြီး သူကိုယ်တိုင်သွား တန်းစီ၊ ငွေသွင်း အကုန်လုပ်ပေးပါတယ်။ သူငယ်ချင်းတွေကော၊ အတန်းထဲကသူတွေအတွက်ကော သူတစ်ယောက်တည်း ဒိုင်ခံလုပ်ပေးတာပါ။ ဘုရားစူးရစေ့ .. တက္ကသိုလ် ၃ နှစ်တက်ခဲ့ပေမယ့် ကျွန်မ အဲဒါတွေ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ရတနာ့ကျေးဇူးပေါ့။ တစ်ခါတစ်ခါ ရတနာသွားသွင်းပြီးသား၊ ဒါပေမယ့် ကျွန်မက ကျောင်းမတက်လို့ပဲဖြစ်ဖြစ်၊ ကျောင်းလစ်လို့ပဲဖြစ်ဖြစ် “ဟယ် ရတနာ သွင်းပြီးသွားပြီလား၊ ငါ့ ကိုတော့ မခေါ်ဘူး” ဆိုပြီး ပြောမိရင် သူက “မသိဘူးလေ။ နင်သွင်းပြီး မှတ်လို့ပေါ့” လို့ ပြောပြီး ဆူဆူဆောင့်ဆောင့်နဲ့ပဲ ကျွန်မအတွက် နောက်တစ်ခေါက်ထပ်သွားပြီး ထပ်လုပ်ပေးရှာပါတယ်။ အဲဒါကြောင့် သူလိုလူမျိုးကို သူငယ်ချင်းရတနာလို့ခေါ်ရင် မမှားဘူးမှတ်တယ်။
ပြောရရင် ရတနာနဲ့ ကျွန်မ အခုမှ တည့်တာပါ။ အရင်တုန်းကတော့ ခဏခဏ ရန်ဖြစ်ရ စိတ်ကောက်ရနဲ့ ၂ ယောက်လုံး ဖတ်ဖတ်ကိုမောနေတာပဲ။ အခုမှ ၂ ယောက်လုံး လူကြီးဆန်လာလို့ ကတစ်ကြောင်း၊ တစ်ယောက်တစ်နေရာစီ အဝေးမှာ နေနေလို့ ကတစ်ကြောင်း ရန်မဖြစ်တော့တာပါ။ ရတနာကလည်း ကောက်တတ်သလို၊ ကျွန်မကလည်း ကောက်တတ်တော့ ချိတ်ချိတ်ချင်း တစ်ချိန်လုံး ငြိနေကြတာပဲပေါ့။
ရတနာ့ကို ကျွန်မ ပထမဆုံး မကျေနပ်တဲ့အကြောင်းက ကျွန်မနဲ့ အတူတူ မပြန်လို့ပါ။ လှည်းတန်းမှာနေတဲ့ ရတနာက တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ကျောင်းကို မနက်ဆိုရင် လမ်းလျှောက်လာပါတယ်။ အပြန်ကျတော့ သူ့ သူငယ်ချင်းတစ်ယောက် ကားကြုံနဲ့ ရတနာ့ကို လှည်းတန်းမှာ ချပေးပါတယ်။ ရတနာ့ကို အဲဒီလိုမျိုးလုပ်ပေးဖို့ သုံးနှစ်သုံးမိုးစလုံး ကျွန်မ နေ့တိုင်း တာဝန်ယူနိုင်ပါတယ်။ ကျွန်မက ကျောင်းဆင်းရင် အင်းစိန်ကိုပြန်ရပါတယ်။ တောင်ဥက္ကလာကို ပြန်ရတဲ့သူတစ်ယောက်ထက်စာရင် အင်းစိန်ကိုပြန်ရတဲ့သူက လှည်းတန်းကို ပိုပြီး ကားကြုံတယ်ဆိုတာ ရန်ကုန်မြို့နေတဲ့သူအားလုံး သိမှာပေါ့။ ဒါပေမယ့် ရတနာကတော့ ကျွန်မ အိမ်ကလာကြိုတဲ့ ကားကို သူ့ သူငယ်ချင်း ကျောင်းမလာတဲ့နေ့တွေလောက်ပဲ စီးပါတယ်။ မရှိသုံး သုံးခံရသလို ခံစားရတဲ့အတွက် အဲဒီ့တုန်းကတော့ ကျွန်မ ဒေါသထွက်ပါတယ်။ အခုပြန်တွေးတော့လည်း စိတ်မကောင်းပါဘူး။ အဲဒီ့နေ့က ကျွန်မ အိမ်က ကားလာမကြိုသေးလို့ စောင့်နေတာပါ။ ရတနာက ကူစောင့်ပေးမယ်ဆိုတော့ ကျွန်မကလည်း အဖော်ရှိပြီဆိုပြီး ၀မ်းသာအားရဖြစ်သွားပါတယ်။ ပြီးရင်ရတနာ့ကို လှည်းတန်းမီးပွိုင့်မှာတောင် မဟုတ်ပဲ သူ့အိမ်ထိ လိုက်ပို့ရရင်တောင် ကျွန်မအတွက် အပန်းမကြီးပါဘူး။ အဲဒါနဲ့ ထင်ထားသလောက် မစောင့်ရပဲနဲ့ ကားက ရောက်လာပါတယ်။ အဲဒီ့အချိန်မှာ ရတနာက ဘာပြောလဲဆိုတော့ “ဒါဆို သူတို့ ကန်တင်းမှာ ရှိဦးမှာ။ ငါ့ဟာငါပဲ သူတို့နဲ့ ပြန်လိုက်တော့မယ်တဲ့ ”

အဲဒီ့အတွက် တစ်သက်လုံးစာ ကျွန်မ မှတ်မိနေမယ်ဆိုရင်တော့ ကျွန်မ မလွန်ဘူးပဲ မှတ်တယ်။
ရတနာ့ကတော့ အခုအချိန်မှာ ကျွန်မကို ဘာမကျေနပ်ဘူးလဲလို့ မေးရင် ဘာပြန်ဖြေမလဲဆိုတာ ကျွန်မမသိပါဘူး။ အရင်တုန်းကတော့ သူ စိတ်ကောက်ရတဲ့ အကြောင်းပြချက်က တော်တော်လေးကိုစုံပါတယ်။ ကျွန်မ ကျောင်းပြေးလို့ ၊ မြန်မာစာ lecture မတက်ရင်လည်း သူ စိတ်ကောက်တာပါပဲ။ သူ မကြိုက်တဲ့ (ကျွန်မကို မကြိုက်စေချင်တဲ့) အစ်ကိုကြီးက ကျွန်မကို ဖုန်းဆက်ရင်လည်း ကျွန်မမှာ နေရင်းထိုင်ရင်း စိတ်ကောက်ခံရတာပါပဲ။ သူကြိုက်တဲ့ (ကျွန်မနဲ့ သဘောတူတဲ့) အစ်ကိုကြီးကို ကောင်းကောင်းအဖက်မလုပ်မိရင်လည်း ရတနာက “ကိုယ်လူသူ့ဘက်သား” လုပ်ပြီး ကျွန်မကို စကားမပြောတော့ပါဘူး။ ရတနာ စိတ်ကောက်ရင် လုပ်တတ်တဲ့အကျင့်က ကျွန်မကို စကားခေါ်မပြောတော့တာပါ။ ကျွန်မရှေ့ကျရင် မျက်နှာ တည်သွားပြီး၊ ဒါမှမဟုတ် စူပုပ်သွားပြီး ကျန်တဲ့သူတွေကျရင် ရယ်ရယ်မောမောနဲ့ စကားပြောနေပြီဆိုရင်တော့၊ သေချာတယ် ဒါ ကျွန်မကို သူမကြည်တော့ပါဘူး။ စိတ်ကောက်တာများတဲ့ရတနာက စိတ်ပြေတာကျတော့လည်း မြန်ပါတယ်။ ကျွန်မသူ့ကို ဘယ်လိုချော့လည်း မမှတ်မိတော့ဘူး။ ဒီတိုင်း ပစ်ထားလိုက်တာပဲနေမှာ။

ရတနာ့ရဲ့ ချစ်စရာကောင်းတဲ့ အကျင့်လေးတွေက သူငယ်ချင်းတွေရဲ့ မွေးနေ့ကို ယောင်လို့တောင် မမေ့တတ်တာရယ်၊ သတိတရ ကဒ်တွေပို့တာရယ်နဲ့ လက်ဆောင်ပစ္စည်းလေးတွေ မှတ်မှတ်ရရ ၀ယ်ပေးတတ်တာမျိုးတွေပါ။ ဘာအဓိပ္ဗါယ်နဲ့ဆိုတာတော့ မသိပေမယ့် သူကျွန်မကို ပေးနေကျထဲမှာ အများဆုံးက “ခွက်” ပါ။ ခွက်လှလှလေးတွေ့ရင် မွေးနေ့မဟုတ်ပေမယ့် သူကျွန်မအတွက် တခုတ်တရ ၀ယ်ထားတတ်ပါတယ်။ ကျွန်မကလည်း သူပေးတဲ့ ခရမ်းရောင် ခွက်ရှည်ရှည်ကလေးကို သဘောကျလို့ သောက်နေကျ မတ်ခွက်ကို ဗီရိုထဲ ထည့်သိမ်းပြီး ရတနာပေးတဲ့ခွက်နဲ့ မှ ကော်ဖီသောက်ခဲ့တာ ရက်တော်တော်များများပါ။ ကျွန်မ နိုင်ငံခြားသွားရမယ်ဆိုတုန်းကလည်း သူကျွန်မကို အမည်းရောင်ခွက်ကလေးတစ်လုံးပေးလိုက်ပါသေးတယ်။ သူပေးတဲ့အမည်းရောင်ပြောင်ပြောင်ခွက်ကလေးထဲမှာ နွားနို့ဖြူဖြူထည့် ပြီးသောက်ရတာကို ဘာရယ်မဟုတ် ကျွန်မ သဘောကျပါတယ်။ ကျွန်မ ခဏပြန်လာလည်တုန်းကတော့ သူ ဖုန်းထည့်ဖို့ အိတ်ကလေးတစ်လုံး တခုတ်တရ ၀ယ်ပေးလာပါတယ်။
နောက်တစ်ခုက ကျွန်မ မုန်လာဥချဉ်ရည် နဲ့ အမဲသားကို အသည်းစွဲနေအောင်ကြိုက်လို့ သူက သူ့အိမ်မှာ အမဲသားချက်တဲ့နေ့ဆိုရင် ကျွန်မကို ထမင်းလာစားခိုင်းပါတယ်။ ကျွန်မလာအိပ်မယ်ဆိုတဲ့နေ့တွေကျတော့လည်း (ကျွန်မက မေကြီးလို့လိုက်ခေါ်ဖြစ်သွားတဲ့) သူ့အမေကို အမဲသား ချက်ခိုင်းထားတတ်ပါသေးတယ်။ (သူကိုယ်တိုင်တော့ ထမင်းချက်ဟင်းချက် မလုပ်တတ်ဘူးတဲ့)။ စင်္ကာပူမှာ သူခဏလာလည်တုန်းကလည်း ကျွန်မအိမ်ကို သူလာတိုင်း သူ့အစ်မချက်တဲ့ မုန်လာဥချဉ်ရည်ကို ချိုင့်လေးနဲ့ ထည့်ပြီး ယူယူလာတတ်တာပါ။ အဲဒီလို ရတနာက ချစ်ဖို့ကောင်းပါတယ်။ စင်္ကာပူကို သူလာလည်တုန်းက ကျွန်မ အိမ်ကို သူလာပြီဆိုရင် ရှုပ်ပွနေတဲ့ ကျွန်မ အ၀တ်ဗီရိုကိုဖွင့်ပြီး စိတ်ရှည်လက်ရှည် တစ်ထည်ချင်းခေါက်လို့ ၊ညီညီညာညာကလေးဖြစ်အောင် ပြန်ထည့်ပေးသွားတတ်ပါတယ်။ အချက်အပြုတ်ဘာသာရပ်ကို သူမကျွမ်းကျင်ပေမယ့် အရှင်းအလင်းမှာတော့ ရတနာ့ကို မဟာဘွဲ့ ပေးသင့်တယ်ဆိုတာ သူ့အိမ်ရောက်ဖူးရင် လက်ခံကြမှာပါ။
ကျွန်မပြောရင် လွန်တယ်လို့ မထင်ပါနဲ့ .... ရတနာ့လို သူငယ်ချင်း က ရှာ မှ ရှားပါ။
အဲဒီလို ကျွန်မအပေါ် အရမ်းကောင်းတဲ့ သူငယ်ချင်းကို ကျွန်မ ပေးပြီးတော့ မတည်ရသေးတဲ့ ကတိတွေ တပုံတပင် ရှိနေပါတယ်။ ကျွန်မ သူ့ကို မွေးနေ့လက်ဆောင် (ဘယ်နှနှစ်မှန်းမသိ) ၀ယ်ပေးဖို့ အကြွေးကျန်ပါတယ်။ သူက ခွက်ကလေးတွေပေးနေကြ ဖြစ်သလို ကျွန်မက နာရီလေးတွေ ပေးနေကြမို့လို့ ... သူ့ကို နာရီတစ်လုံး ၀ယ်ပေးဖို့ အကြွေးလည်း ကျွန်မ မှာ ကျန်ပါသေးတယ်။ အကျီင်္ ၀ယ်ပေးမယ်လို့ ပြောထားပြီး ခုထိ မ၀ယ်ရသေးပါဘူး။ ဖိနပ်တစ်ရံလည်း အကြွေးကျန်ပါသေးတယ်။ (၀ယ်ပေးမယ်နော် ... နော် ရတနာ

)
ကျောင်းတက်တုန်းက ရည်းစားမထား၊ ခပ်ရိုးရိုးပဲ နေလာတဲ့ရတနာက အခုတော့ မကြာသေးခင်ကမှ ချစ်သူတွေ့ ခဲ့ပါတယ်တဲ့။
တိုက်ဆိုင်တာ တစ်ခုကတော့ အဲဒီ့ သူရည်းစားက .. ကျွန်မနဲ့ က....
တစ်နှစ်တည်း၊ တစ်လတည်း၊တစ်ရက်တည်းမှာ မွေးတဲ့သူ ၂ ယောက်ဖြစ်နေတာပါပဲ။
(ကျွန်မ website လေးကို မကြာမကြာဝင်ကြည့်ပြီး အားပေးတတ်တဲ့ သူငယ်ချင်းရတနာ သူ့ အကြောင်းကို အခုလိုရေးထားတာတွေ့ရင် ပျော်မှာပါ)
Comments (6)
ဟင် အဲဒါ တော်တော်တိုက်ဆိုင်တာပဲနော်
အံ့သြစရာပဲ ...
But who knows? Maybe you guys are secretly in love with each other. :P
@kyalzinlay - ဟုတ်ပါ့။ တော်တော်တိုက်ဆိုင်တယ်။
well .... I'm not secretly in love with anyone =P but you know ရည်းစားဦးဆိုတာတော့ မြေးဦးရတဲ့ထိ မမေ့ဘူး မှတ်လား။
ဟားဟားဟား
soe myat ! ngar nin ko sate kyauk khae tar tawe a twet tg pan par tal .. p tot amhat ma htin ngar lote lite tat a pyu a mu tawe ka nin ko sate a nhauk a shat phay say mi tar ngar sate ma kg woo :(
bar pal phit phit I luv u xo much !
hmm .. what are you saying?
I was talking about you and Yadanar, secretly in love with each other. :P
@kyalzinlay - Oops! I did it again!
LOL