2.2.2010အဲဒီ့လူမျိုးကို နှစ်ယောက်လုံး ကြည့်လို့မရဘူး။ သူတို့တွေ စကားများတဲ့အကြောင်း၊ စပ်စုတဲ့အကြောင်း၊ ဘတ်စကားပေါ်တက်လာရင် နံတဲ့အကြောင်းတွေ အတင်းတွေပြောမယ်။ ကိုယ့်ဘေးနားလာပြီး ပွစိပွစိလုပ်ရင် ဒေါသတွေထွက်မယ်။
ဒါပေမယ့် သူတို့ လူမျိုး အစားအသောက်ကိုတော့ ၂ ယောက်လုံး အသေကြိုက်ကြပါတယ်။
ဒါနဲ့ပဲ ဒီကနေ့ညနေ စင်္ကာပူမြို့လည်က အိန္ဒိယသေးသေးလေးမှာ ညနေစာ စားခဲ့တယ်။
ဆိုင်က ခါတိုင်းစားနေကြ ဆိုင်ကလေးပါ။ ခါတိုင်းစားနေကြဆိုပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ၂ လကိုတစ်ခေါက်၊ ၃ လကို တစ်ခေါက်မှ စားဖြစ်တဲ့ဆိုင်ကလေးပါ။ (အဲဒီ့လောက်ကြာမှ တစ်ခါ စားနိုင်တယ်လို့ ပြောတာပါ)။ပထမဆုံးတစ်ခေါက်ကတော့ ဘယ်လိုသွားစားဖြစ်လည်းမသိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က ပထမဆုံးစားတာနဲ့ တင်ကြိုက်သွားပြီး အိန္ဒိယအစားအစာဆိုရင် အဲဒီ့မှာပဲ စားဖြစ်၊ လူတွေကိုလည်း ညွှန်ဖြစ်ပါတယ်။
အခုလည်း “အုန်းသီး” ရထားလို့ ဘလော့လာဖတ်ကြတဲ့သူတွေကို “မျက်မြင်သက်သေ” နဲ့တကွ ညွှန်းလိုက်ပါဦးမယ်။
သြော် ... ဒါနဲ့ အဲဒီ့ ဓါတ်ပုံရိုက်တာနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ အဲဒီ့ ဆိုင်ကိုသွားစားတိုင်း .. သြော် မစားခင် ဓါတ်ပုံရိုက်မယ်။ ပြီးရင် Facebook မှာတင်မယ် Friendster မှာတင်မယ် ဘာညာ။
တကယ်တော့ အဲဒီ့ဆိုင်မှာ အစားအသောက်ကို ဓါတ်ပုံရိုက်ဖြစ်တာ ဒါပထမဆုံးပဲ။ အရင့် အရင် အခေါက်တွေက ဓါတ်ပုံရိုက်မယ်ကြံခဲ့ပေမယ့် အစားလည်းရှေ့ရောက်လာရော ဘာမှ မမှတ်မိတော့ပဲ ကုန်းကြိတ်လိုက်ပြီး၊ တစ်ဝက်လောက် ကျိုးတော့မှ၊ တစ်ခေါက်ကျတော့ ဆိုင်အပြင်ထွက်တော့မှ ကိုယ့်နှဖူးကိုယ်ရိုက် “ဟာ ... မရိုက်ခဲ့ရလေခြင်း” တွေ တစ်ခါမက ဖြစ်ပြီးပေါ့။
မှာထားတွေ ရောက်မလာသေးတုန်း ရှိတဲ့ ပန်းကန်နဲ့ အအေးနဲ့ ပဲ အရင်ရိုက်နှင့်ပါတယ်။
သြော် ... ရွှေစူးဆိုတဲ့ မော်ဒယ်လဲ ပါတာပေါ့။

အစားအသောက်ရောက်မလာသေးလို့ စိတ်ညစ်နေပါတယ်။

ဟော .. လာပါပြီ။ သူလာပြီ။ သူ့ကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့ပေမယ့် နံမည်မမေးမိခဲ့ဘူး။
သူနဲ့ငြိဖူးတယ်။ ဟက်ဟက် ... တစ်မျိုးမထင်ပါနဲ့။
ဒီတစ်ခေါက်ရဲ့ အရင်တစ်ခေါက်က အဲဒီ့သူက အချိုးမပြေဘူး။ ဆိုင်ထဲဝင်လာထိုင်နေပြီးတဲ့သူကို မိနစ် ၂၀ နေမှ ပြန်လာခိုင်းတယ်။
တံမြက်စည်းလှည်းနေလို့ပါတဲ့။ “သြော် .. ရပါတယ်။ ငါတို့ စောင့်ပါ့မယ် ... မှာထားပါရစေ” ဆိုတော့လည်း မဟုတ်ဘူး နောက်မှ ပြန်လာခဲ့တဲ့။
အဲဒါနဲ့ လူက (ဗိုက်ဆာဆာနဲ့) ဒေါသတွေထွက်၊ လာစားတဲ့သူကို အဲလိုဆက်ဆံရပါ့မလား ဘာညာဖြစ်ပြီး သူ့ရှေ့တင် ဖုန်းဆက်ပြီး တိုင်မယ်လုပ်တော့မှ သူက အချိုးပြောင်းသွားတာ။
အဲဒီ့တစ်ခေါက်တုန်းက အချိုပွဲကို အလကားစားရတယ်။

ဒီတစ်ခေါက်တော့ မပေးတော့ဘူး။
သူရောက်လာပြီးတော့ စားပွဲက အခုလိုဖြစ်သွားပါတယ်။
ဘာတွေလည်း သိချင်လား။
ဒါကတော့ Dal Tadka လို့ သူတို့ခေါ်တဲ့ ပဲဟင်းပါ။
သူတို့က ပဲဟင်းကို Dal လို့ ခေါ်တယ်။ ပဲဟင်းအမျိုးမျိုးရှိပါတယ်။
Subji-E-Jaipuri လို့ ခေါ်တဲ့ အသီးအရွက်ကို အမွှေးအကြိုင်တွေရယ်၊ နို့ခဲရယ်နဲ့ ကြော်ထားတာ။
ပြီးတော့ တစ်ချိန်လုံးသွားတိုင်းမှာတဲ့ Butter chicken!
ထောပတ်နဲ့ ချက်ထားတာမို့လို့ လေးပင်ပြီး အီပါတယ်။
စားပြီးရင် အိပ်ချင်တယ်။
အပေါ်ကဟင်းတွေကို အခုလို Nann လို့ ခေါ်တဲ့ ပုံမှာမြင်ရတဲ့ ထောပတ်သုတ်ထားတဲ့ နံပြားနဲ့လည်းစားလို့ရသလို၊
အအီပြေ ဇီရာနဲ့ ချက်ထားတဲ့ Jeera Rice နဲ့လဲစားလို့ ရပါတယ်။
ဒီပုံတွေရိုက်လည်းပြီးသွားရော နှစ်ကောင်လုံး အားရပါးရ စားကြသောက်ကြပါတယ်။
စားနေသောက်နေတုန်းတော့ ဘာမှမရိုက်ဖြစ်ဘူး။ တခြားအာရုံဘာမှကို မရှိတော့ဘူး။

ငါပူတင်းဖြစ်အောင် စားပြီးသကာလ အချိုပွဲအနေနဲ့ ရေခဲမုန့်ပဲ မှာစားခဲ့တယ်။
အဲဒီ့ဆိုင်က ရေခဲမုန့် ကိုတော့ သိပ်အရသာမတွေ့လှပါဘူး။ အရင် အခေါက်တွေတုန်းကတော့ မလိုင်လုံးလိုဟာ Gulab Jamoon ကိုမှာစားဖြစ်ပါတယ်။
ရေခဲမုန့်မကြိုက်ပေမယ့် မျက်နှာမလိုက်ပဲ သူ့ဓါတ်ပုံလည်း ရိုက်ခဲ့တယ်။ တွေ့လား အပြင်အဆင်က လှလည်းမလှဘူး။ ရိုးရိုးကြီး။
အဲဒါနဲ့ ..... စားရသောက်ရအမောပြေ ခဏကလေးနားပြီး ငွေရှင်းပြီး တစ်ခါတည်းသွားဖို့ ကောင်တာကို လစ်ခဲ့ပါတယ်။
ဘယ်လောက်ထူးဆန်းလဲဆိုတော့ .... ငွေရှင်းရတဲ့ ဂဏန်းက တစ်လုံးထဲ။
မယုံဘူးလား ... ဒီမှာကြည့် ....။ တမင်ရွေးခြယ်ပြီးစားရင်တောင် အခုလို ကွက်တိ ထွက်ပါ့မလားပဲ။
စားပြီးသွားရင် ပါးစပ်ရှင်းအောင်၊ ပါးစပ်မွှေးအောင် သူတို့တွေက ဒါမျိုးလေးတွေ ငုံကြပါတယ်။
စမုံစပါးနဲ့ သကြားခဲ အချိုလေးတွေ ရောထားတာပါ။
ရွှေစူးလဲ လက်တစ်ဆုပ်စာယူခဲ့ပြီး ညစာကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါတယ်။
အခုအချိန်မှာ ဗိုက်ကိုလှမ်းကြည့်ရင်တော့ ဖောင်းကားနေမှာ အမှန်ပဲ။
ဒါပေမယ့် ဓါတ်ပုံဆရာက တော်ပါတယ်။ ခပ်လှမ်းလှမ်းလေးကပဲ ရိုက်ထားပေးတယ်။

အဲ .... သွားရေကျလို့ သွားစားချင်ရင် အဲဒီ့ဆိုင်က Mustafa ဘေးနားက Syed Alwi Road ထဲမှာ ရှိပါတယ်။
ဆိုင်နံမည်ကတော့ Copper Chimney ပါတဲ့။ ကြေးခေါင်းတိုင်ပေါ့လေ။ ဟ ... ဟ။
နောက်ပြီးတော့ Mustafa ဘက်ကူးပြီး Window shopping လုပ်လိုက်ပါသေးတယ်။ မျက်စိလည်း အစာကျွေးရင်း ... ဓါတ်ပုံလည်းရိုက်ရင်းပေါ့လေ။
အစတုန်းကတော့ အဲဒီ့ပုံတွေပါ တစ်ခါတည်း တင်မလို့ပဲ။
အိပ်ချင်ပြီမို့ နောက်မှပဲ ဆက်တင်တော့မယ်။
Comments (2)
စားချင်တယ် ... တစ်ခါမှမစားဖူး ဘူး.. အဲဒီဆိုင်က မိစူးကို ကြော်ငြာခ ပေးသင့်နေပြီ
@kabyarchitthu - တစ်ခေါက်လောက် တူတူသွားစားကြမယ်လေ။ ပြီးရင် Mustafa ကိုပတ်တာပေါ့။