ကျွန်မ သူငယ်ချင်း မပေါပါဘူး။
လက်တစ်ဆုပ်စာသူငယ်ချင်းတွေထဲမှာ အကုန်လုံးက သူ့အမှတ်တရနဲ့သူမို့လို့ သူတို့လေးတွေဖတ်ရင် ပြုံးရအောင် သူတို့အကြောင်းကို စာမျက်နှာပေါ်တင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဘယ်သူ့ကို ဘယ်လိုရှေ့ဆုံးထားပြီး အစဉ်လိုက်ရေးရေး အဲဒီ့အမှတ်စဉ်က ကျွန်မရင်ထဲက ခင်မင်မှုကိုတော့ ကိုယ်စားမပြုပါဘူး။
ဘာလို့လဲဆိုတော့ သူတို့ တစ်ဦးချင်းစီကို ကျွန်မက နံပါတ်စဉ်တပ်လို့မရတဲ့ ခင်မင်မှုမျိုးနဲ့ တစ်ယောက်တစ်မျိုးစီ ခင်လို့ပါ။
အခုလောလောဆယ် စိတ်ထဲက သိပ်ကိုအမြင်ကပ်နေတဲ့သူငယ်ချင်းမတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။
ဘာလို့အမြင်ကပ်တာလဲဆိုတော့ ကျွန်မ ရန်ကုန်ရောက်တုန်း သူ့ဆီဖုန်းဆက်ပါတယ်။ missed call တွေ့ ရက်သားနဲ့ ပြန်ဆက်ဖို့ အဲဒီ့ဟာမက မေ့ကိုမေ့ပါတယ်။
သူသတိရတဲ့အချိန်မှာ ကျွန်မ စင်္ကာပူကို ပြန်ရောက်နေပြီ။
တကယ်တော့ သူနဲ့ကျွန်မနဲ့ လူချင်းမတွေ့တာ နှစ်နဲ့ချီပြီးတော့ကိုရှိပါပြီ။ ဒါပေမယ့် ပြန်တွေ့တဲ့အချိန်ကျရင်လည်း မနေ့တစ်နေ့ကမှ တွေ့ထားတဲ့အတိုင်းပဲ ရင်းနှီးနေကြဦးမှာပါပဲ။
သူ့ကို ၈ တန်းလောက်မှာစသိတာပါ။ အဲဒီ့အချိန်က လူချင်းမခင်သေးပါဘူး။ သူနဲ့ အရင်တုန်းက တန်းခွဲတူပြီး တစ်တွဲတွဲဖြစ်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က (၈) တန်းရောက်တော့ ကျွန်မတို့ တန်းခွဲကိုရောက်လာပြီး ကျွန်မနဲ့ တွဲဖြစ်ပါတယ်။ သူနံမည်က သန္တာတဲ့ (သန္တာ့အကြောင်းကိုလည်း သပ်သပ်ရေးသွားမှာပါ) ။ သန္တာ့ကို ကြားခံထားပြီးပဲ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်သိခဲ့ကြတာပါ။
၉ တန်းရောက်တော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် တရားဝင်စသိပါတယ်။ စကားမပြောဖူးသေးခင်မှာ စာအသွားအလာနဲ့ စခင်တာပါ။ သူနံမည် ဆုဝေလို့ခေါ်ပါတယ်။
သူနဲ့ စ ခင်ပုံက သူ့လက်ရေးလက်သားကနေ စပါတယ်။ ကျွန်မပြောရင် အံ့သြသွားမလား။
တစ်နေ့ သန္တာက ကျွန်မကို ရေးပေးပါ စာအုပ် ရေးခိုင်းတယ်။ ကျွန်မရှေ့မှာ ဆုဝေက ရေးထားတာ။ သူရေးထားတဲ့အရေးအသားကို ကျွန်မ တော်တော်သဘောကျသွားပါတယ်။
နောက်နေ့မှာပဲ ဆုဝေကို လူချင်း သေချာမသိပဲ သန္တာကနေတဆင့် ရေးပေးပါစာအုပ်ရေးခိုင်းလိုက်တယ်။ အဲဒီ့ကနေ စာအသွားအပြန်နဲ့ ခင်ခဲ့တာပါ။
ပြောမနာဆိုမနာဖြစ်တဲ့အချိန်အထိပေါ့။
ကျွန်မနဲ့ ဆုဝေနဲ့ ကြားမှာ တူတာတစ်ခုက အစိုးရ၀န်ထမ်းသားသမီးဖြစ်တာချင်းတူပါတယ်။ ဥာဏ်ကောင်းရက်နဲ့ စာမကျက်ချင်တာချင်းတူပါတယ်။ chatting မှာ ကြူတာချင်းတူပါတယ်။ ဘောင်ကြဲဖော်ကြဲဖက်တွေပေါ့။ အဆိုတော် ကျော်သူစိုးကို ကြိုက်ခဲ့တာချင်းလည်းတူပါတယ်။ ကျွန်မတို့ ၂ ယောက် အတူတူရှိနေရင်၊ တစ်ယောက်ယောက်ဆီဖုန်းဆက်ကြပါတယ်။ ကိုယ်မဆက်ရဲတဲ့ဟာကို သူများဆက်ခိုင်းပြီး အပြန်အလှန်ပေါ့လေ။ သူလုပ်လို့ ကျွန်မတော်တော်ခြောက်ကျသွားရတဲ့ အဖြစ်ကတော့ သူ့ကို အစ်ကိုကြီးတစ်ယောက်ဆီ ဖုန်းဆက်ခိုင်းမိပါတယ်။ သူက ဆက်ပြီး
“ဟယ်လို ... ကိုဘယ်သူဘယ်ဝါရှိပါလား ”ပေါ့ ... ပြီးရင် သူ့ဟာသူ အရှိန်နဲ့ဆက်ပြောတာမဟုတ်ဘူး။ ကျွန်မဘက်ကိုလှည့် ကျွန်မကို နံမည်အရင်းကြီးနှင့်တကွ တပ်ခေါ်ပြီး
“ဟဲ့ .. ငါကဘာဆက်ပြောရမှာလဲ” တဲ့။ လုပ်ပုံ .. လုပ်ပုံ။ အဲလိုလှည့်မေးတဲ့အချိန်မှာ သူက ဖုန်းစကားပြောခွက်ကို လက်နဲ့လည်း မပိတ်ထားခဲ့ပါဘူး။

သူ့အလှည့်ကျတော့ နှစ်တွေချီအောင်ကြာတဲ့အထိ ကျွန်မက အဲဒီ့ကောင်လေးနဲ့ ဖုန်းပြောပေးရပါတယ်။ ကျွန်မတို့ပေးထားတဲ့ နံမည်က adidas ပါ။ အဲဒီ့ adidas ကိုသူက ၁၀တန်းကတည်းက (ကျူရှင်မှာ) ကြိုက်လာပြီး တက္ကသိုလ်ရောက်တော့လည်း အတန်းတူတူမို့ သူ တစ်ဖက်သတ်သဘောကျခဲ့တာ။ သူဆက်ခိုင်းတာလို့ တစွန်းတစမှ မပေါ်စေရတဲ့အပြင် ကျွန်မဘယ်သူဘယ်ဝါဆိုတာပါ ကြားထဲက ပေါ်မသွားစေဖို့ ဖုံးရင်းဖိရင်းနဲ့ပဲ ဆုဝေသိချင်တာလေးတွေကို ဖုန်းထဲကနေတဆင့် မေးပေးမြန်းပေးခဲ့ရပါသေးတယ်။ အဲလိုအဲလို သူ့အလှည့်ကျတော့ ...။
၁၀ တန်းဖြေရတဲ့နှစ်မှာ သူနဲ့ ကျွန်မ စာအတူတူကျက်ဖြစ်ပါတယ်။ ခဏလောက်လည်း အင်္ဂလိပ်စာကျူရှင်တစ်ခုကို အတူတူတက်ဖြစ်ပါသေးတယ်။
အဲဒီ့ကျူရှင် ကိုတက်ဖြစ်ရတဲ့အကြောင်းရင်းကလည်း ဆုဝေတိုက်တွန်းလို့ပါ။ သူတိုက်တွန်းပုံတိုက်တွန်းနည်းက ကျူရှင်က အသင်အပြကောင်းလို့ ၊ စာလုပ်ခိုင်းလို့ ၊ တစ်ခုမှမဟုတ်ပါဘူး။
“ဟဲ့ .. အဲဒီ့ကျူရှင်မှာ နင်နဲ့ ချွတ်စွတ်တူတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ လာတက်ပါလား” တဲ့။
ဟုတ်ကဲ့။ သူငယ်ချင်းခေါ်ရင် နှစ်ခါမဆွယ်ရတဲ့ ကျွန်မက အဲဒီ့ကျူရှင်တက်ဖူးသွားတယ်။ သူပြောသလိုပဲ ကောင်လေးတစ်ယောက်က ကျွန်မကို ယောက်ျားလေး version နဲ့ ထုတ်ထားသလိုမျိုးပဲ။ (ခုတော့ မတူတော့ပါဘူး)
ပိန်တာကော မျက်မှန်တပ်ရတာချင်းကော။ ရယ်တဲ့ပုံရော။ ဒါပေမယ့် တစ်လလား နှစ်လလားပဲ ကြာတယ်။ အဲဒီ့ကျူရှင်လည်း ဆက်မတက်ဖြစ်တော့ပါဘူး။ အစတည်းက ရယ်ရွယ်ချက်ကိုက ကျူရှင်တက်ဖို့မှ မဟုတ်ပဲကိုး။

သူ့ဆီမှာ ရံဖန်ရံခါ စာအတူတူလုပ်၊ စာသွားကျက်ပေမယ့် သူ့ဆီက နောက်ဆုံးဘာသာရပ် စာမေးပွဲဖြေမယ့်နေ့ မှာ
“ ငါ ခြစ်ချလိုက်တော့မယ် ” လို့လည်းကြားရရော ကျွန်မ တော်တော်လေး ဆွေ့ဆွေ့ ခုန်သွားပါတယ်။
“ ငါ ဆေးမမီတာထက်စာရင် နောက်တစ်နှစ်ပြန်နေရတာမှ တော်သေးတယ်” တဲ့။ သူ့ရောဂါက ဆရာဝန်ဖြစ်ဖို့။
အဲဒီ့နေ့ က ဘိုင်အိုဖြေပြီး ထွက်အလာ၊ သူတကယ်ခြစ်ချခဲ့တာပါ။
ဒေါသဖြစ်ဖြစ်နဲ့ သူ့ကို ပြောချင်ရာတွေပြော၊ ဆိုချင်ရာတွေဆိုခဲ့ပေမယ့် နောက်တစ်နှစ်မှာ ဂုဏ်ထူးလေးဘာသာနဲ့ သူလိုချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်ရအောင် ပြောခဲ့တဲ့အတိုင်း သူဖြစ်အောင် တကယ်လုပ်ခဲ့တာပါ။
အဲဒီ့နှစ်မှာပဲ သူ့အမေဆုံးပါတယ်။ အဲဒီဆုံးတော့ ကျွန်မ သူ့အိမ်ကို သွားတယ်။
ပထမရက် .... ဒုတိယရက် .... တတိယရက် ....။
အဲဒီ့ တတိယရက်မှာ သူကျွန်မတို့ သူငယ်ချင်းတစ်စုကို ငိုပြီးပြောပါတယ်
“ နင်တို့က ဘာကိစ္စ နေ့တိုင်းလာနေကြတာလဲ။ နင်တို့ လာမှ ငါ ငါ့အမေဆုံးတယ်ဆိုတာ ပြန်ပြန်ပြီး သတိဖော်ပေးနေသလိုပဲ” တဲ့။
နောက်နေ့ကျတော့ ကျွန်မလည်း ခရီးထွက်သွားရလို့ သူ့အိမ်ကို ရက်လည်တဲ့နေ့ကတောင် မရောက်ဖြစ်ပါဘူး။
ခင်မင်ခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါရှိပြီမို့လို့ သူနဲ့ ကျွန်မရဲ့ အမှတ်တရတွေအကြောင်းရေးရမယ်ဆိုရင် အများကြီးပါပဲ။
Post a Comment