Sunday, 31 January 2010

  • A story behind Ratnagiri

    15.07.2007

    တကယ်တော့ ရတနာဂီရိ အသွားမှာ အမှတ်တရဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုရှိပါတယ်။
    သီပေါမင်းရဲ့ အုတ်ဂူရှိတဲ့နေရာကနေ နန်းတော်ကိုအသွား (နီးနီးလေးပေမယ့်) ဖြစ်ချင်တော့ လမ်းမှာ ကားဘီးပေါက်ပါတယ်။
    ကားထိုးရပ်တဲ့နေရာက ခြံကြီးကြီးတစ်ခုရဲ့ ဂိတ်တစ်ခုမှာပါ။ ကျောင်းတို့ ဘာတို့ ဖြစ်မယ်လို့ ယူဆရပါတယ်။
    အုတ်တံတိုင်းကြီးကလည်း အမြင့်ကြီးပါ၊ ခြံတံခါးမှာလည်း ဂိတ်တွေဘာတွေနဲ့။

    ရွှေစူးတို့ ကားရပ်တုန်းကတော့ ဂိတ်မှာ ဘယ်သူမှ မတွေ့ရပါဘူး။
    အဲဒါနဲ့ ဘီးတွေဘာတွေ လဲဖို့ ကားဆရာကလုပ်နေတုန်းမှာ ရွှေစူးနဲ့ သူငယ်ချင်းတစ်စုက ကားပေါ်ကနေ အောက်ကို ဆင်းလာ ခဲ့ကြပါတယ်။
    မိန်းကလေး (၄) ယောက်၊ ယောက်ျားလေး (၃) ယောက် ကားငှားပြီးသွားကြတဲ့ ခရီးပါ။
    ရွှေစူး ဆံပင်က ကားစီးရင်းလေတိုက်တာကြောင့် အရမ်းကို ရှုပ်ပွနေပါပြီ၊ ခေါင်းစုတ်ဖွားနဲ့ပေါ့။
    ကားပေါ်ကဆင်းလာပြီး ထိုင်တဲ့နေရာက ခုနကပြောတဲ့ ခြံတံခါးဝဂိတ်နားက သစ်ပင်ကြီးကြီးတစ်ပင်ရဲ့ အမြစ်ဆုံပေါ်မှာပါ။
    ရွှေစူးတစ်ယောက်တည်း ထိုင်နေတာဖြစ်ပြီး ကျန်တဲ့သူငယ်ချင်းတွေကတော့ ရပ်စကားပြောနေကြပါတယ်။

    ခဏနေတော့ အဲဒီ့ တံခါးကနေ လူတစ်အုပ်ထွက်လာပါတယ် ထမ်းစင်တစ်ခုနဲ့ပါ။
    ကြိုးတွေဘာတွေလည်း လူတစ်ယောက်လက်ထဲမှာ ပါပါတယ်။
    ရွှေစူးတို့ မသိတဲ့ ကွိကျိ ကွကျိတွေပြောပါတယ်။ နားမလည်ပါဘူး။ အဲဒါနဲ့ ကားဆရာကို ခေါ်ပေးလိုက်ပါတယ်။ သူတို့အချင်းချင်းပြောပေါ့။
    ကားဆရာက သူတို့နဲ့  ၂ မိနစ်လောက်ပြောဆိုပြီး ရော ၀ါးလုံးကွဲထရယ်ပါတယ်။
    ပြီးတော့ ရွှေစူးတို့ဘက်ကိုလှည့်ပြီး လာ ကားပေါ်တက်တော့လို့ အားလုံးကို အင်္ဂလိပ်လိုပြောပါတယ်။

    အားလုံးကလည်း အူကြောင်ကြောင်နဲ့ ကားပေါ်တက်ကြတာပေါ့။ ကားပေါ်ရောက်တော့ သူကပဲ ရှင်းပြပါတယ်။
    ခုနက ကျောင်းလိုလို၊ ဘာလိုလိုဆိုတဲ့ဟာက စိတ်ရောဂါကု ဆေးရုံတဲ့။
    လူနာလာပို့တယ်လို့ထင်လို့ ထမ်းစင်နဲ့ ထွက်လာတာပါတဲ့။
    တစ်ယောက်လာအပ်ရင် လာအပ်တဲ့သူကို ဘယ်လောက်ဆိုလား ပေးတယ်တဲ့။

    သူငယ်ချင်းတွေကတောင်ပြောနေသေးတယ်  ... ငါတို့ထမင်းဖိုးကျေအောင် နင့်ကိုထားခဲ့ပြီး ပိုက်ဆံယူခဲ့လိုက်ရ ကောင်းသား တဲ့။

    သြော် သစ်မြစ်ဆုံမှာ ထိုင်နေခဲ့တဲ့ ရွှေစူးရဲ့ ဥပဓိရုပ်က တော်တော်လေးကောင်းခဲ့ရှာတယ် ထင်ရဲ့။


Comments (3)

  • Sign in to Comment

  • Give eProps (?)

Who recommended?

Who gave the eProps?

2 eProps from: