Thursday, 28 January 2010

  • short-term accommodation

    မေမေတို့   စင်္ကာပူကို March လထဲမှာ လာပြီး တစ်လနေမယ်ဆိုလို့   အပူတပြင်း အိမ်ရှာနေပါတယ်။
    တကယ်တော့ February တစ်လလုံးလိုသေးတာပဲ။ အပူတပြင်းမဟုတ်လည်း အေးအေးဆေးဆေး ရှာလို့  ရရဲ့သားနဲ့ စိတ်လောတဲ့ အကျင့်က မကောင်းကိုမကောင်းပါဘူး။
    ပထမဆုံးသွားကြည့်ဖြစ်တဲ့ အိမ်က Holland road နဲ့  Ulupandan Road နားက Ridgewood close မှာရှိတဲ့ ကွန်ဒိုအခန်းတဲ့။
    အခန်းက စင်္ကာပူကို ခဏတဖြုတ်လာတဲ့သူတွေအတွက်ပဲ ငှားဖို့   ရည်ရွယ်တာဖြစ်ပါတယ်။

    နေရာက ဘတ်စကားစီးဖို့တော့ အဆင်ပြေပေမယ့်၊ အလုပ်သွားဖို့ ကျောင်းသွားဖို့ကျတော့ နည်းနည်းထောက်ပါတယ်။
    ဒါကလည်း ကိစ္စမရှိပါဘူး ခဏတဖြုတ်ပဲနေမှာဆိုတော့ တစ်လလောက်တော့ သည်းညည်းခံလိုက်လို့ရတာပဲ။
    တကယ်တော့ အခန်းရဲ့   ဓါတ်ပုံတွေ ရိုက်လာခဲ့တာ အမေ့သဘောထားကို ပြန်မေးကြည့်မလို့  ။
    ဒါပေမယ့် စိတ်က ဓါတ်ပုံကို တင်ကိုတင်ချင်နေတာ ...။
     အဲဒါ မီဒီယာနဲ့  ဆိုင်တဲ့ တနင်္လာဂြိုဟ်အားကောင်းလာလို့  ဒါတွေပဲ လုပ်ချင်နေတာဆိုပဲ။
    အလုပ်မှာ အလုပ်မရှိလို့  အားနေတာလဲပါမှာပေါ့လေ

    Master Bedroom







    မာစတာအိပ်ခန်းက တော်တော်လေးကို ကျယ်ပါတယ်။ အကုန်သပ်သပ်ရပ်ရပ်နဲ့  
    ရေချိုးခန်းအိမ်သာလည်းပါတော့ သူများနဲ့  မျှသုံးစရာမလိုဘူးပေါ့။ နေဖြစ်ရင်တော့ master bedroom မှာပဲ နေရမှာပါ။
    ဒါပေမယ့် တစ်လနေရင် ဈေးက ၂၃၀၀ တဲ့။ ၃ ပတ်ထဲနေမယ်ဆိုရင်တော့ ၂၀၀၀ ပါတဲ့။
    တစ်နေ့ကို စင်္ကာပူဒေါ်လာ ၁၀၀ ကျသင့်တဲ့အခန်းဖြစ်ပေမယ့် တစ်လလုံးနေမှာကြောင့် လျှော့ပေးတယ်ဆိုပဲ။
    လျှော့ပေးတာတောင် ၂၃၀၀ ဆိုတော့ အဲဒါ HDB ရိုးရိုးတိုက်ခန်း (တိုက်ခန်းတစ်ခုလုံးကို တစ်လလုံးငှားစာ) ထက်တောင် ပိုနေပါသေးတယ်။
    ဒါပေမယ့် short-term accommodation က အဲဒီလိုပဲ ဈေးကြီးလေ့ရှိပါသတဲ့။
     

    Common Room



    သေချာကြည့်ရင် အုန်းသီးကိုင်ထားတဲ့မျောက်ကိုတွေ့ရမယ်

    သူတို့ အခေါ် common room က ရေချိုးခန်းနဲ့ အိမ်သာ တွဲရက်မပါတာကလွဲလို့   အတော်အသင့်ကျယ်ပါတယ်။
    မိသားစု အစုလိုက်လာပြီး ရေချိုးခန်းကို သူများနဲ့   မျှသုံးနေရင် အဆင်မပြေဖြစ်မှာကြောင့် ယူရင်တော့ Master Bedroom ကိုပဲ ယူစေချင်တဲ့အကြောင်း agent က ပြောပါတယ်။
    ဒီအခန်းရဲ့   ကျသင့်ငွေကတော့ စလုံး ၁၈၀၀ တဲ့။ (တစ်လတည်းနေမှာကို) တစ်ခန်းတည်းကိုလေ
    ဒါလည်းပဲ သာမန်တိုက်ခန်း တစ်ခန်းလုံးကို တစ်လစာ ငှားတဲ့စရိတ်လောက်ကို ရှိနေပြီပဲ။

    Living Room





    ဧည့်ခန်းကလည်း ကျယ်ကျယ်လွင့်လွင့်ပါ။ ဧည့်ခန်းနဲ့  ထမင်းစားခန်းကိုတော့ အဲဒီမှာမြင်ရတဲ့ အဖြူရောင်ဗီရိုကြီးနဲ့ ခြားထားပါတယ်။

    Dining Room

     

    ထမင်းစားခန်းက တိုက်ခန်းကို ၀င်ဝင်ချင်းမှာရှိတာပါ။ ဟိုနားက တံခါးအဖြူက အိမ်အ၀င်တံခါးပေါ့။

    Kitchen


     
     



    မီးဖိုချောင်ကတော့ ရှည်လမျောလေးပေမယ့် သပ်သပ်ရပ်ရပ်ပါပဲ။
    light cooking တော့ရတယ်တဲ့။ အကြော်အလှော်မလုပ်ရဘူးပေါ့။ ချက်ပြုတ်ပြီးရင်လည်း ပြန်ပြီး သန့် ရှင်းရေး လုပ်ခဲ့ပါပေါ့။
    ဒါကတော့ ထုံးစံပါပဲ။ ချက်ခွင့်ပေးထားတာပဲ ၀မ်းသာရမလိုဖြစ်နေပြီ။
    အိမ်ရဲ့ နေရာကတော့ ဈေးနဲ့  နည်းနည်းဝေးပါတယ်။ ဆိုတော့ သုံးလေးရက်စာဝယ်ထားရမယ့်ပုံပဲ။

    နေမယ်လို့  ဆုံးဖြတ်ပြီးရင်တော့ ပွဲစားကို ဒေါ်လာ ၂၀၀ စပေါ်ပေးထားရပါမယ်။
    နေပြီးလို့ သော့ပြန်အပ်တဲ့နေ့မှာပဲ အဲဒီ့ ဒေါ်လာ ၂၀၀ ကို ပြန်ပေးမယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် ဒီကြားထဲမှာ စိတ်ပြောင်းသွားလို့  မနေဖြစ်တော့ဘူးဆိုရင်လည်း အဲဒီ့ဒေါ်လာ ၂၀၀ ပြန်ရမယ့်ပုံမပေါ်ပါဘူး။
    သူကကိုယ့်ကို တိုက်ရိုက်ပြောတာတော့မဟုတ်ပေမယ့်၊  ကိုယ့်ရှေ့  မှာ သူများတွေကို ဖုန်းပြောနေတာကို ကြားပြီး အဲဒါကို သိသွားတာပါ။
    ဆိုတော့ကာ ... စဉ်းစားနေတုန်းပါပဲ ။

    အောက်မှာ ရေကူးကန်တွေဘာတွေရှိတယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် ညမှောင်နေလို့  မကြည့်ခဲ့ရဘူး။
    တကယ်တော့ ခဏတဖြုတ်လာလည်တဲ့ လူကြီးပိုင်းတွေအတွက် ရေကူးကန်ရှိခြင်း မရှိခြင်းက သိပ်တော့ ကွာမယ်မထင်ဘူး။

    အိမ်ကတော့ ၂၁ ထပ်မှာရှိတာပါ။ ညဘက်ကို အပေါ်က လှမ်းကြည့်  ရင်အခုလိုမျိုးမြင်ရတယ်။


    လေတွေကတော့ တိုက်တာ တဟူးဟူးပါပဲ။ လေကောင်းလေသန့်လည်းရတယ်။
    သွားရလာရတာလည်း မြို့ထဲနဲ့ မဝေးဘူး။
    နေရာကလည်းသန့် တယ်။ အေးဆေးတယ်။ အခန်းတွေကလည်း သန့်တယ်။
    (ပြောရင်းနဲ့  ကိုယ်တိုင်တောင် ပွဲစားလေသံပေါက်လာပြီ )



    ဈေးကတော့ ကြီးသလိုပဲ။ ရေဖိုး၊ မီးဖိုး၊ အင်တာနက်ပါပါမယ်ဆိုတော့လည်း နောက်ကြောင်းတော့ အေးတာပေါ့။
    ဒါပေမယ့် စဉ်းစားတုန်းပါပဲ။

Comments (3)

  • anonymous

    ကြိုက်သွားပြီဟေး
    ဘလော့ကို အသိနောက်ကျလေခြင်း.

  • phyomaw

    Singapore Poly gate 5 ဟိုဘက်အခြမ်း ထင်တယ်။

  • anonymous

    နေခြည်လည်း အမေတို့လာရင်နေဖို့ အဲလိုမျိုးရှာနေတယ်။ မျှဝေပေးလို့ ကျေးဇူးနော်

  • Sign in to Comment

  • Give eProps (?)

Who recommended?

Who gave the eProps?

2 eProps from: