Monday, 25 January 2010

  • China Handcraft

       တရုတ်ပြည်က လက်မှုပညာတစ်ချို့

    မနေ့က သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ vivo city ကိုရောက်သွားတော့ သူတို့ တစ်ယောက်မှ မရောက်သေးဘူး။
    အဲဒါနဲ့ နှစ်ယောက်သားရထားတဲ့ “အုန်းသီးတစ်လုံး” ... ဟုတ်ပါဘူး “ကင်မရာတစ်လုံး” နဲ့ လျှောက်ရိုက်ဖြစ်ပါတယ်။
    တည့်တည့်တိုးတဲ့ပွဲတစ်ခုကတော့ တရုတ်လက်မှုအနုပညာပြပွဲတစ်ခုရယ် ....။
    ရောင်းတဲ့သူတွေက သူတို့ဟာတွေကို အားတက်သရော ရောင်းပေမယ့် ဒီ ၂ ယောက်ကတော့ ဓါတ်ပုံရိုက်ဖို့လောက်ပဲ စိတ်ထဲရှိတာပါ။
    အိတ်ထဲမှာလည်း ပိုက်ဆံမပါပါဘူး။

    စုံတွဲမို့လို့လားမသိဘူး။ ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ မေးခံရတယ်။ နင်တို့ ၂ ယောက်ပုံတူ ဒီလိုလေးတွေ လုပ်မလားတဲ့။
    ချက်ချင်းရမယ်တဲ့။ ဘာလဲလို့ ကြည့်လိုက်တော့ ...



    ကျွန်မက ပန်းချီဆွဲတယ်လို့ထင်တာ .. မဟုတ်ပါဘူး။ သူက  စက္ကူကို ကပ်ကြေးနဲ့ အရုပ်ထင်အောင် ညှပ်ထားတာဖြစ်ပါတယ်။



    ဈေးကလည်း စင်္ကာပူဖွတ်ကလိဒင်္ပြား  တစ်ဆယ်တိတိပါတဲ့။
    အဲဒါဘယ်လုပ်မလဲ မုန့်ဝယ်စားမှာပေါ့။ အစကတည်းက ၀ယ်ဖို့အစီအစဉ်မှ မရှိပဲ။

    အဲဒီ့ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ဒီလိုဟာလေးတွေ ရောင်းပါတယ်။

    ကျွန်မက ထုံးစံအတိုင်း “ထင်ရာမြင်ရာ” ...။ ကျောက်စရစ်ခဲလေးတွေနဲ့ ပုံဖော်ထားတယ်လို့ထင်တာ။ 
    သူကပြောတယ် မဟုတ်ဘူးတဲ့။ အဲဒါ မစိုက်ရသေးတဲ့ ပဲစေ့ အမျိုးမျိုးနဲ့ ပုံဖော်ပြီးကပ်ထားတာပါတဲ့။

    နောက်တစ်ဆိုင်ကျတော့ ပန်းချီတွေရောင်းပါတယ်။ နှစ်ယောက်သား ပါစပ်အဟောင်းသားဖြစ်သွားခဲ့တဲ့ပုံက ဒီပုံပါ။

    ဓါတ်ပုံထဲမှာတောင် တော်တော်လေးအသက်ဝင်နေတာ။ တကယ့်ပန်းချီကားအစစ်က အံသြငေးမောစရာပါ။
    ပိုက်ဆံပေါရင် အဲဒါမျိုးတစ်ကားလောက်ဝယ်ပြီး အိမ်မှာချိတ်ထားချင်တယ်။

    နောက်တစ်ဆိုင်ကျတော့ ကြေးဝါလား၊ ကြေးနီလားမသိတဲ့ အရုပ်လေးတွေ ရောင်းပါတယ်။
    အရုပ်က The Mummy Returns ထဲကလိုမျိုး တရုတ် သမိုင်းဝင်စစ်သည်တော်တွေရဲ့ အရုပ်တွေပါ။



    သူ့အရုပ်တွေ ဓါတ်ပုံချည်းစွတ်ရိုက်နေတာနဲ့ ဆိုင်ရှင်တရုတ်မကလည်း စွတ်ရောင်းနေတာပေါ့။



    ဒီလိုဘူးနဲ့တဲ့ .. စလုံးငွေ 85 ကျပ်တဲ့။ အလကားပေးတောငင် ဘယ်နားသွားထားရမှန်းမသိတဲ့ဟာကို။
    85 ကျပ်ဆိုရင် ၁၀ ရက်လောက်သုံးလို့ရတယ်။ တရုတ်မကပြောသေးတယ် .. လိုချင်ရင်လျှော့ပေးဦးမှာတဲ့။
    အဲဒါနဲ့ သူ့ကို ချွေးသိပ်ခဲ့တယ်။ ငါ ဓါတ်ပုံရိုက်ပြီးရင် ဘလော့မှာတင်ပေးမယ်လို့။

    ပုံတူဆွဲတာလည်း ရှိတယ်။ အဆွဲခံနေတဲ့ တရုတ်မကိုယ်တိုင်က လက်ညှိုးနဲ့ ကလစ်လုပ်တဲ့ပုံစံပြလို့ ရိုက်လာလိုက်တယ်။
    ကျွန်မကတော့ အညောင်းခံပြီး မထိုင်ချင်ဘူး။ အဟုတ်။ ခဲခြစ်ပုံစံလိုချင်ရင် Facebook မှာ Sketch Me ဆိုတဲ့ application ရှိသားပဲ


     
    အ၀တ်စနဲ့လုပ်ထားတဲ့အရုပ်ကလေးတွေပါ။

    ငယ်ငယ်ကတည်းက အရုပ်ကို လုံးလုံးမှမကြိုက်တဲ့ ကျွန်မတောင် အဲဒီ့နားမှ ခဏ ရစ်သီရစ်သီလုပ်မိသွားတယ်။
    အရမ်းလှလို့ပါ။

    အရောင်စုံ Ocarina လေးတွေ။ တရုတ်လို ဘယ်လိုခေါ်လည်း မသိပါဘူး။ မြန်မာလို ဘယ်လိုခေါ်မှန်းလည်း မသိပါဘူး။ 
    လေမှုတ်ကြည့်ရင် အသံလေးကတော့ နားထောင်လို့ကောင်းပါတယ်။ပလွေသံနဲ့ နည်းနည်းဆင်သလိုပဲ။
    အပေါက်လေးပေါက်ပါပြီး ဒိုရေမီဖာကို ညာဘက်ပုံမှာပြထားသလို လက်ချောင်းလေးတွေနဲ့ လိုသလို ပိတ်ဖွင့်ပြီး တီးမှုတ်ရတဲ့ တူရိယာတစ်မျိုးပေါ့။


    အခုလို တရုတ်အကျီလှလှလေးတွေ ရောင်းတဲ့ဆိုင်လေးလည်း တွေ့ခဲ့ပါတယ်။


    အဲဒီ့အချိန်မှာ နွဲ့ယဉ်ဝင်းက ....

    “၀င်သက်ထွက်သက်များ .... စကားလုံးတိုင်းပြောသမျှ” ဆိုပြီး အော်လာပါတယ်။

    သေချာနားထောင်ကြည့်တော့ နွဲ့ယဉ်ဝင်းမဟုတ်ပါဘူး .. Puff Daddy က

    “Ever step I take, Every move I make ”  ဆိုပြီး အော်နေတာပါ။

    ပြောရမှာမေ့သွားရင် အဲဒါ ကျွန်မဖုန်းရဲ့ ring tone လို့။

    “ဟယ်လို”

    “ သြော် .. ရောက်ပြီလား။ အေးအေး .. ငါတို့ တက်လာပြီ”

    ချိန်းထားတဲ့သူငယ်ချင်းတွေ ရောက်လာပါပြီ။ သူငယ်ချင်းတွေ SENTOSA သွားကြမလို့လေ။
    Sentosa ဆိုတာ အရှည်ခေါက်က ဘာလဲသိလား ...

    So Expensive Nothing TO See Actually ပါတဲ့။ အရမ်းဈေးကြီးပြီး တကယ်တမ်းတော့ လူလုပ်ထားတဲ့ဟာတွေပဲ။ ဘာမှမရှိပါဘူး။
    ကမ်းခြေကလည်း နှစ်ထွာနဲ့ တမိုက်လောက်ပါပဲ။
    ဒါပေမယ့် တစ်ကျွန်းကျနေတဲ့ ကျွန်မတို့လို့ စင်္ကာပူ ကျွန်းသူကျွန်းသားတွေအတွက် မြို့ပြကအပြင် နည်းနည်းထွက်ချင်ရင် အဲဒီ့နေရာလေးပဲ ရှိပါတယ်။

    ဓါတ်ပုံတွေလား ... ။ ဘယ်နေလိမ့်မလဲ ...။ သိပ်ရိုက်ခဲ့တာပေါ့။
    ဒါပေမယ့် .... နောက်မှပဲ တင်တော့မယ်။

Comments (2)

  • simplysuzu

    အုန်းသီးလေးနဲ့မလို့လားမသိဘူး ... blog က ပိုအသက်ဝင်လာတယ် .. ပုံလေးတွေပါ ကြည့်နေရလို့လေ ..
    မိုက်တယ်

  • chitsuelay

    @kyalzinlay - ဟုတ်တယ် ... ဘလော့ဂ်ရေးမယ်ဆိုကတည်းက ကင်မရာလိုချင်ခဲ့တာ။ အခုမှပဲ ဆန္ဒပြည့်တော့တယ်။ 

  • Sign in to Comment

  • Give eProps (?)

Who recommended?

Who gave the eProps?

2 eProps from: