၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ မနက်ပိုင်း
ကျိုက်ထီးရိုးရင်ပြင်ပေါ်တွင် မနက်က မိုးဖွဲဖွဲရွာထားသဖြင့် စိုစိုစွတ်စွတ်ရှိသည်။ အချိန်အခါမဟုတ်ရွာသောမိုးသည် အချိန်နှင့်အခါနှင့် အေးနေသောဆောင်းအား အအေးပေါ့သွားစေသကဲ့သို့ ရှိသော်လည်း ကျိုက်ထီးရိုးသို့ ကျွန်မယူလာမိသော အ၀တ်အစားများမှာ အထူများသာဖြစ်သဖြင့် ဒုက္ခရောက်ရတော့သည်။ သို့သော် ထိုနေ့တွင်ပင် ပြန်ဆင်းမည်ဖြစ်သဖြင့် ထိုဒုက္ခသည် နောက်နာရီပိုင်းလောက်သာ ခံတော့မည့် ဒုက္ခဖြစ်သည်။ ကင်ပွန်းစခန်းသို့ရောက်လျှင် ဂျင်းဘောင်းဘီနှင့် တီရှပ် ချက်ချင်းလဲဝတ်ပစ်မည်ဟု စိတ်ထဲမှာတေးထား၏။ လာတုန်းကတော့ ၂၄ ယောက်ရှိသော သူငယ်ချင်း အဖွဲ့ နှင့်လာခဲ့သော်လည်း ကျွန်မနှင့် ဆရာမက ကြိုဆင်းသဖြင့် မိန်းမသားနှစ်ဦးတည်းသာ ပြန်ဆင်းမည့်ခရီးဖြစ်သည်။ အစက ၇ ရက်နေ့ မှ ပြန်ဆင်းရန် စီစဉ်ခဲ့သော်လည်း၊ ၈ ရက်နေ့တွင် စင်္ကာပူသို့ ပြန်လာရမည်က တစ်ကြောင်း၊ ဆရာမကလည်း ၁ ရက်ကြိုဆင်းမည်ဖြင့်သဖြင့် ကျွန်မလည်းတစ်ရက်ကြိုပြီး ရန်ကုန်ရောက်တော့ အသက်ရှူချောင်ချောင်နှင့် ပြန်ဖို့ လုပ်စရာရှိတာတွေကိုလုပ်နိုင်၊ ဆရာမလည်း အဖော်ရအောင် ပြန်လိုက်ခဲ့ခြင်းဖြစ်သည်။ မိမိနှင့် မသက်ဆိုင်သော နိုင်ငံမှ အမိမြေကို လာလည်ယုံသာ လာလည် ဧည့်သွားဧည့်လာသာ နေရသည့် အဖြစ် ဖြစ်နေသည်။
သို့နှင့် တောင်အောက်သို့ ပြန်ဆင်းမည့် ကားတွေသည် ရင်ပြင်တော် အဆင်းနေရာတွင် တန်းစီနေရာယူထားကြသည်။ သြော် ဒုက္ခ .. ဒုက္ခ ... ။ သူများနိုင်ငံမှာ ၀က်တွေတင်တာလောက်တောင် သက်သောင့်သက်သာ မရှိတဲ့ကားကြီးများမှာ ထိုင်လိုက်ပြီး စီးရတော့မှာပါလား။ တင်ပါးတစ်ဝက်သာ ချစရာနေရာရှိသော သစ်သားတန်းကြီးများ ကန့်လန့်ဖြတ်ရိုက်ထည့်ထားသည့် ဒိုင်နားကားတို့၏ နောက်ပိုင်းတွင် ... ဒူးခေါင်းကိုလည်း အောက်ကလေးကိုင်းထား ... လေးဆယ့်ငါးဒီဂရီစောင်းထားမှ ထိုင်လို့သက်သာမည့် ဘ၀ဖြစ်သည်။ တိုင်းတစ်ပါးတွင် ခဏသွားရောက်နေထိုင်းပြီး ကြီးကျယ်လာခြင်းတော့ မဟုတ်ပါ။ မဟုတ်ဟု ဆိုသော်လည်း သူများတွေကတော့ အဲသလို စွတ်စွဲတော့မည်။ ရှိစေ ...။ ဒီလိုထိုင်ရတာ ဘာကြာမလဲ အလွန့်အလွန်ဆုံး ၄၅ မိနစ်ပေါ့။ ကျွန်မ နဲ့ ဆရာမ ကား၏ဘယ်ဘက်ဘောင်ကို ကပ်လျက် အရှေ့တစ်တန်း အနောက်တစ်တန်းစီ ထိုင်လိုက်ကြသည်။ ကျွန်မက ရှေ့ က၊ ဆရာမက နောက်က။
ကားကလူမပြည့်သေးပါ။ ကျွန်မတို့ကလည်း မပြည့် သေးသည့် ကားမှ ရွေးတက်ခဲ့ခြင်းဖြစ်သည်။ မြန်မြန်ရောက်တာထက်စာလျှင် ကိုယ်ထိုင်ချင်သည့် နေရာ ထိုင်ရစေရန်ဖြစ်သည်။ တဖြည်းဖြည်းလူတွေတက်လာသည်။ အနောက်မှာလည်း အိတ်တွေက ပြည့်လာသည်။ ကျွန်မဘေးတွင် ကလေးလေး တစ်ယောက်ရောက်လာသည်။ ၇ နှစ်သမီးလောက်ဖြစ်မည်ထင်သည်။ မိသားစုတစ်စုဖြစ်ပုံရသည်။ အစ်ကိုနှစ်ယောက်နှင့် ညီမလေးအငယ်ဆုံး၊ မိဘနှစ်ပါး ပြီးတော့ အဒေါ်တစ်ယောက်ဖြစ်ပုံရသည်။
ကလေးလေး၏ဘေးတွင် သူမ၏အစ်ကိုအကြီးလာထိုင်သည်။
ထိုကောင်လေးသည် ကျွန်မထက် လေး၊ ငါး နှစ်လောက် ငယ်ပုံရ၏။ ကျွန်မ မှန်းမိသည်ကတော့ ၁၆ နှစ်ပေါ့ ... ၁၀ တန်းဖြေပြီးလောက်ဖြစ်လိမ့်မည်ထင်သည်။ သို့မဟုတ် ဆယ်တန်းပေါ့။ ဆယ်တန်းကျောင်းသားတော့ သိပ်မဖြစ်နိုင်။ မတ်လမှာဖြေရတော့မည့် ဆယ်တန်းစာမေးပွဲရှိသည့်အတွက် ဇန်န၀ါရီလမှာ ကျိုက်ထီးရိုးတက်နိုင်သော ဆယ်တန်းကျောင်းသား တော်တော်လေး ရှားပါလိမ့်မည်။
ကောင်လေးကအသားညိုညို၊ သွယ်သွယ်။ ကိုင်းနေလောက်အောင်မြင့်သောအရပ်မဟုတ်သော်လည်း သူ့အရပ်နှင့် ခန္ဓာကိုယ်အရွယ်အစား အချိုးအစားပြေပြစ်ပါသည်။ ကောင်လေးကမျက်နှာချိုသည်။ ထိုမျက်နှာချိုချိုတွင် သိပ်မထူထဲသော်လည်း တိကျသော မျက်ခုံးအစုံက ဘောင်ခတ်ထားသည်။ မျက်လုံးသေးသော်လည်း မျက်ဆံနက်သည်။ ရယ်လိုက်လျှင် နှုတ်ခမ်းက ပါးလျသွားပြီး ညာဘက်အပေါ်စွန်းက သွားချွန်ချွန်လေးကထွက်လာသည်။ (အခုလိုပြန်ချရေးမိတော့မှ ကျွန်မ ကိုယ့်ဟာကိုယ် တော်တော်ရယ်ချင်သွားသည် ... တော်တော့်ကို အသေးစိတ်ကြည့်ခဲ့သည်ပဲ)။ ထူးထူးခြားခြား ကြည့်အကောင်းဆုံးအရာတစ်ခုက သူ့ ဆံပင်ဖြစ်သည်။ ကောက်ကွေးနေသော ဆံပင်သည် ယောက်ျားတော်တော်များများနှင့် မလိုက်သော်လည်း သူ့ခေါင်းပေါ်မှာကျတော့ တော်တော်လေးကို ကြည့်ကောင်းသည်။ ရှင်တို့ ဆံပင်ကောက်ကောက် (ဖင်ကောက်ကောက်) ကပလီရုပ်လေးတွေကိုများ မြင်ဖူးကြလား။ ထိုအရုပ်၏ ဆံပင်မျိုးဖြစ်သည်။
ကားစထွက်သည်နှင့် ကျွန်မဘေးက ကလေးမလေးက မုန့်တစ်ခုပြီးတစ်ခုစားတော့သည်။ သူ့အစ်ကိုကိုလည်း “ကိုကောင်းမြတ် ဟိုဟာလုပ်ပေးဦး” “ကိုကောင်းမြတ် ဘယ်ဟာယူပေးဦး” စသဖြင့် ကိုကောင်းမြတ် ကိုကောင်းမြတ်နှင့် တစာစာခေါ်သဖြင့် ထို့ အရုပ်ကလေးနံမည်မှာ ကောင်းမြတ်ဟုသိရသည်။
ကျွန်မနောက်က ဆရာမကနေ ကလေးမလေးကို မေးသောမေးခွန်းများ၏ကျေးဇူးကြောင့်လည်း သတင်းအချက်အလက်တစ်ချို့ သိရသေးသည်။ ကျွန်မ တော်တော်လေးကို စပ်စုခဲ့သည်ပဲ။ ကျွန်မကိုယ်တိုင် စပ်စုသည်တော့မဟုတ်ပေ။ သို့သော် ကြားရသမျှစကားသံများကို ခေါင်းထဲသို့ ထည့်ခြင်းဖြင့် ကျွန်မ စပ်စုခဲ့ပါသည်။ ကောင်လေးက တော်တော့်ကို ဆွဲဆောင်မှုရှိသည်ကိုး။
“ သမီးနံမည်ဘယ်လိုခေါ်လဲ ”
“ နှင်းထက်ထက်ဝေ ”
“ ဘယ်နှစ်တန်းရောက်ပြီလဲ ”
“ ၂ တန်း ”
“ ဘယ်ကျောင်းကလဲ ” ထိုမေးခွန်းကိုတော့ ကျွန်မ၀င်မေးမိခြင်းဖြစ်သည်။ များသောအားဖြင့် ကျောင်းသားကျောင်းသူတို့အိမ်သည် မိမိတက်သောကျောင်း၏ အနီးတ၀ိုက်တွင်ရှိတတ်သည်မဟုတ်လော။ ဘုရားသိကြားမလို့ ဆရာမ မရိပ်မိပါစေနှင့်။ ကျွန်မ တော်တော် ဆိုးပါလား။ ဆယ်ကျော်သက်အရွယ်လည်း မဟုတ်တော့ပါပဲနှင့်။
“ ပုဇွန်တောင် ၂ က”
ထိုကောင်မလေး သေးသေးလေးနှင့်တော့ ကျွန်မရော ဆရာမပါ အဖွဲ့တွေကျသွားသည်။ ကလေးမလေးက အံတတ်သဖြင့် သူ့အမေက ပေးထားသော ကျွတ်ကျွတ်အိတ်အား တစ်ကိုင်ကိုင် တစ်ပြင်ပြင်လုပ်နေသည်။ ကားကဖြင့် မထွက်သေးပါပဲနှင့်။ ဒါကိုမြင်တော့ သူမ အစ်ကိုက ပြုံးပြီး ကားကလည်း မထွက်သေးတာကို၊ သိမ်းထားဟု ပြောသည်။
ပြောရရင်တော့ ထိုအရုပ်ကလေး၏ အသံသည် တော်တော်လေး ဆွဲဆောင်မှုရှိပါသည်။ ခပ်သြသြ၊ ရှရှ အခုမှ လူပျိုဘော်ဝင်ခါစ အသံမျိုးတွင် ချိုမြမှုပါသည်။
ထိုကလေးလေးနှင့်သာ စကားပြောနေခဲ့သော်လည်း ကျွန်မအာရုံတွေ ကလေးလေးဆီမှာ သိပ်မရှိခဲ့ပါ။ ခေါင်းကို လေတိုက်မှာစိုး၍ ၀တ်ထားသော ဦးထုပ်ကို အကာအကွယ်ယူရင်း ကျွန်မသူ့ကို ခဏခဏ ခိုးကြည့်ဖြစ်ခဲ့သည်။
သူ့ညီမလေးက ကိုယ်တွင်ဝတ်ထားသောအကျီကိုဆွဲပြပြီး “ဒါ မေမေ့ အကျီဝတ်ထားတာ” လို့ပြောတော့ လူကြီးတွေက “သိပ်လည်း မကြွားပါနဲ့ သမီးရယ်” ဟု တားယူရသည်။
တောင်အောက်ရောက်ကာနီးတွင် အစားတွေ တရစပ်စားခဲ့သော ထိုကလေးမတစ်ယောက် ချွေးတွေပျံပြီး မူးပါတော့သည်။ ကောင်မလေးက ကျွန်မဘေးတွင်ရှိသဖြင့် မနေသာပဲ ယပ်ခပ်ပေး၊ မျက်နှာကို လေနှင့် မှုတ်ပေး စသဖြင့် လုပ်ကိုင်ပေးနေရသောအခါ သူနှင့် ကျွန်မ အလုပ်တစ်ခုကို အတူတူ လုပ်နေသလိုဖြစ်သွားသည်။ စကားတော့ မပြောဖြစ်ပါ။ စကားမပြောဖြစ်သော်လည်း မိန်းကလေးတို့၏ ဆဌမအာရုံအရ ထို့ကောင်လေးသည်လည်း ကျွန်မအပေါ် စိတ်ဝင်စားကြောင်းသိခဲ့သည်။
တောင်အောက်ရောက်တော့ ကျွန်မထင်မြင်ချက် မှန်ကြောင်းသိရသည်။ ကျွန်မတို့ ရန်ကုန်သို့ ပြန်စီးမည့်ကားသည် ရွှေအိုးစည် ဖြစ်သည်။ သူတို့လည်း ရွှေအိုးစည် နှင့်ပင် ပြန်ဖြစ်မည့်အကြောင်းကို သိရသည်။ သို့သော် စီးရမည့်ကား တူ၊မတူတော့ မသေချာပါ။ တစ်စီးတည်းလည်း ဖြစ်နိုင်သည်။ ထိုဖြစ်နိုင်ချေလေး ဖြစ်လာဖို့အတွက် ကျွန်မဆန္ဒရှိခဲ့သည်ဆိုတာကိုတော့ ရှင်တို့လည်း ရိပ်မိမည်ထင်သည်။
အဲဒီ့ အချိန်မှာ သူ စကားလာပြောသည်။ ကျွန်မကို သူ စကား တကယ်လာပြောခဲ့သည်။ သူ့မျက်နှာချိုချိုကို သတိလက်လွတ် ငေးခဲ့မိလား၊ မငေးခဲ့မိဘူးလား ကျွန်မ မမှတ်မိပါ။
“အစ်မ ကား ဘယ်တော့ထွက်မှာလဲ သိလား”
“၁၂ ခွဲလောက်ဆိုရင် ထွက်မယ်လို့တော့ ပြောတာပဲ”
“ဟုတ်လား ... ဒါဆို တော်တော် လိုသေးတာပဲ”
“ဆယ်တန်းဖြေထားတာလား” (စကားကို ကွေ့ ၀ိုက်ပြီး ကိုယ်လိုရာရောက်အောင် ဆွဲ မေးတတ်သည့် အတတ်ပညာတွင် ကျွန်မ တော်တော်လေး ညံ့ပါသည်။)
“သားက second year”
သူ့ကိုယ်သူ သားဟု သုံးနှုန်းသည်ကို ကျွန်မ သဘောကျမိသလို၊ ရင်လည်းခံမိသည်။ သူ့ထက်အသက် ၄ နှစ်ကျော်ကျော်၊ ၅ နှစ်လောက်ခန့် ကြီးသော အစ်မကြီးတစ်ယောက်ကို သားဟု သုံးနှုန်းသည်မှာ သိပ်တော့ မလွန်ဟုထင်သည်။ သို့သော် အသက် ၂၃ နှစ်မပြည့်သေးသော ကျွန်မသည် ဒုတိယနှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ့ကိုယ်သူ သားဟု သုံးနှုန်းရသည်အထိ ရုပ်ရည်က ရင့်နေပြီလား။
ကျွန်မ ပြုံုးလိုက်မိသည်ဟုထင်ပါသည်။
“ဘယ်ကျောင်းကလဲ”
“ GTC သံလျင်က”
“ သြော် ဟုတ်လား။ မမ (ကျွန်မဘေးက ဆရာမကို ညွှန်ပြပြီး) GTC က ဆရာမ၊ ဒါပေမယ့် အခုတော့ အေးသာယာမှာတဲ့။ နော် ဟုတ်တယ် နော် မမ”
ဆရာမက ခေါင်းငြိမ့်ပြသည်။ သို့သော် ကျွန်မတို့ စကားဝိုင်းထဲသို့ ၀င်မလာပါ။
“ဘာမေဂျာလဲ”
“ မက္ကထရောနစ်”
ပြီးတော့ ပြောစရာစကားစ မရှိတော့ပြန်။ တကယ်တော့ ကျွန်မ အကြောင်းကို သူနည်းနည်းတော့ မေးခဲ့ဖို့ ကောင်းသည်။ အစ်မကော ... ဘာညာပေါ့။
ခဏနေတော့ ခရီးသည်တွေ ကားပေါ်တက်ဖို့ ခေါ်သည်။ ဖြစ်ချင်တော့ မမနှင့် ကျွန်မက ကားပေါ်အရင်ရောက်သွားသည်။ နောက်ဆုံးတန်း၏ အရှေ့တစ်ခုံတွင်ဖြစ်သည်။ သူနှင့် သူ့မိသားစုကတော့ ဟိုးရှေ့ဆုံးမှာ။ သူကားပေါ်တက်လာပြီး ကျွန်မကို ဟိုဟိုဒီဒီရှာတော့ ကျွန်မ ပြန်ပြုံးပြလိုက်ပါသည်။ ကျွန်မပြုံးသည်ကိုတွေ့တော့ သူလည်း ပြုံးသွားသည်။ ထိုအပြုံးသည် ယခုလို့ ၀တ္ထု ပြန်ရေးရလောက်သည်အထိ ဆွဲဆောင်မှု အားကောင်းခဲ့သည်ဟု ကျွန်မပြောလျှင် ရှင်တို့ယုံစေချင်သည်။
ရွှေအိုးစည်၏ အစီအစဉ်အတိုင်း ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားတွင် ခဏဆင်းပြီး ဘုရားဖူးကြတော့လည်း သူကျွန်မ ကိုလိုက်ကြည့် ခဲ့သည်ဆိုတာ ကျွန်မသိသည်။ အမေတွေ၊ အဒေါ်တွေနှင့်လာတော့ သိပ်ကြီးတော့ ပေါ်တင်ကြီး မဟုတ်ခဲ့ဘူးပေါ့လေ။ ပဲခူးရွှေမော်ဓောဘုရားတွင်လည်း ကျွန်မနှင့် မျက်နှာချင်းဆိုင်တွေ့အောင် ဘုရားကို ဟိုဘက်က လှည့်ပတ်ခဲ့သေးသည်။
ခရီးလမ်းတစ်လျှောက်သည် ထိုကောင်လေးကြောင့် ရင်ခုန်သံနည်းနည်းမြန်ခဲ့သည့် ကွန်မအတွက် စိုစိုပြေပြေဖြစ်ခဲ့ရပါသည်။ ထို့ထက်မပိုဟု ပြောပြလျှင် ယုံစေချင်သည်။
====================================
ရန်ကုန်အ၀င်ရောက်တော့ အင်းစိန်သို့ ပြန်ရမည့် ဆရာမက စော်ဘွားကြီးကုန်းတွင် ဆင်းသွားသည်။ ကျွန်မအိမ်က ကန်တော်ကြီးစောင်းမှာဆိုတော့ ဂိတ်ဆုံး အောင်ဆန်းကွင်းထိစီးသွားရသည်။
ဂိတ်ဆုံးရောက်တော့ မီးပြတ်နေသည်။ မှောင်လိုက်တာမှ မဲလို့။ ကားမီးများမှလွဲလျင် ဘာအလင်းရောင်မှမရှိပါ။ ကျွန်မစိတ်ထဲ ကြောက်ရွံ့လို့လာသည်။
ထိုအချိန်တွင် ..
“ ဟိတ် ”
အမှောင်ထဲမှ နားနားမှ ကပ်ခေါ်လိုက်သော်လည်း လန့်မသွားပါ။ ထို့ အသံသည် ကျွန်မ အလွန်ရင်းနှီးသော အသံဖြစ်သည်။ သို့သော် ရှင်တို့ထင်ထားသလို ဟိုကောင်လေး အသံမဟုတ်ပါ။
တစ်ဆက်တည်းပင် ကျွန်မလက်ထဲမှ အထုပ်က ချက်ချင်းပေါ့ကျသွားသည်။ သူက လက်ပြောင်းယူလိုက်သည်ကိုး။
“ ကား ငှားထားတယ် ... လာ။ အထုပ်တွေထားပြီးရင် ညစာ လိုက်ကျွေးမယ်။ ဗိုက်ဆာနေပြီလား”
“ဟင့်အင်း။ မေမေတို့က ညစာကို သူတို့လိုက်ကျွေးမယ်ပြောတယ်”
ထို့နောက် အောင်ဆန်းကွင်းကနေ၊ ကန်တော်ကြီးစောင်းထိ ကားစီးရတာ သိပ်မကြာပါ။ ကားပေါ်မှာ သူမေးသည်။ သူ့လေသံ နူးနူးညံ့ညံ့သည် ကျွန်မအတွက် မည်သည့်အခါမှ မပြောင်းလဲတတ်သည့် ထုံးစံအတိုင်း။
“ကျိုက်ထီးရိုးမှာ ပျော်ခဲ့ရဲ့လားဟင် ကောင်မလေး”
“ပျော်တာပေါ့။ အခုလမ်းမှာ ဘောင်ကြဲခဲ့တယ်”
“ဘာလဲ ဘောင်ကြဲတာ ...”
ကျွန်မမဖြေပါ။ သို့သော် သူက ချက်ချင်း သဘောပေါက်သွားပြီ။
“နာမယ်။ ရိုက်ခံရမယ်။ ”
“သြော် အဟုတ် ... ကောင်လေးက အရမ်းချောတယ်သိလား။ ချောတာမဟုတ်ဘူး။ ချစ်ဖို့ကောင်းတာ”
“တော်တော်နာချင်ပြီ ဟုတ်လား” ဟုပြောပြီး သူကျွန်မလက်ကို ဆွဲယူလိုက်သည်။
သို့သော် လက်ဖမိုးပေါ်သို့ ကျလာသည်မှာ အနမ်းတစ်ချက်သာဖြစ်သည်။ ထိုအချိန်တွင် ကျွန်မ ဆံပင်ကောက်ကောက်နှင့်အရုပ်ကလေးအားသတိမရ၊ သူ့သွားတက်နှင့်အပြုံးကိုလည်း သတိမရဟု ကျွန်မ ကျိန်တွယ်ပြောရဲပါသည်။
တခဏတာ သာယာမှုများ၊ စိတ်ကစားမှုများ မကြာခဏရှိသော်လည်း တကယ်တော့ ကျွန်မမှာ တဘ၀စာ ရည်ရွယ်သူသည် ကျွန်မနှင့်တွေ့တိုင်း ကျွန်မလက်ဖမိုးကို နမ်းတတ်သည့် “သူ” သာဖြစ်သည်။ ထို့ကဲ့သို့ ကျွန်မယုံသည့် အကြောင်းကိုလည်း “သူ” သိပါသည်။ ထိုယောက်ျားသည် ကျွန်မကို အမြဲတစေခွင့်လွှတ်တတ်သော ယောက်ျားတစ်ယောက်ဖြစ်၏။
မောင့်ကိုလွမ်းလားဟုမေးတော့ ကျွန်မ ပြုံးပြီး ခေါင်းငြိမ့်ဖြေခဲ့ပါသည်။
ရွှေစူး
Sunday 24 Jan, 2010.
02:07 AM
Comments (5)
ညီမလေးက လူငယ်တွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ခံစားချက်လေးကို အရိုးသားဆုံးနဲ့ အမှန်အတိုင်း ရေးပြထားတာဘဲ...ဖတ်လို့ တကယ်ကောင်းပါတယ်
ဟီးဟီး ဘောင်ကြဲတာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်တယ်နော် ..
@kabyarchitthu - ဟိ .. ဟုတ်ပါ့။
သြော် ... ဘုရားသွား ကုသိုလ်လုပ်တာချင်း အတူတူတောင် ကွာပါ့ ... ဘောင်ကြဲချိန်မရလိုက်ဘူး .. ဒေါက်တိုင်ကြီးပါနေလို့
ရွှေအိုးစည်ဆိုတော့ သတိရသွားတယ် ... ပန်းဆိုးတန်းမှာသွားပြီး ရွှေကြေးစည်ဆိုင်ထဲမှာ ရွှေအိုးစည်လက်မှတ်သွားဝယ်မိလို့ ... trip planner ကိုလည်း အားနာသွားတယ် ... ပါးစပ်ထဲမှာတောင် ရသေ့တောင်လောက်ရောက်နေပြီ ... ပိုက်ဆံပေးတော့မယ်ဆိုမှ ဆိုင်မှားဝင်မှန်းသိလို့ ပြန်ထွက်လာရတယ် ...
ပာုတ်တယ်ငါဆိုလဲချစ်သူရှိရဲ့ သါးနဲ့ တခါတလေစောင်ကြော်ချင်တယ်စိတ်ကူးလေးနဲ့ ပေါ့လေးမထိခလုပ်ထိခလုပ်ပေါ့နော်
ဒီတပုဒ်က၀ီရရသကိုပေးတယ်ပီးခါနီးလေးကောင်းအိကောင်းအိ