Tuesday, 19 January 2010
  • တံတိုင်း
    တံတိုင်းတစ်ခုဆောက်လုပ်ရန် ကြာသည့်အချိန်နှင့် ထိုတံတိုင်းကို ဖြိုဖျက်ရန် ကြာသည့်အချိန် မည်သည်က ပိုများသည်ကို ကျွန်မ မသိပါ။ တံတိုင်း တစ်ခုကို ဖြိုဖျက်ရန် ကျွန်မ စတင်ကြိုးစားသည့်အချိန်တွင် တံတိုင်းသည် အခိုင်အခံ့ဆောက်လုပ်ထားပြီး ဖြစ်ကြောင်း ၀မ်းနည်းဖွယ်တွေ့ရသည်။ သေးသေးမွှားမွှား ပဋိပက္ခများနှင့် အစပြု၍ ကြီးကြီးမားမား နာကြည်းမှုများအထိ ထိုတံတိုင်းတွင် ပါဝင်ပါသည်။ ထိုတံတိုင်းသည် ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင်မှ မရှိသင့်သော တံတိုင်းဖြစ်သည်။ သို့သော်လည်း မရှိသင့်ဆုံးနေရာတွင်မှ ထိုတံတိုင်းကို ကျွန်မကိုယ်တိုင်တည်ဆောက်ခဲ့မိပါသည်။ အလျှော့မပေးလိုသော၊ မနာခံတတ်သော၊ လောဘကြီးသော၊ အတ္တကြီးသော၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓါတ်တို့ဖြင့် ကျွန်မနှင့် မေမေ့ကြားတွင် တံတိုင်းတစ်ခုအား ကျွန်မကိုယ်တိုင် အခိုင်အမာ ဆောက်လုပ်မိခဲ့ခြင်းဖြစ်သည်။
    ထိုနေ့က မေမေ ဖေဖေ့ ရုံးအကျီအဖြူများကို မီးပူတိုက်ပေးနေခဲ့သည်။ ရှပ်အကျီများကို အချိုးအစားကျကျ အရွယ်ညီညီနှင့် ကော့ပျံနေအောင် အိမ်ရှိ ကူညီသောသူများ မတိုက်တတ်ပါ။ မေမေက ကျွမ်းကျင်စွာ ပညာရှင်အဆင့်တိုက်တတ်ပြီး၊ ကျွန်မကတော့ မေမေ့ခြေဖျားမမီနိုင်စွာ ၀ါသနာရှင်အဆင့်မျှ တိုက်တတ်ပါသည်။ အသက်ကြီးပြီးဖြစ်သော မေမေသည် မီးပူတိုက်ရန် ကြာရှည်စွာမထိုင်နိုင်။ ထို့ပြင် နေ့ခင်း အပူဒဏ်အောက်တွင် မီးပူမှ အပူငွေ့ကိုလည်း မခံလိုကြောင်း ကျွန်မသိသဖြင့်
        “သမီးတိုက်ပေးမယ် မေမေ” ဟု စိတ်လိုလက်ရ ကမ်းလှမ်းခဲ့သည်။ ဆယ်ခါ့ရံတစ်ခါသာ အိမ်အလုပ်လုပ်လေ့ရှိသော ကျွန်မသည် မေမေ လုပ်ကိုင်နေရသည်ကို ကူညီလိုသော စိတ်ဖြင့် ပြောခဲ့ခြင်းသာဖြစ်သည်။
        “အေး .. ဒီတိုက်ပုံတစ်ထည်ပြီးရင် တိုက်” ဟုပြောပြီး ထိုတိုက်ပုံပြီးသည် အထိ မေမေ မီးပူဆက်တိုက်နေခဲ့သည်။ အချိန်မှာ နေ့လည် ဆယ့်တစ်နာရီ ထိုးခါနီးဖြစ်သည်။ ကျွန်မ ဗိုက် သိပ်မဆာသေး။ မီးပူတိုက်ပြီးကာမှ မေမေနှင့်အတူ စားမည်ဟု စိတ်ကူးထားပါသည်။ မေမေနှင့် ထမင်းလက်ဆုံစားရလျှင် ကျွန်မပျော်ပါသည်။ အတူတူ မစားနိုင်လျှင်တောင်မှ ကျွန်မ ထမင်းစားသည့်အနားတွင် မေမေ့အား ထိုင်စောင့်ပေးစေချင်ပါသည်။
    မေမေ့ဆီမှ မီးပူတိုက်သည့်အလုပ်ကို လက်လွှဲရယူပြီးနောက် ဖေဖေ့အကျီများကို ကျွန်မ ဆက်တိုက်နေခဲ့သည်။ အတတ်နိုင်ဆုံး ပြန့်ပျူးစေရန်၊ ခေါက်ချိုးညီစေရန်၊ မေမေ့လက်ရာအား မဆိုစလောက်လေးဖြစ်ဖြစ်ပင် မီစေရန် စိတ်နှစ်ထား၍ ကြိုးစားပန်းစားတိုက်နေခြင်းဖြစ်သည်။ မီးပူချည်းသက်သက် မပြန့်နိုင်သောနေရာတွင် ရေဖျန်းတန်ဖျန်း၊ ကော်ဖျန်းတန်ဖျန်းနှင့်ပင် စိတ်လိုလက်ရ အလုပ်လုပ်နေခဲ့ပါသည်။ အောက်ထပ်တွင်ရှိသော ထမင်းစားခန်းမှ တစ်စုံတစ်ခုသော အသံအား သတိထားမိသည်။ ဇွန်း၊ ခရင်းနှင့် ဖန်ပန်းကန် ရံဖန်ရံခါ ထိခတ်သွားသော အသံ၊ တနည်းအားဖြင့် မေမေ ထမင်းစားနေသောအသံ။ အသံသည် အပေါ်သို့ တက်လေ့ရှိသည့်အတိုင်း အောက်ထပ်မှ အသံကို ခပ်တိုးတိုးမျှပင် အပေါ်မှ ကြားရသော်လည်း အပေါ်ထပ်မှအသံ အောက်သို့ရောက်ရန်မူ ကြုံးအော်ရပါသည်။ သို့နှင့်
        “မေမေ ထမင်းစားနေတာလား” ဟု အော်မေးလိုက်ရသည်။
        “အေး ဟုတ်တယ်”
        “မေမေက သမီးကိုလည်း မခေါ်ဘူး” ဟု ထပ်မံ၍ အာပြဲစွာပင် စောဒကတက်မိလျှင်
        “လာစားလေ” ဟု မေမေက လှမ်းခေါ်ပါသည်။
    သို့သော် ကျွန်မ သွားမစားဖြစ်ပါ။ အလွန်နှေးကွေး၍ မကျွမ်းကျင်သဖြင့် မီးမပြတ်ခင် အကျီအဖြူတွေချည်းပဲဖြစ်ဖြစ် လက်စသပ်နိုင်ရန် ကြိုးစားနေရပါသည်။ ထိုစဉ် မေမေရောက်လာပြီး
        “သွားစားရင်စားလေ။ မေမေ တိုက်ထားလိုက်မယ်” ဟုပြောတော့
        “သမီးက ထမင်းစားချင်လို့မှ မဟုတ်တာ။ မေမေနဲ့ အတူတူ စားချင်တာကို ...” ဟု ပြောပြမိသည်။
        “ငါလည်း ဗိုက်ဆာလို့ စားတာမဟုတ်ဘူး .. ပြီးရင် ပြီးရော ဆိုပြီး စားလိုက်တာ” ဟု မေမေက မရေမရာ ပြန်ရှင်းပြသည်။
        “ဗိုက်မဆာလည်း သမီးကို စောင့်ရောပေါ့ မေမေရယ် ... ” ဟုပြောမိရာ အတူတူစားချင်သော ဆန္ဒနှင့် အပြစ်တင်မိသလိုဖြစ်သွားသည်။
        “ပြောမှ မပြောထားပဲ ... ပြဿနာမရှာစမ်းပါနဲ့အေ” ဟု ပြောပြီး မေမေ အောက်ပြန်ဆင်းသွားတော့သည်။
    ရှပ်အကျီ အဖြူတွေကုန်တော့ ထမင်းစားရန် ကျွန်မ အောက်သို့ဆင်းခဲ့သည်။ ထမင်းလက်ဆုံ မစားဖြစ်သော်လည်း ကျွန်မတောင်းဆိုသည့်အခါတိုင်း မေမေ ကျွန်မဘေးတွင် ထိုင်စောင့်ပေးလေ့ရှိပါသည်။ ကျွန်မ အောက်သို့ရောက်ကာမှ မေမေက အပေါ်တက်မည့် ဟန်ပြင်တော့
        “ဘာသွားလုပ်မလို့လဲ မေမေ”
        “ဟဲ့ ... မီးပူတိုက်ရမယ်လေ ...။ မီးမပြတ်ခင်အမီ မီးပူတိုက်ရမယ်”
    သမီးထမင်းစားနေတုန်း မေမေ ဘေးက ထိုင်ပေးရင် ကျေနပ်တတ်သည်ကို မေမေလည်း သိသားနှင့်။ မီးပူတိုက်ရန် မည်မျှ အရေးကြီးပါသနည်း။
        “မီးဘယ်အချိန်ပြတ်ပြတ်ပါ မေမေရာ ... ခဏတော့ ထိုင်ပေးပါဦး” ဟု ကျွန်မပြောတော့  မေမေ ထမင်းစားစားပွဲနား လာရပ်ရုံ ရပ်နေခဲ့သည်။
    မလိုအပ်ပါပဲနှင့် ကျွန်မအကြီးအကျယ် ၀မ်းနည်းသွားသည်။ မေမေက ကိုကြီးဆို ဘာမှ ပြောစရာတောင် မလိုပဲ ထမင်းစားတိုင်း ထိုင်စောင့်ပေးခဲ့သည်။ သေးသိမ်ညံ့ဖျင်းသော မစ္ဆရိယစိတ်တို့က ရင်ထဲအနှံ့ နေရာယူလာကြသည်။
    ရင်ထဲက စကားတို့သည် ပါးစပ်က မထိန်းချုပ်လိုက်နိုင်မီပင် ဝေါကနဲ အန်ထွက်ပြီး ဖြစ်သေည်။
        “မေမေက သမီးနဲ့ ထမင်းတစ်ဝိုင်းထဲ  မစားချင်ဘူးလား ...။ ဗိုက်မဆာပဲနဲ့များ နည်းနည်း စောင့်လိုက်ရောပေါ့” ဟု ရှိုက်ကြီးတငင်ပြောမိတော့
        “ဒါ ငိုစရာမှ မဟုတ်ပဲ”ဟုသာ မေမေ ပြောခဲ့သည်။ သို့သော် “မငိုပါနဲ့” ဟူ၍တော့ မေမေ ဘယ်တုန်းကမှ မချော့ခဲ့ဖူးပါ။ အင်မတန် အချော့ကြိုက်သော သမီးနှင့် နည်းနည်းမှ မချော့တတ်သော မအေ ဆုံဆည်းဖို့ ဖန်လာသည်မှာ ရွေးခြယ်ခွင့်မရှိသော ကံကြမ္မာ ကြောင့်ပင် ဖြစ်မည်။
        “နင် ကွန်ပျူတာရှေ့ထိုင်ပြီး ထမင်းမေ့ ဟင်းမေ့ဖြစ်နေတာမျိုးကျတော့ ငါတို့ ဘာပြောလဲ။ အခုလည်း ဘာမှမဟုတ်တာလေးကို complaint မတက်နဲ့”
        ဘာမှမဟုတ်တာလေးကို complaint မတက်ရကြေးဆို မေမေလည်း မီးခဏလေးပြတ်သွားတာကို ဖုန်းဆက်မပြောနဲ့ပေါ့။ တကယ်တော့ ထိုစကားကို စိတ်ထဲမှာသာပြောခြင်း ဖြစ်ပါသည်။ မိဘကို ထော်လော်ကန့်လန့်လိုက်ပြောချင်သော ကျွန်မစိတ်တွေကို အတတ်နိုင်ဆုံးချိုးနှိမ်မှ ဖြစ်မည်။ တံတိုင်းကို ဖျက်ချင်သည်မဟုတ်ပါလား။
        “မဟုတ်ဘူးလေ ...။ သမီး ထမင်းစားရင်း ဘေးမှာထိုင်ပေးပါ ကြိုက်ပါတယ်လို့ ခဏခဏ တောင်းပန်ရတာကော ... တစ်ခါလည်းမဟုတ်ဘူး။ နှစ်ခါလည်း ....”
    မေမေ ဟက် ကနဲ တစ်ချက်ရယ်လိုက်ပြီးမှ ကျွန်မရှေ့တွင် ၀င်ထိုင်သည်။ မေမေ့ ရယ်သံကို ကျွန်မ ချက်ချင်း သဘောပေါက်ပါသည်။ ကျွန်မကကော တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်သည့် အခါခါပြောရသော မိဘစကားကို အမြဲ နားထောင်နေခဲ့ပါသလား။
    ရှေ့တွင် မေမေထိုင်ပေးနေပါလျက်က ကျွန်မထမင်းစားနေရသော ထမင်းဝိုင်းသည် ကြောက်စရာကောင်းလောက်အောင် တင်းမာလျက်ရှိသည်။ ကျွန်မဖြစ်စေချင်သည်မှာ ထိုသို့မဟုတ်ပါ။ မေမေချက်ထားသည့်ဟင်းတစ်ချို့ကို ကျွန်မပန်းကန်ထဲသို့ ထည့်ပေးစေလိုသည်။ ကျွန်မကိုယ်တိုင် နှစ်သက်ရာဟင်း ခပ်စားနိုင်သည့်တိုင် မေမေ့ဂရုစိုက်မှုနှင့် နွေးထွေးမှုအား ထိုသို့ ပြစေချင်မိသည်။ ရောက်ရာ ပေါက်ရာ စကားတစ်ချို့ပြောချင်သည်။ ယခုမူ ထမင်းဝိုင်း တစ်ဝိုင်းလုံးကား တိတ်ဆိတ်လျက်။ မေမေသည် တာဝန်ဝတ္တရားအရ ထိုင်နေရသကဲ့သို့ပင် တောင့်တောင့်ကြီးဖြစ်နေသည်။ ဟင့်အင်း ၀တ္တရားအရကို မဟုတ်ဘူး ...။ အပြစ်ခံရသလို ၀ဋ်ခံရသလို မျက်လုံးမျိုးတွေနှင့်။ မေမေ ကိုကြီးဘေးမှာ ထိုင်နေတဲ့အခါ ဒီလိုပုံစံမျိုး မဟုတ်ပါဘူး။
    ထိုအတွေးမျိုးဝင်လာသည့်အခါ ဖေဖေပြောဖူးသည် စကားကို သွားသတိရသည်။
    “ကိုကြီးနဲ့သွားသွားမယှဉ်နဲ့လေ။ ဟိုက မအေ ဘာပြောပြော ငုံ့ခံတဲ့ဟာ။ မျက်နှာကြီးရဲတက်လာတာတောင်မှ ဘာမှပြန်ပြောတာမဟုတ်ဘူး။ သမီးက အတုယူပေါ့။ ကိုကြီးကို ဆက်ဆံသလိုမျိုး သမီးကို ဆက်ဆံစေချင်ရင် ကိုကြီးလိုပဲ မေမေ့ကိုသီးခံ။ သမီးဖြစ်စေချင်သလိုမျိုး မဖြစ်တာကို အပြစ်မပြောနဲ့လေ။ သမီးကကော မေမေ ဖြစ်စေချင်သလိုမျိုးဖြစ်လို့လား”
    ထိုတုန်းက ဖေဖေ့ကို ပြန်မဖြေနိုင်ပဲ ကျွန်မ နှုတ်ဆိတ်နေခဲ့မိသည်။ ကိုယ်ဖြစ်စေချင်တာ သူမဖြစ်၊ သူမဖြစ်စေချင်သလိုမျိုး ကိုယ်ဖြစ်နှင့် ဒီသားအမိကြားမှာ နားလည်မှုနှင့် ညှိနှိုင်းမှုကား ဘယ်သောအခါမှ ရောက်လာမည်နည်း။ ထိုမေးခွန်းအား ကျွန်မကိုယ်ကျွန်မ အကြိမ်ကြိမ်အခါခါ မေးမိသော်လည်း အဖြေထွက်မလာနိုင်ခြင်းမှာ ကျွန်မဘက်မှ စကြိုးစားမှ ရမည်ဟုသော အဖြေကို လက်မခံနိုင်၊ လက်မခံချင်မိသောကြောင့် ဖြစ်ပါသည်။
    xxx
    “ ငါက မြေကြီးလို သားသမီးမျိုးဖြစ်စေချင်တာ ” ဟု မေမေ ပြောဖူးသည်။
    “တံတွေးထွေးလည်းခံ၊ ပေါက်တူးနဲ့ ပေါက်လည်း ဘာမှ ပြန်မလုပ်။ ကျင်ကြီး၊ ကျင်ငယ်စွန့်လည်း ဘာမှ ပြန်မပြောတဲ့ မြေကြီးလိုမျိုး” တဲ့လေ။
    ဖြစ်နိုင်ဖို့ရာ ကျွန်မအတွက် အလွန်တရာမျှ ခက်ခဲလွန်းနေခဲ့ပါသည်။
    ကျွန်မလို ကလန်ကဆန် ဆတ်ဆတ်ထိမခံတတ်သော မဟုတ်မခံ စိတ်ဓါတ်မျိုးနှင့် မြေကြီးလို သားသမီးအဖြစ် ကျင့်ဖို့ မလွယ်ပါ။ ခန္တီပါရမီ ရဖို့ရာ တရားအရင်ကျင့်မှ ဖြစ်ပါလိမ့်မည်။
    အမှန်တော့ မြေကြီးဆိုသည်မှာလည်း အမြဲတမ်းသည်းခံနေတတ်သည် မဟုတ်ကြောင်း မေမေ မေ့သွားခြင်း ဖြစ်လိမ့်မည်။ မြေကြီးသည်သာ အမြဲတမ်းသည်းခံတတ်လျှင် ငလျင်တွေ လှုပ်စရာအကြောင်းမရှိ။ ဆုနာမီဖြစ်လာစရာ အကြောင်းမရှိ။ မီးတောင်တွေ ပေါက်ကွဲဖို့ရာ အကြောင်းမရှိ။
    တံတွေးထွေး၊ ကျင်ကြီးကျင်ငယ်စွန့်တာမျိုး မြေကြီးသည်လည်း နှစ်သက်မည် မဟုတ်ပါချော သို့သော် သင့်တော်သော မျိုးစေ့ချ၍၊ လိုအပ်သလိုပေါင်းသင်ပေးလျှင်မူ အပင်ကောင်းတို့ ပေါက်နိုင်လိမ့်မည်ဖြစ်သည်။ ကျွန်မကကော ချသမျှမျိုးစေ့ပေါက်မည့် မြေကြီး အမျိုးအစားဟုတ်ရဲ့လား။ ကိုယ့်အပေါ် ဘာကျကျ ဆွဲနှစ်ပစ်မည့်  နှုန်းမြေအမျိုးအစားလေလား။ သို့မဟုတ် မာကျောကာ အက်ကွဲနေသော မြေကြီးမျိုးလား။ သည်ဥပမာတို့နှင့် သိပ်တော့ မဆီလျော်လှဘူးထင်သည်။
    ပြောသမျှကို “ဟုတ်ကဲ့” ဟုဆိုကာ လိုက်နာစေချင်သော အမေနှင့်၊ ကိုယ်မှန်တယ်ထင်ရင် ထင်သလို ဆင်ခြေပြ အထွန့်တက်တတ်သော သမီးတို့ တဖြည်းဖြည်း ဝေးကွာခဲ့ခြင်းသည် မထူးဆန်းသော်လည်း နာကျင်ဖွယ် အတိဖြစ်ခဲ့ပါသည်။
    လူကြီးမိဘကို အခါခပ်သိမ်း အမှန် မပေးနိုင်ခြင်းသည်လည်း ကျွန်မ၏ပြဿနာဖြစ်သည်။ ထိုပြဿနာသည် မေမေ ဘုရားခန်းကို ထွက်အိပ်ရာမှ စတင်ခဲ့ပါသည်။ တစ်ရက်၊ နှစ်ရက်ကျော်ပြီး တစ်ပတ် နှစ်ပတ်မက ... တစ်လတိတိ ကျွန်မ မေမေ့ကို ဘာမှမပြောခဲ့ပါ။ သို့သော ထိုတစ်နေ့က ဖေဖေက
        “ဒီအခန်းကို ဘယ်တော့ပြန်လာအိပ်မှာလဲ” ဟုမေးခဲ့ပါသည်။
        “ပြန်လာအိပ်ရမလား ... အိပ်တာပေါ့” ဟု မေမေကပြောပြီး ထိုညက မူလအိပ်ယာမှာ ပြန်အိပ်မည့်  ပုံစံပြခဲ့သည်။ သို့သော် ခဏကြာတော့ အိုက်တယ်၊ မီးကလည်း မလာသေးဘူး၊ အဲကွန်းဖွင့်လို့မရတော့ ပြတင်းပေါက်ရှိတဲ့နေရာမှာပဲ အိပ်ချင်တယ် စသဖြင့် မြည်တွန်တောက်တီးရင်း မေမေ ဘုရားခန်း သွားအိပ်မည့်ဟန်ပြင်တော့ ကျွန်မ မနေနိုင်တော့စွာပင် တားမိသည်။
        “မလွှဲမရှောင်သာလို့ အိပ်ရတယ်ဆိုတာက တစ်မျိုးပေါ့ မေမေရယ်၊ အခုဟာက မေမေ နှစ်ပေါင်းများစွာအိပ်လာတဲ့အိပ်ယာပဲ” ဟုလည်းပြောမိသည်။
        “ဘုရားကျောင်းဆောင်ရှိတဲ့နေရာမှာ မာတုကာမနဲ့ မသင့်တော်ပါဘူး” ဟူ၍လည်း တတ်သလောက် မှတ်သလောက် အကြောင်းပြမိသည်။
    မေမေကလည်း “ဟိုမှာက လေမရဘူး ... ဒီမှာက အေးတယ် ” စသည့် မခိုင်လုံလှသော အကြောင်းပြချက်များစွာနှင့် ပြန်လည်ချေပပါသည်။ သို့သော် နောက်ဆု့း စကားတစ်ခွန်းဖြင့်ပင် ကျွန်မ အနိုင်ရသွားခဲ့သည်။
        “သက်တော်ထင်ရှား မြတ်စွာဘုရားလို့ မေမေ့စိတ်ထဲမှာ တကယ်သဘောထားကြည်ညိုတယ်ဆိုရင် ဘုရားကျောင်းဆောင်ရှေ့မှာ သွားအိပ်ပါ့မလား ... ကိုယ့်မှာ အိပ်စရာနေရာလည်း ရှိတယ်ဆိုရင်လေ”
        ထိုနေ့မှစ၍ မေမေ ကိုယ့်နေရာကိုယ်ပြန်ရောက်သွားသည်။
        ကျွန်မကိုတော့ “နင် ငါ့အရွယ်ရောက်မှ သဘောပေါက်မယ်” ဟုပြောသည်။ ထိုကိစ္စတွင်ကျွန်မ မှန်သလား မှားသလား မဝေခွဲတတ်ပါ။ ထိုအဖြစ်မျိုး များများလာသောအခါ တံတိုင်းသည်လည်း ကြီးသထက်ကြီး၊ မြင့်သထက်မြင့်လာခဲ့ပါသည်။ အတွေးအခေါ် အယူအဆအားဖြင့် မှန်သည်ဟု ယုံကြည့်ထားသော်လည်း ယခုတိုင် မည်သည့်အရာကို လိပ်ပြာမလုံ ဖြစ်နေရပါသနည်း။
    xxx
    တစ်ခါတုန်းကတော့ စိတ်လိုလက်ရရှိသော ကျွန်မ မေမေ့နားတိုးကပ်သွားပြီး မေးခွန်းတစ်ခု မေးဖူးသည်။
        “မေမေ့ ဘ၀မှာ အချစ်ဆုံး ယောက်ျား ဘယ်သူဖြစ်မလဲဟင်”
        “ဖေဖေ ဖြစ်မယ်ထင်တယ်”
    မေမေသည် အဖေချစ်သော သမီးတစ်ယောက်ဖြစ်ပါသည်။
        “နောက်တော့ရော”
    မေမေ ဖြေခဲ့လား၊ မဖြေခဲ့ဘူးလား ကျွန်မ မမှတ်မိပါ။ သို့သော် မေမေ့ အဖြေကို ကျွန်မ ကောင်းကောင်းသိပါသည်။
    အနည်းငယ် စွန့်စွန့်စားစား သို့မဟုတ် မိုက်မိုက်မဲမဲ မေးခွန်းတစ်ခု ဆက်မေးဖြစ်ခဲ့ပါသည်။
        “ဒါဆို ... မေမေ့ ဘ၀ရဲ့ အချစ်ဆုံး သုံးယောက်ထဲမှာ သမီးပါလား ”
    ကျွန်မ အသံတိုးတိတ်စွာ၊ တုန်ခိုက်စွာနှင့် ၀ဲနေသည့်မျက်ရည်ကို အနိုင်နိုင်ထိန်းလျက် မေးခဲ့ခြင်းဖြစ်သည်။ ထိုမေးခွန်းကို မေမေ  မဖြေခဲ့ကြောင်း ကောင်းစွာ မှတ်မိပါသည်။ အဖြေအစား  မေးခွန်းနှင့် မဆိုင်သော စကားတစ်ခွန်းကသာ ကျွန်မကို လှလှပပ နာကျင်စေခဲ့ခြင်းဖြစ်သည်။
        “you have ruined my love” တဲ့။
    ကျွန်မအပေါ်ထားတဲ့ မေမေ့အချစ်တွေကို ကျွန်မ ဖျက်ဆီးခဲ့မိသလား။ မြင်းမိုရ်တောင်မက ရှိတယ်ဆိုတဲ့ မိခင်မေတ္တာဟာ ဖျက်ဆီးလို့ ရပါ့မလား မေမေရယ်။ သေချာစဉ်းစားပြီးမှပြောပါ။ ဟန်ဆောင်ပြီးတော့တောင် “သမီးကို ချစ်ပါတယ်” လို့ မေမေ ယနေ့ထက်ထိ မပြောဖူးဘူး။
        မေမေသည် ကျွန်မကို ရုပ်ရည်အားဖြင့် မအေတူ သမီးတစ်ယောက်အဖြစ် မွေးဖွားပေးခဲ့သော်လည်း စိတ်ဓါတ်ကမူ မေမေနှင့်ခြားနားစွာ ပျော့ညံ့အားနည်းလို့ နေခဲ့သည်။ မေမေ့ ဂရုစိုက်မှု၊ ကြင်နာနူးညံ့မှုတို့  ရရန်အတွက် မေမေ့စိတ်တိုင်းကျ သမီးတစ်ယောက်ဖြစ်ရင် မဖြစ်မနေလိုအပ်သည်ဟုသော အတွေးကို အဘယ့်ကြောင့် နောက်ကျမှ ရခဲ့ရသနည်း။ ဂျီကျခြင်း၊ မေမေဆူပူသည့် အခါတွင် ပါးစပ်ပိတ်မနေမိခြင်း ရံဖန်ရံခါ ကိုယ်သိကိုယ်တတ်ထင်၍ ဆရာလုပ်မိခြင်းတို့သည် မေမေ့ထံမှ ကျွန်မ အရူးအမူးလိုချင်သော အရာတို့နှင့် တဖြည်းဖြည်း ဝေးကွာလာစေသည်။ ကျွန်မလိုချင်သော ဂရုစိုက်မှုကို မရသောအခါ (မရဘူးဟု လွဲမှားစွာထင်မိသောအခါ) ကျွန်မအပြစ်၊ ကျွန်မလိုအပ်ချက်ဟု မမြင်မိပဲ လိမ္မာသော သားသမီးတို့အား နူးညံ့ကြင်နာစွာဆက်ဆံသည့် မေမေ့၏ဘက်လိုက်မှုဟု အဘယ့်ကြောင့် မှားယွင်းစွာ စွပ်စွဲမိလေသနည်း။
    xxx
        မေမေကတော့ သူဘာမှဆက်မပြောပါပဲနှင့် မျက်ရည်ပိုးပိုးပေါက်ပေါက် ဆက်ကျနေသော ကျွန်မအား မျက်ရည်လွယ်လွန်းသည်ဟု မုချပင် ဆိုလိမ့်မည်။
        စားလက်စထမင်းအား နည်းနည်းမှ ဆက်စားလို့မရတော့ပါ။ ထမင်းပန်းကန်ကိုယူ၍ ပန်းကန်ဆေးစင်သို့ ထသွားသည်တွင် မေမေသည်လည်း တာဝန်ပြီးဆုံးသွားသည့်အလား၊ သို့မဟုတ် ၀ဋ်ကျွတ်သွားသည့်အလား ထမင်းဝိုင်းမှထ၍ အပေါ်ထပ်သို့ လျှင်မြန်သွက်လက်စွာ တက်သွားပါတော့သည်။
        ထိုတံတိုင်းအား ဖြိုဖျက်ရန် မည်မျှကြာမည်နည်း။ ကျွန်မဘက်က တံတိုင်းပြိုပျက်ရန် (အစွမ်းကုန် မကြိုးစားမိသည့်တိုင်) ပြင်းပြသော ဆန္ဒရှိသည်မှာ သေချာပါသည်။ မေမေ့ဘက်က မည်ကဲ့သို့ ရှိမည်ကိုတော့ မခန့်မှန်းတတ်ပါ။ မေမေ့ဘေးတွင် ကျွန်မ မရှိတော့သော တစ်ချိန်ချိန်တွင် ထိုတံတိုင်းကြီး အလိုလို ပျောက်ကွယ်သွားနိုင်ပါမည်လား။ မဖြစ်နိုင်ပါ။ တံတိုင်းတို့မည်သည် တည်ဆောက်သူမရှိတော့သော်လည်း ဆက်လက်တည်တံ့ နေတတ်မြဲပင် ဖြစ်ပါသည်။
    ရွှေစူး
    ဖြည့်စွက်ချက်။  ။ ဒီဝတ္ထုလေးက ၂၀၀၆ ခုနှစ်မှာ teen magazine မှာ ပါဖူးပါတယ်။ သြဂုတ်လလို့ထင်ပါတယ် (နောက်ဆိုရင် စာတစ်ပုဒ်ရေးရေး၊ ပို့စကဒ်ပဲပို့ပို့ ရက်စွဲထိုးတဲ့အကျင့်လုပ်ရမယ်။
    အဲဒီ့ ၂၀၀၆ ခုနှစ်မှာပဲ အောက်တိုဘာလတုန်းက Pune, India မှာ ကျောင်းတက်ဖို့ ကျွန်မကို လိုက်ပို့တုန်းက ဖိနပ်လိုက်ဝယ်ပေးတုန်း မေမေက ရုတ်တရက် ဒီလိုစကားတစ်ခွန်းကိုပြောခဲ့တယ်။ “သမီးနဲ့ မေမေ့ကြားမှာ ဘာတံတိုင်းမှ မရှိတော့ဘူးနော်”တဲ့။
Comments (6)
  • anonymous
    ဗာလင်တံတိုင်း ပို့စ်တွေကို သတိရမိသွားတယ်..
    အခုကတော့ မိဘနဲ့သားသမီးကြားက အတားအဆီးအခက်အခဲလေးတွေကို လူငယ်အမြင်နဲ့ တင်ပြသွားတာဖတ်လို့ကောင်းတယ်ဗျာ။ ကျနော့မှာလည်း တံတိုင်းတွေရှိခဲ့ဖူးတယ်...
  • chitsuelay
    @ရွာသားလေးဝိုင်တီယူ - အခုလိုဖတ်ပြီး မှတ်ချက်လေးပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ် 
  • anonymous
    မြေကြီး လို သားသမီးဖြစ်ရတာလည်းပင်ပန်းပါတယ် ။ ဇင် အတွက်တော့ခုထိ တံတိုင်းကရှိနေဆဲပါ ။ ငယ်ငယ်ထဲကခုထိ မဆိုးဘူးသေးလို့ ။ တစ်ခါ တစ်ခါတော့ အရမ်းဆိုးကြည့်ချင်တယ် ။ လိမ်မာတယ်ဆိုတာလည်း မကောင်းပါဘူး ။
  • anonymous
    Not sure if everything in this story was your personal experience but it's a very touching story.  I can easily relate to it, and totally see the expectations of Burmese parents. 
  • chitsuelay
    @shwegyan - Thank you so much for your comment Shwegyan. People hardly leaves comment for me here. And yes, this is the true story of mine.
  • anonymous
    သားသမီးနဲ့ မိဘကြားဖြစ်နေကျ အကြောင်းအရာလေးပေမယ့် ရေးသွားတဲ့ ရှုထောင့်လေးက ကောင်းနေတော့ ဆင်ခြင်စရာ၊ တွေးစရာတွေ ရလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် မိစူးလေးရယ်။ ရေးစရာတွေ ရှိနေသေးရင် ဆက်လက်ရေးသားပါဦးလို့ တိုက်တွန်းပါရစေနော်။
  • Sign in to Comment
  • Give eProps (?)
Who recommended?