ဘ၀ဟာ မညှာမတာ ခက်ခဲလွန်းတဲ့အခါ ဘယ်လိုများရင်ဆိုင်ကြမလဲ ....
အစာရေစာငတ်မွတ်နေတဲ့အခါ၊ စားစရာမရှိတဲ့အခါ၊ ဒါမှမဟုတ်ရင်လည်း တစ်ယောက်တည်း အထီးကျန်ဆန်နေတဲ့အခါ၊ လက်ထဲမှာ ခြူးတစ်ပြားမှ မကျန်အောင် ဘိုင်ပြတ်နေတဲ့အခါ ဘယ်လိုများ ဆက်လက်ရှင်သန်ဖို့ အားမွေးကြမလဲ။
ပြဿနာတွေကို ဖြေရှင်းတဲ့အခါ တောင်တစ်တောင် တက်သလိုမျိုး ရင်ဆိုင်ကြမယ်။
ကျောက်တောင်တစ်တောင်ကို တက်တဲ့အခါ ကျောက်တောင်စွန်းတစ်ခုကို ကျားကုတ်ကျားခဲ တွယ်တက်နေရပြီပဲ ဆိုပါတော့ . . . အဲဒီ့အချိန်မှာဆိုရင် တမဟုတ်ချင်းပဲ ကိုယ့်စိတ်က တကယ့်ပစ္စုပန်ကာလလေးကိုပဲ အာရုံစိုက်ရနေတာ။
အနာဂတ်မှာ ဘာဖြစ်မလဲ မသိချင်ဘူး၊ ညစာ ဘာနဲ့ စားရပါ့မလဲ စဉ်းစားဖို့ သတိကိုမရဘူး။
အဲဒီ့ကနေ ခြေလှမ်းလေး တစ်လှမ်းတက်ဖြစ်ဖို့ကိုပဲ ကိုယ့်အစွမ်းအစတွေအားလုံးပုံအောပြီး လုပ်နေရတာ။
တစ်လှမ်းပြီးရင် နောက်တစ်လှမ်း။
ဖြည်းဖြည်းချင်း နောက်ထပ်တစ်လှမ်း။
တစ်လက်မချင်းစီး ရွေ့ ရင်းနဲ့ တဖြည်းဖြည်း ခြေချလို့ ရ တဲ့နေရာ ရောက်တဲ့အချိန်ထိ ...
ဘ၀ဟာ ရက်ရက်စက်စက် မျှော်လင့်ချက်မဲ့နေတဲ့အခါ အဲဒီ့နည်းအတိုင်းပဲ နေ့စဉ်ဘ၀ကို ရင်ဆိုင်သွားသင့်တယ်။ ကိုယ့်ရဲ့ အာရုံစူးစိုက်မှုတွေအားလုံး မျက်မှောက်အချိန်လေးအပေါ်မှာပဲ ထားပြီးတော့ တစ်ကြိမ်မှာ ပြဿနာတစ်ခုကို ဖြေရှင်းမယ် .... ခြေလှမ်းတစ်ခုလှမ်းမယ်။ ကိုယ့်ဟာကိုယ် ယုံကြည်စိတ်ချမှုလေး ပိုရလာပြီဆိုရင် နောက်ပြဿနာ တစ်ခု၊ နောက်ထပ် ခြေလှမ်းတစ်လှမ်းပေါ့။ ပြီးတော့ .. နောက်ထပ် .. နောက်ထပ်။
ဒီလိုပဲ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းနဲ့ လေ .. ကိုယ်သတိမထားလိုက်မိခင်မှာတင်ပဲ အဆိုးဆုံးလို့ ထင်ထားတဲ့ အခြေအနေတွေကို ကျော်လွှားပြီးသား ဖြစ်သွားလိမ့်မယ်။
နောက်လမှာ အပြီးလုပ်ရမယ့် အလုပ်တွေအကြောင်း၊ ဒီနှစ်ထဲမှာ ဆုံးရှုံးနိုင်ခြေရှိတဲ့ အခွင့်အရေးတွေ ငွေကြေးတွေအကြောင်းသာ လျှောက်စဉ်းစားနေရမယ်ဆိုရင်တော့ ရူးသွားမှာပဲ။
ဒါပေမယ့် တစ်နေ့တာချင်းစီကိုတော့ အောင်မြင်စွာဖြေရှင်းနိုင်ပါတယ်။
တစ်နေ့တာ ၂၄ နာရီဟာ ရှည်လျားလွန်းတယ်လို့ ထင်ရင်တော့ ၅ မိနစ်တစ်ပိုင်းချင်းစီ ပိုင်းလိုက်ပေါ့။
ကျွန်မတို့ လုပ်နိုင်တာက အိပ်ချိန်မတိုင်ခင်အထိ တစ်နေ့တာကို ကိုယ့်ဘက်က အကောင်းဆုံး လုပ်ဖို့ ပါ။ မနက်ဖြန်ဆိုတာက သူ့ဟာသူ ဖြစ်သွားပါလိမ့်မယ်။
Andrew Matthews ၏ Happiness Now စာအုပ်မှ စာမျက်နှာ ၁၃ ကို ဘာသာပြန်ခံစားရေးဖွဲ့ထားခြင်းပါ။ ကာတွန်းပုံလေးကိုလည်း ထိုစာအုပ်မှ ယူသုံးထားခြင်းဖြစ်ပါတယ်။
Comments (4)
Well done Mi Sue.
Props to her and you.
Wait ..... him or her? I think it was him.
@kyalzinlay - Thank you kyal. The original author is 'him' actually.
စိတ်ပျက်အားငယ်နေတဲ့အခါ ဖတ်လို့ ကောင်းလှပါတယ်