အဖုတွေ၊ ချိုင့်ခွက်တွေ ကင်းတဲ့ ဖလက်ဖောင်းနဲ့ ထိန်ထိန်ညီးအောင် ထွန်းထားတဲ့ လမ်းမီးတွေမရှိချင်လည်း နေပါစေ ...။ ဒါပေမယ့် အမေရှိတဲ့ မြို့ကလေးမှာပဲ နေပါရစေ။
၂၄ နာရီလင်းတဲ့ လျှပ်စစ်မီး မရှိလည်း ဖယောင်းစက်စွန်းတဲ့ စားပွဲ၊ကုလားထိုင်၊ ဖယောင်းတိုင်မီးပေါက်တဲ့ ခြင်ထောင်တွေနဲ့ပဲ အမေ့အိမ်မှာ နေပါရစေ။
ဘတ်စကားတွေမှာ တကြော်ကြော်အော်ခေါ်နေတဲ့ စပါယ်ယာမရှိဘူးအမေ၊ ယာဉ်စီးခကို ကတ်ကလေးနဲ့ ပေးရုံပဲ။ အဆင်းမှာ ကတ်ကလေးကို ပြန်ကပ်လိုက်ရင် ယာဉ်စီးခငွေကျသင့်သလောက်ကို ကတ်ထဲက အလိုလိုဖြတ်သွားတယ်။ ဒါပေမယ့် ကျောက်ချထိုင်တတ်တဲ့ ဘတ်စကားနဲ့၊ လူတကာကို အော်ငေါက်တဲ့စပါယ်ယာတွေရှိရာ မြို့က အမေ့အိမ်မှာပဲ နေပါရစေ။
၂ နာရီလောက် ပတ်ကြည့်တောင် ခြေထောက်ညောင်းရုံသာအဖတ်တင်၊ ဆိုင်တွေ စုံစေ့အောင် မရောက်နိုင်တဲ့ ကုန်တိုက်ကြီးတွေ ဒီမှာ ရှိလည်း၊ ၂ မိနစ်လောက်နဲ့တင် အပေါ်အောက်စုံအောင်လျှောက်လို့ရတဲ့ ရှော့ပင်းမောတွေရှိရာ မြို့ကလေးမှာမှ ... အမေရှိတယ်။ ဈေးဝယ်မထွက်ရရင် နေပါစေတော့ အမေ ...။ သမီးအမေနဲ့နေပါရစေ။
ဒီက လက်ကိုင်ဖုန်းတွေထဲမှာ “လူကြီးမင်း” မရှိပါဘူး မေမေ။ ဒါပေမယ့် အခါခါ ခေါ်ဆိုလို့မရချင်နေပါစေ ... အမေ့နားမှားနေရရင် အမေ့ကိုလည်း ဖုန်းဆက်ဖို့မလိုတော့ပါဘူး။ သမီး အမေနဲ့နေပါရစေ။
ဒီမှာ Access Denied တွေလည်း မရှိပါဘူး မေမေ ...။ ဒါပေမယ့် မေမေရှိရင် သမီးအင်တာနက်မကြည့် တော့ဘူးလေ။ သမီးအမေနဲ့ နေပါရစေ။
ရေးရင်းရေးရင်းနဲ့ သမီးမြို့ကို သမီးလှောင်သလိုဖြစ်သွားရင် တောင်းပန်ပါတယ် မေမေ။
မေမေ ရှိရင် ဘာမှ မလိုဘူးလို့ရေးချင်တာပါ။
သမီးမေမေနဲ့နေပါရစေ။
Comments (2)
အမလေး။ တမ်းတနိုင်ပါစေဗျာ။ ဒါနဲ့ တမ်းတတာလား။ ကဲ့ရဲ့ နေတာလား။ ဟဲဟဲ ဟဲဟဲ
@ဂျေဂျူဝိုင် - မေမေနားမှာ အမြန်ဆုံး ပြန်နေရပါစေလို့ ဆုတောင်းပါတယ်..