Thursday, 24 December 2009

  • December

    လွန်ခဲ့သော (၃၇)နှစ်ကျော်ကျော်က ရန်ကုန်မြို့တွင် သူမလက်ထပ်ခဲ့သည်။

    ရုန်းကန်ရပေမယ့် လွတ်လပ်မှုကို သူမနှစ်သက်သည်။ အိမ်ထောင်မကျခင် ဘယ်လိုစည်းစိမ်၊ အရှိန်အ၀ါနှင့်နေခဲ့ရ နေခဲ့ရ အိမ်ထောင်ကျလျှင်တော့ နှစ်ကိုယ်တူ မောင်တစ်ထမ်း၊ မယ်တစ်ရွက် တက်ညီလက်ညီ ရုန်းကန်ရခြင်းကို သူမနှစ်သက်သည်။ မိဘအိမ်မှ စည်းစိမ်နှင့် လွတ်လပ်မှုကို လဲလိုသဖြင့်သာ ယခုလို အိမ်ငှားနေခြင်းဖြစ်သည်။ နှစ်ကိုယ်တူတဲအိုပျက်မှာနေရနေရ ဟူသော အယူအဆကို ထောက်ခံခြင်း မဟုတ်ပါ။ ရိုးသားစွာဝန်ခံရလျှင် ထမင်းရည်လျက်ရသော “အချစ်” ကိုလည်း သူမ အယုံအကြည်မရှိပါ။ မိမိတို့ နှစ်ဦးစလုံး ဘွဲ့ရ ပညာတတ်များဖြစ်ကြသဖြင့်လည်း ထမင်းရည်လျက်စရာလည်း မလိုခဲ့ပါ။ (နည်းနည်းတော့ ကျပ်တည်းခဲ့တာပေါ့လေ)။ သူမ ယုံကြည်သည်မှာ မိဘအကူအညီမလိုသော ကိုယ်ထူကိုယ်ထ အိမ်ထောင်မျိုးသာလျှင်ဖြစ်သည်။ မိဘတို့သည် မိမိအား အသက်မွေးပညာသင်ပေးခဲ့ပြီ။ တစ်ဝမ်းတစ်ခါးစာမျှ ဖူလုံသော လစာနှင့် အလုပ်ဝင်ကတည်းက အစိုးရအရာရှိ ဖြစ်ခဲ့ပြီ။ အိမ်ထောင်ပြုပြီးမှတော့ မိဘအိမ်တွင် ကပ်ပါးမလုပ်လိုတော့ပါ။

    မိမိစိတ်ကြိုက်ထူထောင်ခဲ့သော အိမ်ထောင်သည် မင်္ဂလာဆောင် အကြီးကြီးဖြင့် မစခဲ့ပါ။ သို့ပေမယ့် သူမ ကျေနပ်သည်။ အိမ်ထောင်တစ်ခု သာယာချောမွေ့ ဖို့  ခမ်းနား ကြီးကျယ်သော မင်္ဂလာဆောင်တစ်ခုဖြင့် စ စရာ မလိုဟု နှစ်ဦးသား သဘောတူညီခဲ့သဖြင့် လူကြီးများရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး သူမအိမ်တွင် ဘုန်းကြီးဆွမ်းကပ်သည်။ နီးစပ်ရာ ဆွေမျိုးအသိုင်းအ၀ိုင်းများ ထမင်းဖိတ်ကျွေးသည်။ ယုတ်စွအဆုံး သတင်းစာထဲပင် ထည့်မကြော်ငြာခဲ့။ မြန်မာ့ ထုံးတမ်းစဉ်လာအယူအဆစစ်စစ်သည် အရှေ့ ခုနစ်အိမ်၊ အနောက်ခုနစ်အိမ်က အသိအမှတ်ပြုလျှင်ပင် ပုဆိုးတမ်းတင် အကြင်လင်မယားအရာမြောက်သည်။ သူမတို့ လက်ထပ်သည်ကို အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ်မကသော လူအရေအတွက်က သိပါသည်။ ထို့ပြင် တရားဝင်လည်း လက်မှတ်ရေးထိုးပြီးပြီ။ မိန်းကလေးအများစု အိပ်မက်မက်လေ့ရှိသော သတို့သမီးကဲ့သို့ မင်္ဂလာမဆောင်ခဲ့ရသဖြင့်လည်း ၀မ်းနည်းစရာ စိုးစဉ်းမျှ မရှိ။ မိမိအား  မိသားဖသားပီပီတောင်းရမ်းပြီး မိမိကို နိုင့်ထက်ကလူမပြုပဲ သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းမည်ဆိုလျှင်ပင် ပြီးပြည့် စုံပြီ ဖြစ်သည်။

    ခန်းဝင်ပစ္စည်းများကိုတော့ သတို့သားမိဘများက တာဝန်ယူပါသည်။ ထိုသို့ပင် သူမအိမ်ထောင်ပြုခဲ့သည်။ လက်မှတ်မထိုးမီကတည်းက အိမ်တွေဘာတွေငှားခဲ့ပြီးပြီ။ မြို့ထဲမှ အလုပ်ရှိရာသို့ ဘတ်စကားစီးရသည်မှာ ဝေးသဖြင့် နှစ်ယောက်လုံး၏ အလုပ်၏ နီးနီးနားနားတွင်သာ အိမ်ငှားနေခဲ့သည်။ သူမတို့ အိမ်ထောင်ဦးတုန်းကအိမ်သည် သစ်သားအိမ် ၂ ထပ်အိမ်ဖြစ်ပြီး အိမ်ရှင်တို့သည် အပေါ်ထပ်တွင်နေကြသည်။ နောင်အခါ မိမိအတွက် ဆွေမျိုးသဖွယ်ဖြစ်လာခဲ့သော အိမ်ရှင်တို့  နှင့် သူမစတင်သိကျွမ်းခဲ့ရသည်။  အိမ်တွင်အကူလုပ်ပေးမည့်  သွေးသားပမာ ကူဖော်လောင်ဖက်ကောင်မလေးတစ်ယောက်လည်းရှိသည်။

    နှစ်ပေါင်းများစွာ သူငယ်ချင်းအဖြစ်ကနေ၊ ထိုမှတစ်ဆင့် ချစ်သူရည်းစားအဆင့်တက်ပြီး လက်ထပ်ဖြစ်ခဲ့သော သူမအိမ်ထောင်ဖက်နှင့်ကလည်း သူငယ်ချင်းပမာ။ ချစ်လို့ ယူခဲ့တာပေမယ့် မကြိုက်တာလေးတွေတော့ ရှိလေသည်။ ဥပမာ သူမ မီးဖိုထဲမှာ ဟင်းချက်ဖို့ အလုပ်များနေတုန်း သူ ရှေ့မှာ ဂစ်တာ တစ်ဂွမ်ဂွမ်တီးနေတာမကြိုက်။ သူမဆင်ပေးသော အကျီ လုံချည် ဖိနပ်တို့ကို သူမကြိုက်လျှင် ပေတေပြီး မ၀တ်တတ်တာ မကြိုက်။ တစ်ခါတုန်းကဖြင့်တော့ သူမ၀ယ်ပေးသည့် ဖိနပ်ကို မစီးပဲ သူ့ဖိနပ်အဟောင်းသာ စီးနေသဖြင့် သူစီးနေသမျှ ဖိနပ်အကုန်လုံး အဟောင်းအမြင်းပါမကျန် သူမ တိတ်တိတ်ကလေး လွှတ်ပစ်ခဲ့ဖူးသည်။ ဒီလိုကျတော့လည်း သူ့မှာ ရွေးစရာမရှိ။ အပြင်သွားခါနီး ဖိနပ်မရှိသဖြင့် သူမ ဆင်သော ဖိနပ်ကိုပဲ စီးခဲ့ရတာကိုပဲကြည့်။ အခုနေပြန်ပြောပြလျှင်တော့ သူမ ရယ်မိတုန်းဖြစ်သည်။ သြော် ရှိသေးသည်။ သူခရီး ခဏခဏထွက်ရခြင်းကိုလည်း သူမ မကြိုက်ပါ။ သူကတော့ တာဝန်အရခရီးထွက်ရလေသည်။ ဘီပီအိုင် မြွေဆိပ်ကာကွယ်ဆေးထုတ်သည့် ဌာနတွင်လုပ်သဖြင့်၊  မြွေဆိပ်ကာကွယ်ဆေး ထုတ်ရသည့် မြင်းသွေးအတွက်၊ သူ ရံဖန်ရံခါ မြင်းဝယ်ထွက်ရသည်။ များသောအားဖြင့် ၂ ပတ်မျှသာ အလွန်ဆုံးကြာခဲ့သော်လည်း တစ်ခါတုန်းကတော့ စာမလာ၊ သတင်းမကြား  တစ်လလောက်ပျောက်သွားသဖြင့် သူပြန်ရောက်လာသောအခါ သူမ စိတ်ဆိုး၍ မဆုံးတော့ပါ။ သူမ မကြိုက်ဆုံးကား အရက်သောက်ခြင်းဖြစ်သည်။ အလွန်အကျွံမဟုတ်သော်လည်း ရံဖန်ရံခါသောက်သည်။ ပြက္ခဒိန်တွင် သူအရက်သောက်သည့်ရက်များကို ၀ိုင်းထားတော့ သူက မ၀ိုင်းပါနဲ့ဟုပြောသည်။ သူအရက်ဘယ်လောက်သောက်ပြီးပြီ၊ ဘယ်လောက်သောက်ပြီးပြီဆိုတာသိရရင် သောက်ရတာမကောင်းဟု သူကပြောသည်။  အေး မ၀ိုင်းစေချင်ဘူးလား မ၀ိုင်းစေချင်ရင်  နေ့တိုင်းသောက်လိုက်လေဟု သူမက ဘုပြောတော့ သူပါးစပ်ပိတ်သွားပြန်သည်။

    သူ့ကို ကြိုက်သည့်အချက်ကတော့ အိမ်အတွက် စီးပွားရှာပေးချင်သော စိတ်ကိုသဘောကျသည်။ အစိုးအရအလုပ်မှလွဲ၍ အားသည်အချိန်များတွင် အခြားစီးပွာရေးတို့ကိုလည်း ပွစိထိုးနေအောင်လုပ်တတ်သေးသည်။ မိမိ၏ အသက်မွေးပညာနှင့် တိရစ္ဆာန်လေးတွေကို လိုက်လံကုသခြင်းမှအစ၊ တိရစ္ဆာန်ကုသဆေးများ ၀ယ်ခြင်း၊ တဆင့်ပြန်ရောင်းခြင်းများအလည်၊ မိမိနှင့် မဆိုင်သော ကျောက်လုပ်ငန်းပါ စုံစိနဖာ လုပ်တတ်သည်။   သူမကိုလည်း ဆင်တတ်သေးသည်။ သူမအ၀တ်အစားဟောင်းနေတာ၊ ခေတ်နောက်ကျပြီးဟု သူထင်လျှင် .. ဟိုလိုဟာမကြိုက်ဘူးလား ... ဒီလိုဟာဆို ညည်းနဲ့ လိုက်မှာ အစရှိသဖြင့် ပါးစပ်က ပြောလည်းပြော၊ တစ်ခါတစ်ခါကျတော့လည်း ၀ယ်လာပေးတတ်သော သူမယောက်ျားသည် ချစ်ဖို့အလွန်ကောင်းပါသည်။ သို့သော် သူပန်းရောင်မကြိုက်သဖြင့် သူမမှာ ပန်းရောင်မ၀တ်ရ၊ ပါးနီမဆိုးရ၊ ဆံပင်မကောက်ရ။ ပိုက်ဆံအိတ်ဝယ်ပေးတော့လည်း သူက အရောင်ရင့်ရင်ဝယ်စေချင်၊ သူမကတော့ အရောင်နုနုဝယ်ချင်။ သူမက သူကြိုက်သော ဒီဇိုင်းကိုရွေးလိုက်ပြီး၊ အရောင်ကိုတော့ သူမ ကြိုက်သော အရောင်ကို မလျှော့ခဲ့ပါ။

    ကနဦးတုန်းကတော့ သားသမီးမယူသေးဟု စဉ်းစားခဲ့သော်လည်း မိမိ မပြင်ဆင်နိုင်ခဲ့မီပင် ရင်သွေးလေးက ရင်၌တည်ခဲ့ပြီ။
    သားကိုယ်ဝန်ရှိတုန်းက သူအရူးအမူးဖြစ်နေပုံကို ကြည့်ပြီး သူမကြည်နူးရသည်။ သားမွေးလာတော့ လင်မယား နှစ်ယောက်စလုံး ခြေမကိုင်မိ လက်မကိုင်မိ၊ သားလေးကို သည်းသည်းလှုပ်ချစ်ရသည်။ သားမမွေးခင် သူမမက်သည့် အိပ်မက်သည် သူမသည် မာလကာပင်ပေါ်တွင်ထိုင်၍ မာလကာသီးများ အားရပါးရစားနေသည်ဟုမက်သဖြင့် သူမဖေဖေ (သားအဘိုး)ကပင် သူတော်ကောင်းလေးမွေးမှာဟု အိပ်မက်အား အတိတ်ကောက်ပေးခဲ့သည်။ အဖေပေးသည့် အတိတ်အတိုင်း သားသည် မွေးကာစကတည်းက မိဘအား ဒုက္ခမပေးခဲ့ပါ။

    သို့သော် သားက ငယ်ငယ်က နည်းနည်ချူခြာချင်သည်။ ထို့အတွက်မို့ အထူးဂရုစိုက်ရသည်။ နေ့စဉ်ရုံးတက်ရသော သူမတို့ လင်မယားအတွက် ကလေးကြည့်ပေးမည့်  ယောက်မနှင့် အကူကောင်မလေးရှိ၍သာ တော်တော့သည်။ ယောက်မက သူမသားဦးမွေးမည်ဆိုကတည်းက သူမတို့ နှင့်လာနေခြင်းဖြစ်သည်။ လူ့အလိုကိုလိုက်၍ လူ့အလိုက်ကို အလွန်တရာမှ သိတတ်လေ့ရှိသော ထိုယောက်မအတွက် သူမတို့ နည်းနည်းမှ ၀န်မလေးခဲ့သည့်အပြင် ၀မ်းပင်သာခဲ့ရသည်။ တစ်ယောက်နှင့် တစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီလျက် သမီးယောက်မပေမယ့် နှစ်ပေါင်း ၃၀ ကျော်တိုင် သင့်မြတ်စွာရှိဆဲဖြစ်သည်။

    သားအား ဖေဖေဟု အခေါ်ခိုင်းစေချင်သော်လည်း၊ သူကတော့ အင်းသားတို့ အခေါ်အဝေါ်အတိုင်း သူ့အား “ဘဘ” ဟုပင် ခေါ်စေခဲ့သည်။ ကြားစက နားထောင့်သော်လည်း သားခေါ်ပါ များလာသောအခါ သူမတောင် တစ်ခါတစ်ခါ လိုက် “ဘဘ” လုပ်မိသေးသည်။

    ဒီလိုနှင့် ရုန်းရင်းကန်ရင်းပင် သူမတို့ ၂ ယောက် ရှင်သန်ခဲ့ကြသည်။ ဆိုးအတူ၊ ကောင်းဖက် ဘ၀တိုက်ပွဲကို ရဲရဲဝင်ခဲ့ကြသည်။ ရန်ဖြစ်တာတော့လည်း ဖြစ်တာပေါ့။
    သားကြီး ၃ နှစ်လောက်ကျော်တော့ သားငယ် ကိုယ်ဝန်ရှိသည်။ သူကတော့ သမီးလိုချင်သည်တဲ့။ သို့သော်လည်း နောက်ထပ် မွေးလာခဲ့သည်မှာလည်း သားယောက်ျားလေးပင် ဖြစ်ပါသည်။ သားငယ်သည် သူနှင့် ချွတ်စွပ်မျှတူသော (သို့သော် ဖအေ့ထက်ပိုချောသော) သားပင်ဖြစ်သည်။ သားမမွေးခင်က အဖြစ်အပျက်တစ်ခုက သူမ နိုင်ငံခြားသို့  သင်တန်းတက်ရန် စေလွှတ်ခံရခြင်းပင်ဖြစ်သည်။ ထိုစဉ်က သားငယ်ကို ကိုယ်ဝန်ရှိနေမှန်းပင် မသိ။ နိုင်ငံခြားသွားဖို့  ဆေးတွေဘာတွေ စစ်တော့မှ ကိုယ်ဝန်ရှိနေမှန်းသိရတော့ သူမ အဖြစ်အပျက်က ၀မ်းသာရမလိုလို၊ ၀မ်းနည်းရမလိုလို။ သို့သော် သူမ နောင်တ မရပါ။ ရစရာလည်း အကြောင်းမရှိပါ။ သူမတို့  မိသားစု အသိုက်မြုံလေးထဲတွင် သားလေးတစ်ယောက် ထပ်တိုးလာခဲ့ချေပြီ။

     နောက်ထပ် မိသားစုဝင် တိုးလာခြင်းကတော့ သားတို့ အဒေါ် လက်ထပ်ခြင်းပင်ဖြစ်သည်။

    နဖူးစာရေးနတ်က သူ့ညီမနှင့် သူ၏ငယ်ငယ်ကတည်းက သူငယ်ချင်း အဲရစ်က်အား ဆုံစည်းစေလိုက်သဖြင့် သူမခံချိမခံသာ ဖြစ်ခဲ့တုန်းက ရယ်စရာပင် ကောင်းလှသေးသည်။
    တကယ်တော့ သူက သဘောမတူခဲ့လို့မဟုတ်။ အဲရစ်က်နှင့်မှ မညိုကို သဘောမတူလျှင် ဒီကမ္ဘာတစ်ခုလုံး သူတူနိုင်မည့်သူအား မမြင်။ သို့သော် တစ်သက်လုံးပေါင်းလာခဲ့သည့်သူငယ်ချင်းအား တစ်ဦးတည်းသော နှမပေး၍  ယောက်ဖတော်ရမည့်အခါ မနေတတ်မထိုင်တတ်ဖြစ်ခဲ့သောသူ့အား အမှားဟုလည်း မဆိုသာ။ ယောက်မတို့ စုံတွဲ အိမ်ထောင်ကျပြီးတော့လည်း မိမိတို့ နှင့် ဝေးမသွားခဲ့ပဲ အိမ်ရှေ့ တည့်တည့်က အိမ်တွင်သာ ငှားနေခဲ့သဖြင့် သူမတို့ အိမ်သည် ညနေတိုင်းလိုလိုပင် လူစည်ကားနေခဲ့ပါသည်။

    သားကြီးကျောင်း စတက်ရတော့ သားငယ်က လေးဘက်တွားကာစပဲရှိသေးသည်။ သားကြီးက သားငယ်မွေးကတည်းက အကိုကြီးပုံစံ ၀င်နေသည်။ လေးနှစ်သာကွာသော ညီအစ်ကိုနှစ်ယောက် အတူတူကစားသည်ကို သူမ မတွေ့ဖူးပါ။ သားကြီးက သူ့ညီအပေါ်မှာ ခပ်တည်တည်ပဲ ဖြစ်သည်။ အတူတူမကစားသဖြင့်  ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်သည်မှာလည်း တော်တော်ရှားပါသည်။ သားကြီးက သားငယ်ကို ငယ်ငယ်တည်းက ညှာလည်းညှာသလို၊  သားငယ်ကလည်း သူ့အစ်ကို  အစ်ကိုကြီးဟု ရှိန်သဖြင့် သူမမှာ ကွယ်ရာက ကြိတ်ဝမ်းသာရသေးသည်။

    အိမ်ထောင်သက်ကလေး နည်းနည်းရင့်လာတော့ တစ်ခါတစ်ခါဖောက်ချင်လာတတ်သည်မှာ သားတို့ အဖေဖြစ်သည်။ သူမက တော့ အမြင်ကပ်စွာပြောခဲ့ဖူးသည်။  တော်ကြိုက်တဲ့ တခြားမိန်းမများတွေ့လျှင်ယူ။ ကျုပ်ကတော့ ကွာမပေးနိုင် သားနှစ်ယောက် အမေအနေနှင့် ပွဲတက်မယားလုပ်မည်ဟုပင် ပြောခဲ့သေးသည်။ အခုတော့ သားနှစ်ယောက်ကို  ရှာကျွေးနေတဲ့ မျက်နှာနဲ့ မပြတ်နိုင်သေး .... ကိုယ့်ခြေထောက်နှစ်ချောင်းပေါ်ကိုယ်ရပ်၍ သားနှစ်ယောက်ကို ရှာကျွေးနိုင်သည့် အချိန်တွင်တော့ တော်နဲ့ ကျုပ်နဲ့ အပြတ်ပဲလို့လည်း စိန်ခေါ်ခဲ့ဖူးပြန်သည်။ စကားသည် စကားသာဖြစ်ခဲ့ဖို့ ကောင်းပြီး သူ့နောက် တရားမပါသင့်သည် အချိန်များရှိပါသည်။ လျှာနဲ့သွားဆိုတာ ကိုက်မိတုန်းခဏသာ ပူကနဲဖြစ်လို့ သာ နာတာဖြစ်ပြီး၊  အနာပျောက်လျှင်တော့ စည်းလုံးညီညွတ်နေတတ်ပြန်သေးသည်ပဲမဟုတ်လား။

    သားငယ်ကိုယ်ဝန်ရှိတုန်းက လက်လွှတ်လိုက်ရသော အခွင့်အရေးက သားငယ် ၃ နှစ်ပြည့်ကာနီးတော့ တကျော့ပြန်လှည့်လာပြန်သည်။ သူမ ဂျပန်နိုင်ငံသို့  (၆)လမျှ ဘွဲ့လွန်သင်တန်းသွားတက်ရမည်။
    ထို့ အတွက်သူမ စိတ်လှုပ်ရှားစွာ ပြင်ဆင်ရပြန်သည်။ အစိုးရထောက်ပံ့ငွေနှင့် သွားတက်ခွင့်ရဖို့က မလွယ်။ ဒီထက်မလွယ်သည်ကား သား ၂ ယောက်နှင့်သူ့ကို (၆) လကြီးများတောင် ခွဲသွားဖို့ဖြစ်သည်။ အခုခေတ်လို  အီးမေးလ်လည်း မရှိ၊ ဖုန်းကလည်း မလွယ်၊ စာနှင့် သာ အဆက်အသွယ်လုပ်လို့ရသောခေတ်ကြီးတွင် သား ၂ ယောက် အမေ၊ အိမ်ထောင်သည်တစ်ယောက် အိုးပစ်အိမ်ပစ်သွားဖို့ရာ တော်တော်ကြီးကို သတ္တိရှိပါမှ ဖြစ်မည်။ သို့သော် ပညာအတွက်ဆို ဘာဖြစ်ဖြစ်ရင်းသင့် ရင်းရပါမည်။

    ခြောက်လပေါ့။ အစိုးရပေးတဲ့ ပိုက်ဆံလေးကို ချွေချွေတာတာသုံးလိုက်လျှင် ကားတစ်စီးတောင် ၀ယ်လို့ရချင်ရမည်။ ကားဝယ်ဖို့ရာအတွက် သူမနေ့တိုင်း ခေါက်ဆွဲပြုတ်ချည်းပဲစားခဲ့ရသည်မှာ အခန်းထဲတွင် ခေါင်းမှကျွတ်သော ဆံချည်တွေက မနက်တိုင်း အထွေးလိုက်။ သို့သော် သူမ မမှုပါ။ သင်ယူ၍ရသမျှကို စိတ်ပါလက်ပါသင်ယူလေ့လာ။ တစ်ဖက်က သားတို့ကိုလွမ်းတော့လည်း ဖယ်ထားတဲ့ ပိုက်ဆံလေးတွေထဲမှ သားတို့အတွက် ကောင်းနိုးရာရာလေးတွေ ၀ယ်ထား။ သြော် ရှိသေးသည်။ သားငယ်တောင် ၃ နှစ်ပြည့်ပြီဆိုတော့ သူက  သူမ ပြန်လာရင် သမီးမွေးမတဲ့။ သို့နှင့်  ရူးသည်ဟုဆိုချင်ဆို၊ သူမကလည်း ပန်းနုရောင် ကလေးပစ္စည်းများကို လျှောက်စုနေသေးသည်။ ထိုခေတ်က မြန်မာပြည်တွင်မရှိသေးသော ဒိုင်ပါဟု ခေါ်သည့် သေးခံဘောင်းဘီလေးတွေကအစပေါ့။

    အိမ်ကိုဖုန်းဆက်လျှင်များသောအားဖြင့် ကရိကထများသည်။ သူမတို့ အိမ်တွင် ဖုန်းမရှိပါ။ ထို့ကြောင့် မြို့ထဲက သူမ မိဘအိမ်သို့  သားအဖတစ်တွေသွားပြီး သူမဖုန်းကိုစောင့်ရသည်။ ဖုန်းဆက်တာကို ချိန်းတာကြတော့ စာနှင့်။ များသောအားဖြင့် တစ်လတွင့် တနင်္ဂနွေ ၂ ခါမျှတော့ သူဖုန်းဆက်နိုင်အောင် ကြိုးစားသည်။ သို့သော် ရသည်လည်းရှိ၊ မရသည်လည်းရှိ။ လွဲသည်လည်းရှိပါသည်။ သားတို့ကတော့ ကလေးပီပီ အဘိုးအဘွားအိမ်ရောက်လျှင် ညီအစ်ကိုတစ်တွေစုမိပြီး အဖွဲ့ကျသဖြင့် သူမနှင့် စကားပြောရမည်ကို မေ့ပင်မေ့ချင်သေး။ သားငယ်ကတော့ သူမနှင့်တွေ့တိုင်း တစ်ခွန်းပဲမေးလေ့ရှိသည်။

    “မေမေ ဘယ်တော့ ပြန်ရာမှာရဲ”

    တစ်ခေါက်တော့ ဖုန်းဆက်သည်တွင် သူနှင့်မကြံsုရပါ။ သားတို့နှင့်သာတွေ့သည်။ သားကြီးကပြောတော့ သူ မြင်းဝယ်ဖို့ အလုပ်ကိစ္စနှင့် မြစ်ခြေသွားသည်တဲ့။ သူမ မရှိတုန်း သားနှစ်ယောက်ကို အထိန်းရယ်၊ အဒေါ်ရယ်နှင့် ပစ်သွားသဖြင့်တောင် စိတ်ခုရသေးသည်။ နေနှင့် ဦီး ငါပြန်လာမှတွေ့မယ်ဟု စိတ်ထဲတွင် တေးထားလိုက်သည်။ ပြန်လာရင် လေယာဉ်းကွင်းမှာတင် သူ့ဗိုက်ကို လက်သီးနှင့်ထိုးပစ်မည်။ ခပ်ဖွဖွတော့ ဖွဖွပဲပေါ့။ စဉ်းစားရင်းဖြင့် သူမရင်တွေနင့်နေအောင် လွမ်းရပြန်သည်။

    တိုက်တိုက်ဆိုင်ဆိုင် သူမရှိသော မြို့သို့ အစိုးရက လွှတ်သောကိစ္စနှင့် ရောက်လာသည်မှာ သူ့ယောက်ဖဖြစ်သည်။ သို့သော် သူမေးသော မေးခွန်းက တစ်မျိုးဖြစ်သည်။ ရန်ကုန်က သတင်းဘာကြားသေးလဲ ဆိုတာမျိုး။ မဟုတ်မှလွဲရော သူ့ သူငယ်ချင်းယောက်ဖ မဟုတ်က ဟုတ်က ဘာတွေလျှောက်လုပ်နေပြီမှန်းမသိပါ။ သို့သော်လည်း သူမပြန်ရောက်ဖို့  မကြာတော့ပါဘူးလေ။ အလွန်ဆုံး နောက်ထပ်တစ်လပေါ့။ သူမ ရန်ကုန်ပြန်ဖို့ တစ်လသာလိုတော့သည်။

    လေဆိပ်မှာတွေ့ရင် သူ့ဗိုက်ကို လက်သီးနဲ့ ထိုးပစ်လိုက်မည်ဟု စိတ်ကူးလိုက်မိလို့လားမသိ။ သူမကို လာကြိုသည့်အထဲတွင် သူမပါ။ ကျန်သူ အကုန်ပါသည်။ သူမ ဖေဖေ၊ မေမေ၊ သားနှစ်ယောက်။ သူမ ညီမအငယ်ဆုံး၏ ယောကခမတွေတောင် မဆီမဆိုင်ပါလိုက်သေးသည်။ သူမကတောင် သူတို့တွေ ဘာများလိုက်လုပ်ကြပါလိမ့်ဟု တွေးမိလိုက်သေးသည်။

    “သူကော” ဟုမေးတော့ မြစ်ခြေက ပြန်မရောက်သေးတဲ့။ မြစ်ခြေမှာ အိမ်တွေရာတွေများ ထူထောင်နေလားမသိဟု သူမစိတ်ပေါက်ပေါက်နှင့်ပင် တွေးမိလိုက်သည်။

    ရှိစေ။ တစ်ရက်နှစ်ရက်နေရင် ပြန်ရောက်တော့မှာပါဟုထင်သည်။  ဒီလထဲပြန်လာမည့်အကြောင်းကို သူ  မသိပဲနေမှာမဟုတ်။
    လေဆိပ်ကအပြန် အမေတို့ အဖေတို့နှင့်ပဲ မြို့ထဲက အိမ်ကို လိုက်လာရသည်။ အိမ်ရောက်တော့ ပါလာသမျှပစ္စည်းလေးတွေ တစ်ယောက်တစ်ခု လက်ဆောင်ပေးနေတုန်း၊ ဖေဖေက စကားပြောချင်သည်ဟု အခေါ်ခိုင်းလေသည်။

    ဧည့်ခန်းမှာထိုင်တော့ ဖေဖေက စကားစမပြောခင် ခဏဆိုင်းနေသည်။

    “သမီး .. မောင်တင်အောင့်မှာ cardio arrest  ဖြစ်တတ်တာများ ရှိသလား”

    ရုတ်တရက်မို့  ဖေ့မဖေ့မေးခွန်းကို သူမ သိပ်နားမလည်ပါ။ သို့သော် ဆေးပညာလောကနှင့် မဝေးသူမို့ပင်

    “မရှိပါဘူး ဖေဖေ” ဟု အလျှင်အမြန်ပြန်ဖြေလိုက်ရသည်။

    “သူဆုံးပြီ။ သမီး မရောက်ခင် ရှေ့လကပဲ သူဆုံးတယ်”

    ကမ္ဘာမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်တတ်ကြောင်းကို သူမ ယခု ယုံပါပြီ။  
    တစ်ခါမှ နောက်ပြောင်မပြောတတ်ဖူးသော ဖေဖေ့မို့ပင် သူမအထွန့်တက်မမေးရဲခဲ့တာပါ။
    တစ်ခြားတစ်ယောက်ကသာ ပြောခဲ့သည်ဆိုလျှင် သူမအား အကြောင်ရိုက်ပြီး နောက်ပြောင်သည်ဟု စွပ်စွဲမိမည်မှာ အမှန်ဖြစ်ပါသည်။

    ထို့နောက်တွင်မူ ... “ငိုလိုက်” “ငိုလိုက်” ဟု ဘယ်သူတွေက လာပြောကြသနည်း။
    ရူးများနေရော့သလား။ ဒီသတင်းကြားတိုင်း ချက်ချင်းငိုတတ်လိမ့်မည်ဟု သူတို့ကို မည်သူက သင်ကြားထားပါသနည်း။
    သူမ သူ့ကို နောက်ဆုံးတွေ့လိုက်ရတာ လွန်ခဲ့တဲ့ ခြောက်လတုန်းကပေါ့။ လွန်ခဲ့တဲ့ ခြောက်လတုန်းက လေဆိပ်မှာ ကျန်းကျန်းမာမာကြီး သူမကို လက်ပြခဲ့သောခင်ပွန်းသည် သူမပြန်လာတော့ မရှိတော့ဘူးတဲ့။

    နောက်အိမ်ယာထူထောင်သွားလို့များ သူမကို သေပြီဟု လူတွေက ညာထားကြသလား။ သို့သော် သားတို့ ၂ ယောက်၏ သနားစရာမျက်လုံးတွေသည် အမှန်တရားဖြစ်ကြောင်း သူမအား သက်သေခံလျက်ရှိကြသည်။

    x

     “ဘဘ အလုပ်ကိစ္စ နဲ့ မြစ်ခြေကိုသွားတယ်” ဟူသော သားအသံသည် ပုံမှန်မဟုတ်ဟု  နည်းနည်းလေးမျှ သူမ သံသယမ၀င်မိသနည်း ။

    “ရန်ကုန်က သတင်းဘာကြားသေးလဲ” ဟု မေးသော အဲရစ်က်၏ မျက်နှာတွင် လိုအပ်သည်ထက် ပိုမိုသော အမျိုးအမည်မသိ စိုးရိမ်မှုအား သူမ ဘာကိစ္စ မရိပ်မိခဲ့သနည်း။

    အောက်သွားပြုတ်ထွက်သွားသည့် မိမိအိပ်မက်အကြောင်းကို အရေးတယူလုပ်၍ ပူပန်နေချိန်မရအောင် သူမကို မည်သည့်အလုပ်တွေက ဖိစီးခဲ့လေသနည်း။
    ခြောက်လအတွင်းမှာ ရက်ရက်စက်စက် ပြောင်းလဲခဲ့သည် ကံကြမ္မာသည် မိမိအား မည့်သည့် ဘ၀ထဲက ငြိုးခဲ့လေသနည်း။
    သူ့ကို မည်သည့်အခါမှ ပြန်တွေ့ရမည်မှန်းမဟုတ်လျှင်၊ ဂျပန်နိုင်ငံမကလို့ ဘာကြီးပဲဖြစ်နေနေ သူမ ဘယ်တော့မှသွားမည်မဟုတ်။
    ကံကြမ္မာသည်  သူမလက်ထဲမှ မလွှဲသာ မရှောင်သာ သူ့ကိုခေါ်ရမည်ဆိုလျှင်လည်း အဘယ့်ကြောင့် ၂ လလောက်မှ မအောင့်နိုင်ရသနည်း။

    ယခုတော့ သားတို့  နှင့်သာ လျှောက်လှမ်းရတော့မည့် မနက်ဖြန်သည် သူမအတွက် မှိန်ပျပျရှိလှသည်။

                                                                                ရွှေစူး
    24 Dec 2009
    20:57PM

    လွန်ခဲ့သော ၂၉  နှစ်၊    ၂၆ ရက် ဒီဇင်ဘာလ ၁၉၈၀ က ၊ မိမိလူ့လောကသို့   ရောက်မလာသေးခင် ၇ နှစ်မျှစော၍ ကွန်လွန်ခဲ့သော ဘဘအား  ဤစာစုဖြင့်ကန်တော့ပါသည်။ ဘဘသည် မေမေ့အား မထားပစ်ခဲ့လျှင် မိမိ လူဖြစ်လာစရာ အကြောင်းမရှိသော်လည်း   ဘဘသာ သေမသွားခဲ့ရင်ကောင်းမှာပဲ ဟူသော ဆန္ဒသည် ဘဘ၏သားနှစ်ယောက်ထက် မလျော့သည့်အကြောင်း ဘဘကိုတိုင်တည်ပြီး ပြောပြချင်သည်။


Comments (11)

  • kabyarchitthu

    ဇာတ်လမ်းက အရှည်ကြီးကို လိုရင်းအလျှင်အမြန်ရောက်အောင် ချုံ့ နိုင်တယ်နော်...နောက်ဆုံးခန်းကျမှ heart ထိသွားတော့တယ်...so sad..:'(
    is it true story of ur dad (i don't really know) ?? 

  • chitsuelay

    @kabyarchitthu - မဟေမာရေ .. သမီးမမွေးခင် ၇ နှစ်လောက်က ဆုံးသွားတဲ့သူက သမီး အဖေဖြစ်ပါ့မလားတော်။ 

  • kabyarchitthu

    ဟားဟား ဟား ဟုတ်သားပဲ  :P 

  • anonymous

    ရွှေစူးရယ်...


    ဖွဲ့ထားတာတွေက ကောင်းနေတော့ ဖတ်ရင်း ပိုစိုးရိမ်လာစေတယ်ဗျ။ တစ်ခုခုတော့ ဖြစ်ပြီလို့ ...။ စာကို ထောင့်စေ့အောင် စီနိုင်တယ်ဗျာ။ 
  • chitsuelay

    @ဂျေဂျူဝိုင် - တကူးတက လာဖတ်ပြီး အားပေးသွားတဲ့အတွက် ကျေးဇူးပါ ကိုဂျေ ... 

  • kimsoosoo
    You're awesome!

    စိတ်မကောင်းပါဘူးအမရယ် ....

  • chitsuelay

    @kimsoosoo - ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Mini  လေးအတွက် ထပ်ပြီး ကျေးဇူးသပ်သပ်တင်ပါတယ် ငါ့ညီမရယ်။

  • soulg

    ဟားဟား  မထင်ရဘူး။ ကောင်းတယ်...... But character ကတော့
    ဘယ်လိုရေးရေး author အတိုင်းပဲ :P ဘဘ ကဘယ်လိုလည်းတော့ မသိဘူး မင်းသားကတော့
    ခေတ်ကောင်းမော် အတိုင်းပဲ :D

  • chitsuelay

    @soulg - ဟားဟားဟား ... ဒီကွန်မန့်  သဘောအကျဆုံးပဲ ... ဟီးဟီး။ 
    အခုလိုပြောတာ ကျေးဇူးအရမ်းတင်တယ် ငါ့အစ်ကိုရယ်။ ကြာရင် ဇာတ်ကောင်ပုံစံ ထပ်သွားမှာ စိုးရတယ်။ ထပ် ကြိုးစား ပါ့မယ်။
    မင်းသားက ခေတ်ကောင်းမော်နဲ့ မတူပေါင် .... ဟိုက ဆင်တတ်တယ် .... မင်းသမီးသုံးဖို့  စွဲဖို့လည်း ရှာပေးသေး။ ဟွန်း .. ဘယ်မှာတူလို့ လဲ။ :P

  • anonymous

    ဖတ်လို့အရမ်းကောင်းပါတယ် ။ Sue Lay က အမေကိုအရမ်းချစ်တယ် လို့ထင်တယ် .. ဟုတ်လား ??

  • anonymous

    သနားစရာဇာတ်လမ်းတပုဒ်ပါလောကမာယာရဲ့ ဖြစ်တတ်တဲ့ သဘောသဘာဝကိုပေါအောင်ရေးနိုင်တယ်ဇာတ်ကောင်အမျိုးသမီးလေးကတော့သနားပါတယ်
    ကလေး၂ယောက်နဲ့ 

  • Sign in to Comment

  • Give eProps (?)

Who recommended?

Who gave the eProps?

2 eProps from: