နတ်သမီးအတွက် ပုံပြင်
ရေထဲမှာ ခေါက်တုံ့ ခေါက်ပြန်ကူးနေသော သားနှင့်သမီးကို ကြည်နူးစွာကြည့်ရင်း တစ်ချိန်က အတိတ်တစ်ချို့ဆီသို့ သူ့စိတ်တွေ အမှတ်မထင် ရောက်သွားပြန်သည်။ ငါ ဒီလိုအခြေအနေမျိုးကို အိပ်မက်မက်ခဲ့တာ ဘယ်အချိန်ကတည်းကလဲ ....။ အခြေအနေတို့သည် သူအိပ်မက်ထားသည်နှင့် ထပ်တူနီးပါး ဖြစ်လာခဲ့ပြီ။ သင်လိုသမျှပညာဟူ၍ လေ့လာသင့်ယူခဲ့ပြီးပြီ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစား၍ရလာသော အောင်မြင်မှုတို့နှင့်လည်း သူ့ဘ၀ လျှမ်းလျှမ်းတောက်ပနေပြီ။ ရှာဖွေသမျှ စည်းစိမ်ဟူသမျှကို မျှဝေခံစားမည့် ဇနီးနှင့် သားသမီးတို့လည်းရှိပြီ။ ထိုအိပ်မက်ကို သူငယ်ငယ်ကတည်းက တစိုက်မတ်မတ် မက်ခဲ့ပါသည်။ ဖြစ်ချင်သမျှ အိပ်မက်တို့ကိုလည်း တစ်စုံတစ်ယောက်အား တိုင်တည်ပြောပြခဲ့ဖူးသည်။ အိပ်မက်တွေ အကောင်အထည်ဖော်လာသည် အထိ စောင့်မသွားသော တစ်ယောက်ယောက်အား သူပြောပြချင်နေမိသည်။ နင်အခုဘယ်မှာလဲ ...။
“ ဟာ ... ကိုကို ... ညစ်ပတ်တယ် .. နံရံထိမရောက်ပဲ ဒီဘက်ပြန်ကူးလာတယ် ... မရဘူး ပြန်ကူး” သမီးငယ်က အသံစာစာနှင့် သူ့အစ်ကိုကို ရန်တွေ့တော့ စွာလှသည့် သမီးငယ်ကိုကြည့်ပြီး သူသဘောကျစွာပြုံးမိသည်။ သမီးငယ်က စွာသည့်နေရာမှာတွင်တော့ သူရော၊ သူ့အမေနှင့်ပါ မတူပဲ ဘယ်သူနဲ့တူတာပါလိမ့်။ ဖြတ်ကနဲတွေးမိတော့ ရင်ထဲမှာ သိမ့်ကနဲ တစ်ချက်ခါသွားလေသည်။ မဖြစ်နိုင်ပါဘူး။ ငါတောင်မှ မမြင်ဘူးတဲ့သူတစ်ယောက်နဲ့ သမီးက ဘာလို့တူရမှာလဲ။ မဖြစ်နိုင်ဘူးလို့တွေးတော့လည်း ရင်ထဲမှာ ဟာသွားပြန်သည်။ အစွဲအလန်းတစ်ခုကြောင့် လူဝင်စားဟူသည့် ဖြစ်နိုင်ချေတစ်ခုကိုဖြင့် လွယ်လွယ်ကူကူ ကောက်ချက်မချချင်ပါ။ ဘာဖြစ်လို့များ ဒီနေ့တစ်နေ့မှ အတိတ်အကြောင်းတွေတွေးပြီး ငါ့ရင်တွေ လေးနေရတာလဲ။ နေ့စွဲကို သတိထားမိတော့ သူ့နှလုံးခုန်သံတစ်ချက် ကျော်သွားသည်။
“ဒယ်ဒီ ... သမီးတို့ နဲ့လာကူး၊ ဒယ်ဒီမရှိရင် ကိုကိုက ညစ်ပတ်တယ်” သမီးက ရေထဲမှတက်လာပြီး ပက်လက်ကုလားထိုင်ပေါ်မှာ ကော်ဖီတစ်ခွက်နှင့် အတွေးတွေ ဟိုရောက်ဒီရောက်ဖြစ်နေသော သူ့ကို ပဲကြီးရေခွံတွန့်နေသော လက်အေးအေး သေးသေးလေးများဖြင့် လာဆွဲခေါ်လေသည်။ ထိုအခိုက်တွင်မှ သူ့အိမ်သူသက်ထားက ၀ရံတာက လှမ်းအော်လေသည်။
“ရေထဲက ၂ ကောင် အပေါ်တက်ပါတော့ .. ကုန်းပေါ်က တစ်ယောက်လည်း ရေထဲကို ဆင်းလိုက်မသွားပါနဲ့ ”
“မရဘူးဟေ့ .. ခဏတော့ ဆော့ရမှဖြစ်မယ် ” ဟု ပြောပြောဆိုဆို အကျီချွတ်ပြီး သူရေထဲကို ဒိုက်ဗင်ထိုးဆင်းလိုက်လေသည်။ သမီးအလိုကိုလိုက်၍ ခဏကြာမျှ ရေထဲမှာ နေပေးရန် သူဆုံးဖြတ်လိုက်သည်။ သားသမီးနှင့် ဆော့ကစားရသည့်ခဏတာသည် သူ့အတွက်တော့ လောကနိဗ္ဗာန်။ ရေကူးကန်ထဲတွင် ဆော့ရသည်ကို အလွန်မက်မောသာ သမီးနှင့်သားကို အပေါ်တက်ရန် စည်းရုံးဖြောင့်ဖြရသည်မှာ သူ့အတွက် ဗျူဟာမျိုးစုံသုံးရသည် ဂိမ်းကစားနည်းတစ်ခုပမာ။ သူတို့ အမေဆိုလျှင်တော့ “ဟိတ် လာ တက်” နှင့်ပင် ပြီးပေမယ့် သူ့ကျလျှင်တော့ သမီးကဆိုးလေသည်။
“လာပါကွာ .. ဒယ်ဒီပါ အဆူခံရတော့မယ်” ဟုနောက်ပြောင်တော့ သမီးက ပါးနပ်လှစွာပင်
“လျှောက်ပြောတယ် .. မာမီလား ဒယ်ဒီ့ကို ဆူမှာ”
“ဟေ့ မရဘူးကွာ တက်ဆိုတက်တော့ ” ဟု အသံမာမာ ပြောကြည့်တော့လည်း သူ့အထာကို နပ်နေသောသမီးက ဈေးကိုင်ချင်ချင်။
“တက်ပြီးရင် အိပ်ရတော့မှာ ...၊ သမီးက မအိပ်ချင်ဘူး”
“အဲဒါကတော့ မင်းတို့အမေနဲ့ မင်တို့ဟာ ဈေးညှိ”
“မရဘူး ဒယ်ဒီပါ အတူတူ လိုက်အိပ်ရမယ်”
“အေးကွာ .... အိပ်မယ် အိပ်မယ်”
“ပုံပြင်လည်း ပြောပြရမယ်” ဟု သမီးငယ်က မူနွဲစွာတောင်းဆိုတော့ သူပြုံးမိပြန်သည်။ ပုံပြောမကောင်းတဲ့သူ့ကိုမှ သမီးက ပုံပြောရမယ်တဲ့။
“ဟုတ်ပြီ ပြောပြမယ်”
သမီးငယ်က ပြီးပြီးရော လိုက်လျောသည်ဟု ထင်၍လားမသိ၊ ဆက်လက်မေးခွန်းထုတ်၍ သေချာအောင် မေးလေသည်။
“ဘာပုံပြင်ပြောပြမှာလဲ”
သူခဏကြာမျှ စဉ်းစားလိုက်ရသည်။ လက်တွေ့ဆန်သောသူ့မှာ သားသမီးကို ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ပြောပြစရာ များများစားစားမရှိပါ။ ဒီနေ့တစ်နေ့လုံး သူစဉ်းစားမိနေသည်မှာ အကြောင်းအရာ တစ်ခုတည်းမျှသာ။
“နတ်သမီးပုံပြင်ပြောပြမယ်”
စိတ်ကူးယဉ်ဆန်လွန်းသော သမီးငယ်က နတ်သမီးပုံပြင်ဟုဆိုတော့ ပျော်ရွှင်သွက်လက်စွာ အိမ်ပေါ်တက်သွားလေတော့သည်။ သူ့မှာတော့ ပြန်ပြောရမည့် နတ်သမီးပုံပြင်အတွက် အတွေးများက အတိတ်သို့ တစ်လှမ်းချင်းစီ .....။
x x x
ဒီဇင်ဘာညအေးအေးလေး တစ်ညတွင် သမီးကိုပြောပြရမည့် ပုံပြင် စတင်ခဲ့လေသည်။
“
အဲဒီ့ညတုန်းက နင်နဲ့ငါလည်း သိလည်း မသိပဲနဲ့နော် ” ဟု သူမက နောက်တစ်ချိန်တွင် အံသြတကြီး ရေရွတ်လေ့ရှိသည်။ “
တကယ်လို့များ ငါသာ နင်နဲ့မပြောပဲ ငြိမ်းချမ်းဇော်နဲ့ ပြောဖို့ ရွေးခဲ့ရင် နင်နဲ့ငါ အခုလို သိလာစရာအကြောင်းမရှိဘူး သိလား” ဟုလည်း ညစ်ကျယ်ကျယ်ရယ်၍ ပြောတတ်သေးတယ်။ “
ဖြိုးဝေက သူဂိမ်းဆော့နေလို့ ငါ့ကို စိတ်မရှည်ပဲ သူ့ သူငယ်ချင်းဘယ်တစ်ယောက်နဲ့ ပြောမလဲမေးတာ။ ငြိမ်းချမ်းဇော်ဆိုတဲ့ နံမည်ထက် ခေတ်ကောင်းမော်ဆိုတဲ့ နံမည်က ပိုပြီးမိုက်တာကိုး” ဟုလည်း သူမဟာသူမ သူ့ကိုရွေးပြီး စကားပြောရသည့် အကြောင်းအရင်းကို ဆင်ခြေပြတတ်သေးသည်။
“ဒါဆိုလည်း အမေပေးတဲ့ နံမည်လေးကိုပဲ ကျေးဇူးတင်ရမှာပဲ” ဟု သူကပြောတော့ သူမက
“ဟုတ်တယ် ဟုတ်တယ်” ဟု ထောက်ခံရင်း နှစ်ခြိုက်စွာရယ်လေသည်။
သူမနှင့် စစကားပြောဖူးသည့် ထိုညက သူနှင့် သူငယ်ချင်းတစ်သိုက် စာမေးပွဲပြီး၍ ညလုံးပေါက် ဂိမ်းထိုင်ဆော့ဖြစ်သည့် အချိန်ဖြစ်သည်။ ဂိမ်းဇောကပ်နေသည့် ဖြိုးဝေက “ဟေ့ကောင် ငါ့သူငယ်ချင်းနဲ့ ပြောလိုက်ဦး” ဟု ဖုန်းကို လက်ထဲထိုးပေးသွားတော့ သူဘုမသိဘမသိနှင့် ကိုင်လိုက်ရသည်။ ဖုန်းထဲက သူ့သူငယ်ချင်း၏နံမည်ကိုတောင် ပြောမသွားခဲ့။ ကိုယ့်အချင်းချင်း မိတ်ဆက်ရင်းသိလာရသည်က သူမသည်လည်း သူတို့နည်းတူ အမိနိုင်ငံနှင့်ခွဲ၍ တခြားနိုင်ငံတွင် ပညာသင်နေသူဖြစ်သည်။ နိုင်ငံခြင်းကတော့ မိုင်သုံးထောင်မက ဝေးလေသည်။ သူရှိနေသည်က စင်္ကာပူ။ သူမကတော့ အိန္ဒိယတွင်ဖြစ်သည်။
နိုင်ငံတွေခြားနေလျက်က သူမနှင့်စသိခဲ့ခြင်းသည် ဖြိုးဝေကြောင့်ဖြစ်ပြီး ထိုအဝေးမှ သူမနှင့် တစ်စတစ်စ ရင်းနှီးလာခဲ့သည်ကတော့ internet ၏ကျေးဇူးဖြစ်သည်။ နောက်တစ်နေ့မှစ၍ သူမကို ညတိုင်းလိုလိုပင် တွေ့ရသည်။ ကျောင်းအားသည့်နေ့များတွင်တော့ သူနှင့်သူမ မိုက်ကရိုဖုန်းမှတဆင့် စကားပြောဖြစ်ကြလေသည်။ ခဏတာပြောရသည်အချိန်များတွင် တစ်ဘ၀စာအကြောင်းများပါဝင်သည်။ သူမက အတိတ်က အကြောင်းများပြောရသည်ကို သဘောကျတတ်ပြီး သူကတော့ အနာဂတ်အိပ်မက်များအကြောင်းကို သူမအား စိတ်အားထက်သန်စွာပြောပြတတ်သည်
“America ကိုလည်း ရောက်အောင်သွားမှာသိလား ... မဟာဘွဲ့ကို အဲဒီ့ကမှ လိုချင်တယ်။ နိုင်းမြစ်ကိုလဲ ရောက်ဖူးအောင်သွားကြည့်မယ်။ နောက်ပြီး ပိရမစ်တွေရှိသေးတယ်။ နောက်ဘာရှိသေးလဲ၊ သြော် နိုင်ရာဂရာ ရေတံခွန်ကိုလည်း သွားကြည့်ရမယ်။ သြော် အိန္ဒိယက Taj Mahal ကိုလည်း သွားရမှာပေါ့။ တရုတ်ပြည်က မဟာတံတိုင်းရော ... ...”
သူ၏မိုးမျှော်အိပ်မက်များကို သူမကတော့ဖြင့် မပျင်းမရိ နားထောင်လေသည်။ မိုးမျှော်အိပ်မက်တွေကို သူ့လောက်မမက်တတ်သောသူမ ပြောပြတတ်သည့်အကြောင်းအရာတွေကတော့ သူမမိသားစုအကြောင်း၊ ကလေးဘ၀အကြောင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်များအကြောင်းဖြစ်သည်။ နှုတ်က တဖွဖွ မချတမ်းပြောတတ်သည့် အကြောင်းကတော့ သမိးကို အရမ်းချစ်သည့် သူမအဖေအကြောင်းဖြစ်လေသည်။ ဒယ်ဒီကလေ .... ဟုအစချီ၍ သူမပြောပြသည့်အကြောင်းအရာများထဲတွင် သူမကို မည်မျှချစ်ပုံအစ၊ လွှတ်အလိုလိုက်ပုံအလည်၊ သူမနှင့် ဘယ်လောက်ရင်းနှီးပုံအဆုံး သူမအဖေနှင့် ပတ်သက်သည့် သေးသေးမွှားမွှား ကြီးကြီးမားမား အကြောင်းအရာများစွာပါဝင်သည်။
“ဒယ်ဒီငယ်ငယ်တုန်းက အရမ်းချောတာ သိလား” ဟုလည်း ဂုဏ်လုပ်၍ တဖွဖွ ပြောတတ်သေးသည်။
နောက်ထပ် သူမအများဆုံးပြောဖြစ်သည်ကတော့ လက်ရှိသူ့အစီအစဉ်များ၊ ခပ်လှမ်းလှမ်းအနာဂတ်မှ အစီအစဉ်များ၊ ခပ်ဝေးဝေး အနာဂတ်မှ စိတ်ကူးများ ဖြစ်လေသည်။
“ငါ့အိမ်ကလေ ... ၂ ထပ်တော့ရှိရမယ် မြက်ခင်းလည်းပါရမယ်၊ ကလေးတွေရေကူးဖို့ ရေကူးကန်လည်းပါရမယ် ”
စိတ်ကူးကောင်းသော သူ့အတွေးများကို သူမကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ နားထောင်နေခဲ့ပါသည်။
တစ်ခါကတော့ ...
“နင်နဲ့ငါနဲ့ကနော် တစ်နိုင်ငံတည်းကို တစ်ချိန်ထဲမှာ ပြန်ရရင်တောင် တွေ့ဖို့ မလွယ်ဘူး။ နင်က မန္တလေးက၊ ငါက ရန်ကုန်က ..”
“ဟာ တွေ့ရအောင် လုပ်ရင် တွေ့ရပါတယ်” ဟု သူကပြောတော့
“မြန်မာပြည်ကို တစ်ချိန်တည်းပြန်ဖြစ်ပြီးမှာ တစ်ခါမှ မတွေ့လိုက်ရဘူးဆိုရင်တော့ နည်းနည်းမှ မမိုက်ဘူးနော် ” ဟု သူမက ညည်းညည်းညူညူပြောလေသည်။
“ရအောင်တွေ့မှာပေါ့”
“ငါပြန်တဲ့အချိန်မှာ နင်မြန်မာပြည်မှာရှိနေရင် ငါနင့်ကို တွေ့ဖြစ်အောင်ကိုလာတွေ့မယ်၊ အဲဒါ အခုချလိုက်တဲ့ သန္ဓိဌာန် .. အဲဒါ ငါ့ကတိ” ဟု သူမ စိတ်အားထက်သန်စွာပြောခဲ့တုန်းကတော့
“အေးငါလည်း ကတိ” ဟု သူလည်း ကတိပေးခဲ့ပါသည်။
သူတို့ ၂ ယောက် မြန်မာပြည်ကို တစ်ချိန်တည်း ပြန်ဖြစ်ခဲ့လျှင် မတွေ့လိုက် မရှိစေရ။
“အပြင်မှာတွေ့ရင် စိမ်းမနေလောက်ဘူး ထင်ပါတယ်နော်”
“ဟာ စိမ်းမနေပါဘူး .. ဒီလောက်စကားအကြာကြီးပြောပြီးပြီပဲဟာ”
စကားပြောချိန်များ တစ်စတစ်စ များပြားလာသည့်နောက်တွင် တစ်ယောက်အကြောင်တစ်ယောက် ရင်းရင်းနှီးနှီး သိလာခဲ့ကြသည်။ လူချင်းမမြင်ဖူးသည်ကလွဲ၍ ဓါတ်ပုံများစွာ ဖလှယ်ခဲ့ပြီးပြီ။ နာရီပေါင်းများစွာ စကားပြောခဲ့ကြပြီးပြီ။ လူမမြင်ဘူးသေးသော်လည်း သူမသည် သူ့ဘ၀အတွက် နေ့စဉ်ပါဝင်သော သူတစ်ယောက် ဖြစ်နေခဲ့ပြီ။ သူမကတော့ နှုတ်ကကို ထုတ်ပြောခဲ့ပါသည်။
“နင့်ကို မြင်သာမမြင်ဖူးသေးတာ၊ ငါအိမ်ပြန်ရောက်ရင် နင်နဲ့စကားပြောမယ်ဆိုတဲ့အချိန်က နေ့တိုင်းရှိပြီးသာ၊ ရယ်စရာတစ်ခုခုတွေ့ရင် နင့်ကို အရင်ပြောပြရဦးမယ်လို့ စိတ်ကအလိုလိုတွေးမိပြီးသာ၊ စိတ်ညစ်စရာရှိလဲ နင့်ကိုပဲ တိုင်တည်ချင်တာက အရင်။ တိုက်ဆိုင်တာ တစ်ခုခုရှိလည်း ဗြုန်းကနဲ နင့်ကို သွားသတိရပြီးသား .... မထူးဆန်းဘူးလား ”
သူမသည် တစ်ခါတစ်ရံလူကြီးဆန်သော်လည်း တစ်ခါတစ်ခါတော့ဖြင့် ကလေးဆန်ဆန် မုန်တိုင်းထန်ချင်ထန်နေတတ်သည်။ ထိုအခါမျိုးတွင်တော့ စိတ်ရှည်သော သူနှင့် လေပေးကား မဖြောင့်တော့။ သို့သော မချော့တတ်သော သူ့အတွက်တော့ သူမက ကြာကြာစိတ်ကောက်လေ့ မရှိပါချေ။
“နင်ကမိန်းကလေးမဆန်ဘူးနော်”
ပွင့်ပွင့်လင်းလင်းပြောဆိုလေ့ရှိသော သူမကို သူက မိန်းကလေးမဆန်ဘူးဟု အမြဲတမ်းကောက်ချက်ချလေ့ရှိသည်။
အဖေကို ဂျစ်ကန်၊ ဂျီကျ၊ ဆိုးနွဲ့သည့်အကြောင်းများ သူမပြောပြတော့
“ဆိုးတယ် ... ကြည့်စမ်း။ ငါတော့ အဲလိုသမီးမျိုး မလိုချင်ပါဘူးဟု” သူပြောခဲ့ဖူးပါသည်။
x x x
ရေကူးထားသဇြင့် ပင်ပန်းနေသော်လည်း သမီးက သူ့ပုံပြင်ကိုတော့ဖြင့် စိတ်ဝင်တစား နားထောင်ရှာသည်။
မျက်လုံးတွေစဉ်းကျနေသည့်ကြားထဲက အသံတိုးတိုးနှင့်မေးဖော်ရသေးသည်။
“နောက်တော့ကောဟင် .. ဘာဆက်ဖြစ်လဲ”
သူသက်ပြင်းတစ်ခု မသိမသာချလိုက်မိသည်။
“နောက်တော့ဒယ်ဒီိတို့ အဆက်အသွယ်ပြတ်သွားတယ်”
ကလေးနားလည်မည့် ခပ်လွယ်လွယ် အဖြေတစ်ခုသာ သူပေးလိုက်မိသည်။ ဘာလို့ပြတ်သွားတာလဲဟု ဆက်မေးဖို့ သတိမရတော့အောင် အိပ်ငိုက်နေသော သမီးငယ်ကို သူကျေးဇူးတင်ပါသည်။ ဘာပဲဖြစ်ဖြစ် နင့်မွေးနေ့မှာ ငါ့သမီးကို နင့်အကြောင်းပြောပြမိတာ နင်သိရင် နင်ကျေနပ်မှာပဲ။ ဒီနေ့ဆို နင်ဘယ်နှစ်နှစ်ပြည့်တာလဲ။
x x x
“တကယ်လို့ ငါတို့ တသက်လုံးမတွေ့ဖူးရင်ဘယ်လိုလုပ်မလဲဟင်”
“မတွေ့ဖူးမရှိပါဘူး .. တွေ့ဖူးမှာပေါ့”
“တကယ်လို့များ နင်ငါ့ကို ရက်တွေအကြာကြီး online မှာမတွေ့ရင် ဘယ်လိုလုပ်မလဲ”
“နင့်ဆီဖုန်းဆက်မှာပေါ့”
“ငါ့ဖုန်းက အဲဒီ့အချိန်မှာမှ ပိတ်ထားတယ်ဆိုရင်ကော”
“email တွေပို့ထားမှာပေါ့”
“ငါက တစ်စောင်မှကို မပြန်ဘူးဆိုရင်ကော”
“နင့်အိမ်ကို ဖုန်းဆက်ပြီး မေးမှာပေါ့”
“နင်ကဖုန်းနံပါတ်သိလို့လား”
“ဖြိုးဝေသိတယ်လေ”
“တကယ်လို့ ငါ့အိမ်ကို ဖုန်းဆက်မေးကာမှ ငါသေသွားတယ်လို့ နင်သိရတယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
“ဟားဟား ... နင်သေသွားတယ်ဆိုရင် ငါနင့်ကို အမြဲတမ်းသတိရနေမှာလေ။ ငါ့ဘ၀မှာ တကယ်ရှိခဲ့တဲ့သူ တစ်ယောက်၊ ဒါပေမယ့် တစ်ကယ်ရှိခဲ့တယ်လို့ လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့သူတစ်ယောက်။ ဘယ်လိုပြောမလဲ .. နတ်သမီးပုံပြင်ပေါ့ဟာ ... ပျော်စရာတွေပဲ ပေးခဲ့တာမျိုးလေ။ ပြန်တွေးကြည့်လိုက်တိုင်း ပျော်စရာလေးတွေပဲ ဖြစ်နေတာပေါ့”
နိမိတ်တို့သည် တကယ်ပြခဲ့လေသလော။ စကားနောက်ပဲ တရားပါလေသလော။ သူဘာကိုမှမသိချင်ခဲ့ပါ။
သူသိခဲ့သည်က သူ့ဘ၀၏ နေ့တိုင်းနီးပါ ကြားနေရသော အသံလေး ရုတ်တရက်ပျောက်သွားသည်။ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားသည်။ သူ့ကို ဘယ်တော့မှ မတွေ့ဖြစ်ခဲ့။
သူမဘယ်ရောက်သွားခဲ့တာလဲ
x x x
သူနဲ့ဟိုးအဝေးကြီးမှာ ရှိနေခဲ့တဲ့ သူမကတော့ သူနဲ့စကားပြောရတဲ့နေ့လေးတွေ တော်တော်များများမှာ ပျော်လို့ချည်းနေခဲ့သည်။ ကံကြမ္မာဆိုတာ မမြင်နိုင်ရုံမက တစ်ခါတစ်ရံကျတော့လည်း ရက်စက်တတ်သေးသည်။ ပညာသင်လို့ကောင်းဆဲ၊ လူ့ဘ၀မှာပျော်ရွှင်ဆဲ မိန်းကလေးတစ်ယောက်အား လောကထဲမှ ရုတ်တရက်လည်း ဆွဲခေါ်သွားတတ်သေးသည်။
ဆိုင်ကယ်သာအစီးများသော နိုင်ငံရပ်ခြား၏ မြို့တစ်မြို့လေးတွင် သူမ ဆိုင်ကယ် ကားတိုက်ခံရပြီး သူနှင့်တကွ လောကကြီးအား ကျောခိုင်းခဲ့ခြင်းကို သူ့ကိုပင် ပြန်မပြောပြနိုင်ခဲ့ချေ။ သစ်ရွက်ကလေးတရွက် စိမ်းလျက်နှင့် မြေခခဲ့ရသည့်အကြောင်းကို သူ့ကိုပြန်ပြောခွင့်မရှိနိုင်လောက်အောင်ပင် အဖြစ်အပျက်က မြန်ဆန်ခဲ့လေသည်။
x x x
နတ်သမီးပုံပြင်တစ်ပုဒ်ကတော့ဖြင့် သူ့ရင်ထဲမှာ ယခုတိုင် အသက်ဝင်ဆဲ။ ကွန်ပျူတာရှေ့ရောက်တိုင်း သူမ နံမည်လေးများ ဘယ်တော့ အသက်ဝင်လာမလဲဟု သူကတော့ ယနေ့ ထက်ထိ စောင့်ကြည့်ဆဲ။
ရွှေစူး
(ဒီဝတ္ထုလေးဖြစ်မြောက်လာအောင် ခံစားချက်တွေ အသက်သွင်းပေးခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ခေတ်ကောင်းမော်ကို ကျေးဇူးတင်ပါတယ်။)
Comments (8)
ဟား ဟား ဟား တော်တော်ကြားဖူးတယ် ဒီ ဇာတ်လမ်းကို...
@kabyarchitthu - hehe ..
ဒီဝတ္ထုလေးနဲ့ပဲ လုပ်စားခဲ့တာပဲ =D
ကလေးက အဲပုံပြင်ကို ကြိုက်တယ်လားဟင် ? :P
သက္ကရာဇ်က ၂၀၀၀ ကတည်းကလား ရွှေစူးရယ်။ ဇာတ်ကောင်နှစ်ဦး ဆုံတွေ့ပုံကို ရွှေစူးဖွဲ့နွဲ့တဲ့နေရာမှာ အမြဲ ကောင်းတယ်နော်။ ကျွန်တော်ဆို ဘယ်လို ဆုံပေးရမလဲ စဉ်းစားရင်း။ ဘယ်အခန်းက စမလဲ စဉ်းစားရင်း ဘာမှ မရေးဖြစ်တော့ဘူး။
(လူစားလှဲထားတယ်ထင်တယ်။
ဖတ်တော့ ဖတ်ချင်ဘူးသိလား။ ဒါပေမယ့် ဖတ်ခဲ့တယ်။ သူငယ်ချင်းရဲ့ ပိုစ့်လေးပဲ ဆိုပြီးတော့ပေါ့ သူငယ်ချင်းရယ်။ )
@kimsoosoo - ယောက်မရေ .... ကလေးကနားမထောင်ချင်ဘူးထင်တယ် အိပ်ပျော်သွားတယ်
အဖေကတော့ အဓိပ္ဗါယ်အပြည့် ခံစားချက်အပြည့်နဲ့ ပြောနေတာပေါ့လေ ... ဟီဟီ စိတ်ကူးယဉ်ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ ယောင်းယောင်းရယ်။ (ညည်းအစ်ကိုနဲ့အကြောင်းရေးထားတာကိုလည်း ကျုပ်လေ တင်ချင်လိုက်တာ လက်ကိုယားနေတာပဲ ... ညည်းယောင်းမဆီက ခွင့်ပြုချက်တောင်းပြီးမှပဲ တင်တော့မယ် ... ဟီး)
@ဂျေဂျူဝိုင် - ကိုဂျေ ဖတ်သွားတဲ့အတွက် ကျေးဇူးနော်။ သက္ကရာဇ်က တကယ်ရေးတုန်းက ၂၀၀၅ လို့ ရေးထားတာပါ .. ဒါပေမယ့် ၂၀၀၉ မှာ ဘယ်လိုမှ ကလေး ၂ ယောက်အဖေ ဖြစ်တောင်မှ ရေကူးကန်ပိုင်တဲ့ အိမ်ရှိဖို့က ထီပေါက်မှရမှာမို့ .. သက္ကရာဇ် ကိုပြင်လိုက်တာ။ ဒါပေမယ့် အများကြီးလိုပါတယ်။ စိတ်ကူးယဉ်ပြီး ရေးခဲ့တာကို ဒီအတိုင်းပြန်ပြင်တာဆိုတော့လေ။
၂၀၀၆ မတ်လလောက်တုန်းက ရေးခဲ့တဲ့ ၀တ္ထုလေးပါ။ မင်းသားနဲ့ မင်းသမီးကို အဲဒီ့တုန်းက ဆုံပေးလို့မရဘူး။ သူ မှ ကိုယ့်မကြိုက်သေးပဲကိုး။ အဟီး ....
ဒီကောင်မလေး ပိုစ့်အသစ်လည်း မတင်ဘူးဗျ။ ဘာလုပ်နေလဲ
ဘာလည်း သေသွားပြီဆိုပြီး ဖြတ်ခဲ့တာလား? :P အဲ့ဒီတုန်းက ခေတ်ကောင်းမော် မဟုတ်ဘဲ ငြိမ်းချမ်းဇော် ဖြစ်ခဲ့ရင် ဘယ်လိုဖြစ်မလည်း တွေးဘူးလား? :B
လူတစ်ယောက်၇ဲ့ ရင်ထဲကိုဝင်အောင်ရေးနိုင်တယ်ဖတ်ရတာသိမ့် ခနဲဖြစ်သွာတယ်
အပြင်ကဇာတ်လမ်းလေးကတော့လှပါတယ်း) ပာုတ်တယ်ပာုတ်