သေ. ချာ. ဖတ်. ကြည်.့လျှင် “ငါနင့်ကို အရမ်းမုန်းတယ် သိလား ဂါမဏိ”
ထိုစကားတစ်ခွန်းတည်းကိုပင် နေ့သစ်ဖူးရင်ထဲမှာ ရေရွတ်နေမိသည်မှာ မရေတွက်နိုင်အောင် အခါခါဖြစ်သည်။ စိတ်ထဲမှ မြည်တွန်တောက်တီးနေသော နေ့သစ်ဖူး၏ မျက်နှာသည်လည်း မိုးအုံ့နေပါလိမ့်မည်။ ဖြစ်နိုင်လျှင် တစ်ခါပဲတွေ့ဖူးခဲ့သော ဂါမဏိအား ဒီတစ်သက် ပြန်မတွေ့ချင်ပါ။
“ဟုတ်တယ် ဘယ်တော့မှ ပြန်မတွေ့ချင်ဘူး”
x x x
နေ့သစ်ဖူးနှင့် ဂါမဏိတို့ သိကျွမ်းကြပုံမှာ ခပ်ရိုးရိုးပင်ဖြစ်သည်။ နေနေ့ သူငယ်ချင်း မဉ္ဖူနျင့် ဂါမဏိသူငယ်ချင်း ဘုန်းမြတ်ကျော်တို့အတွဲကို အကြောင်းပြု၍ ဘုန်းမြတ်ကျော်၏ မွေးနေ့ပွဲတွင့် တွေ့ဆုံခြင်းဖြစ်သည်။ မဉ္ဖူနှင့်ဘုန်းမြတ်ကျော်တို့ စုံတွဲသည် သူတို့ကိုယ်တိုင် အတွဲညီသလို၊ နှစ်ဘက်သောသူငယ်ချင်းများကို စပ်ဟပ်ပေးသည့်နေရာ၌လည်း လိုက်ဖက်ညီစွာ ၀ါသနာတူကြသည်။ နေနေ့နှင့် ဂါမဏိကား သူတို့အတွက် အဓိကပစ်မှတ် စုံတွဲတစ်တွဲပင်ဖြစ်သည်။
“သေချာကြည့်ရင် ဂါမဏိက တကယ်ချောတာနော်။ ဒီလိုလူဖြောင့် ရည်းစားတစ်ခါမှ မထားဖူးဘူးတဲ့။ နင်နဲ့ဆိုရင် ရှေ့သွားနောက်လိုက်ညီတယ်။ သူက နင့်ကိုလည်း စိတ်ဝင်စားတယ်”
ထိုစကားသည် မဉ္ဖူက နေ့သစ်ဖူးအား နှူးနေကြ စကားတစ်ခွန်းဖြစ်သည်။ များသောအားဖြင့်တော့ နေ့သစ်ဖူးသဘောကျပြီး ပြုံးတတ်သည်။ သို့သော် ကြားရဖန်များလွန်းလာသောအခါ နေ့နေ့လည်း ရိုးလှပြီ။
“နင်နဲ့ငါနဲ့ က စိတ်ချင်းအရမ်းတူတာနော်၊ ငါတောင် ဂါမဏိကိုသဘောကျတာ နင်ရော သဘောမကျဘူးလား” ဟုလည်း မဉ္ဖူက ခဏခဏ မေးတတ်သေးသည်။
“ဩော .. ဒါဆိုနင်နဲ့ဘုန်းမြတ်ကျော် ရည်းစားဖြင်တာနဲ့ ငါနဲ့ပါဖြစ်ရရောလား” ဟု နေ့သစ်ဖူးက ပြန်ပြီး ဘုတောလျှင်မူ မဉ္ဖူတစ်ယောက် နီးရာခေါင်းအုံးနှင့် ကောက်ပေါက်လိမ့်မည်။ တကယ်တော့ ညီအမအရင်းတမျှ ရင်းနှီးသော မဉ္ဖူသည် နေ့နေ့ ၀န်ခံစရာမလိုပဲနှင့်ကို နေ့နေ့ စိတ်အား သိနေခဲ့ပါလိမ့်မည်။
x x x
တွေ့တွေ့ ချင်းမှာပင် ဂါမဏိသည် နေ့သစ်ဖူးအား စိတ်ဝင်စားခဲ့သလို နေ့နေ့ဘက်ကလည်း မလျော့သော အတိုင်းအတာဖြင့် ပြန်စိတ်ဝင်စားခဲ့ပါသည်။
ဒါပေမယ့် ငါက မိန်းကလေးလေ၊ သိသိသာသာ စိတ်ဝင်စားပြလို့ မှ မရတာစကားပြောကောင်းသော ဂါမဏိကား ထိုနေ့ ဘုန်းမြတ်ကျော်၏ မွေးနေ့ ပွဲတွင် အဓိကဧည့်ခံသူ တစ်ယောက်ဖြစ်ခဲ့သည်။ သက်တူရွယ်တူများကိုသာ ဖိတ်ကြားထားသော ထိုမွေးနေ့ ပွဲတွင် လူငယ်အချင်းချင်း ခင်မင်ရင်းနှီးစွာ မိတ်ဖွဲ့ ကြ၊ စကားပြောကြ၊ ဖုန်းနံပါတ်ချင်း၊ e-mail ချင်း ဖလှယ်ကြနှင့် သူငယ်ချင်းများ ဖြစ်သွားကြသည်။ နေ့သစ်ဖူးနှင့် ဂါမဏိသည်လည်း ထိုမွေးနေ့ ပွဲကြောင့်ပင် ရင်းနှီးခဲ့ရခြင်းဖြစ်သည်။
အမှန်အတိုင်းဝန်ခံရလျှင်မူ ထိုမွေးနေ့ ပွဲပြီးသည်နောက် ဂါမဏိဘက်မှ စပြီးဆက်သွယ်လာဖို့ကို နေ့နေ့ မျှော်လင့်ခဲ့သည်။
ငါ့ဘက်က စဆက်သွယ်ချင်ခဲ့တာတောင်မှ အကြောင်းပြချက်က ရှားတယ်လေ ဂါမဏိရယ် ...အိမ်နေရင်းပင်လျှင် အိတ်ပါသောအကျီင်္ဝတ်ပြီး လက်ကိုင်ဖုန်းကို ကိုယ်နှင့်မကွာ အမြဲဆောင်ထားခဲ့သော နေ့နေ့မှာ ဂါမဏိဘက်က ဘယ်လိုအကြောင်းအရာဖြင့် စတင်ဆက်သွယ်လာမလဲဟု အမြဲသိချင်ခဲ့သည်။
မွေးနေ့ ပြီး ၂ ရက်မြောက်နေ့တွင်မူ ဂါမဏိကြောင့် နေ့သစ်ဖူး၏ဖုန်းလေး အသံမြည်လာခဲ့ပါသည်။ သို့သော် နေ့နေ့ မျှော်လင်ထားသလို ဖုန်းဆက်ခြင်းမဟုတ်။ SMS လေး တစ်စောင်မျှသာ ဖြစ်သည်။
“နေ့ နေ့ ကျွန်တော် e-mail ပို့ထားတယ်သိလား mail check ဦးနော်”
ထိုမျှသာ။ ဂါမဏိပို့ထားသော e-mail ကား နေ့နေ့ တစ်ယောက်တည်းအတွက်သီးသန့်ပို့ထားခြင်း မဟုတ်။ မွေးနေ့ ပွဲတွင် ရိုက်ခဲ့သော မဉ္ဖူနှင့် နေ့သစ်ဖူးတို့၏ ဓါတ်ပုံများအား တွဲ၍ မဉ္ဖူနှင့် နေ့နေ့အား နှစ်ယောက်အတူတူတွဲလျက်ပို့ခြင်းသာ ဖြစ်သည်။
သြော် .. ဒီ့ထက် နည်းနည်းမှ မပိုဘူးပေါ့နော် ...နေ့နေ့ ထင်မြင်ချက်မှားခဲ့ပါသည်။ နောက်တစ်နေ့ ပို့လာသော e-mail တွင်မူ
နေ့နေ့
လူတစ်ယောက်မှာ မွေးနေ့ ၂ ရက်ရှိရင်ကောင်းမယ်လို့ ကျွန်တော် စဉ်းစားမိတယ် သိလား
အနည်းဆုံးတော့ ဘုန်းမြတ်ကျော်ဆီမှာပေါ့ ...
အဲဒီ့နေ့က အရမ်းပျော်ဖို့ကောင်းတယ်နော်
ဒါနဲ့ ဘုန်းမြတ်ကျော်မှာ မွေးနေ့ ၂ ရက်မရှိလည်း ကျွန်တော် နေ့နေ့ကိုတွေ့ဖို့
နောက်တစ်နှစ် ဒီကောင့်မွေးနေ့ထိ စောင့်စရာ မလိုဘူး မဟုတ်လား။
နေ့နေ့ အားရင် စာပြန်ပါ (ကျေးဇူးပြုပြီး)
ဂါမဏိ
အဲဒီ့စာကို ငါဘယ်လိုပြန်ရမှာလဲ ဂါမဏိရဲ့ ... နင့်မေးခွန်းက အထက်စီးကြီးကနော် ဂါမဏိသို့သော်လည်း နေ့သစ်ဖူးဘက်က အတတ်နိုင်ဆုံး ချောမွေ့စွာ စာပြန်ခဲ့ပါသည်။
ဂါမဏိ
ဘာဆက်ရေးရမှာပါလိမ့် အဲဒီ့လိုပျော်စရာကောင်းတဲ့နေ့မျိုး
တစ်နှစ်မှာ တစ်ခါမက ရှိသင့်တယ်ဆိုတာကို
တို့လည်းသဘောတူပါတယ်
ဒါပေမယ့်
သူငယ်ချင်းတွေ တွေ့ဖို့အတွက်ကတော့
“မွေးနေ့”တွေ ခဏခဏ မလိုဘူးလို့ ထင်တယ်လေ
နေ့သစ်ဖူး
ဒီလောက်ဆိုရင်တော့ မဆိုးပါဘူး။ ကိုယ့်ဟာကိုယ်အတည်ပြုပြီးနောက် ထိုအတိုင်းပင် ဂါမဏိဆီသို့ နေ့သစ်ဖူး e-mail ပြန်ခဲ့သည်။
မျှော်လင်မထားသော တနင်္ဂနွေနေ့၏ နေ့လည်ခင်းတစ်ခုတွင်မူ ဂါမဏိ နေ့သစ်ဖူးဆီသို့ ဖုန်းဆက်ခဲ့သည်။ စတွေ့ပြီး တစ်ပတ်တိတ် အကြာတွင်ဖြစ်သည်။
“ကျွန်တော် နေ့နေ့ကို နောက်တစ်ခေါက် ဘယ်တော့တွေ့လို့ရမလဲ” ဟု ဂါမဏိက ဖုန်းထဲက မေးလာသောအခါ။ နေ့သစ်ဖူးတစ်ယောက် တစ်ဖက်က ကြိတ်ပျော်ခဲ့ရသည်။
“နောက်တစ်ပတ် တနင်္ဂနွေ ..... တနင်္ဂနွေနေ့ဆို နေ့နေ့တို့ မနက်သင်တန်းရှိတယ်မဟုတ်လား .. သင်တန်းပြီးရင်ရော ..”
“အင်း .. ရပါတယ်။ မဉ္ဖူကို ဘုန်းမြတ်ကျော်လာကြိုမယ်ဆိုရင် သူနဲ့လိုက်လာခဲ့လေ၊ အားလုံးဆုံကြတာပေါ့”
“အာ .. အဲဒီ့ ၂ ကောင်ကို ခဏခဏ တွေ့နေကြ၊ ကျွန်တော်က နေ့နေ့ နဲ့ပဲ စကားပြောချင်တာ”
ခက်ပြီ .. ဂါမဏိရေ ... ငါက ၂ ယောက်တည်းဆို စကားမပြောတတ်ဘူး။ ဒါနဲ့ နင့်ခြေလှမ်းတွေက တဆိတ်မြန်မနေဘူးလား။ သို့သော်လည်း ဂါမဏိဖြစ်စေချင်ရင် နေ့သစ်ဖူးက ကြိုးစားရမှာပေါ့။ ဒုတိယတစ်ခေါက်တွေ့ရန် ကြားထဲမှာ အချိန် ၂ ပတ်မျှ ခြားသဖြင့် မြန်လွန်းလှသည်ဟုလည်း မဆိုသာပါ။ ထိုနေ့အတွက် နေ့သစ်ဖူးမှာ တစ်ပတ်လုံးလုံး စိတ်လှုပ်ရှားခဲ့ရသည်။
“ ငါတို့ ဘယ်နေရာမှာ တွေ့ရင် ကောင်းမလဲဟင် မဉ္ဖူ ”
“ ငါဘာဝတ်ရင်ကောင်းမလဲဟင်”
“ နှစ်ယောက်တည်းတွေ့ မှာဆိုတော့ ငါဘယ်လောက်ပဲ အချိန်ပေးသင့်သလဲ”
“ ငါတို့ ဘာအကြောင်းတွေ ပြောကြရင်ကောင်းမလဲဟင် မဉ္ဖူ”
“ မဉ္ဖူ နင်တို့မပါတော့ ငါတို့ ပြောစရာစကားမှ ရှိပါတော့မလား ”
ထိုနေ့တွေက မဉ္ဖူတစ်ယောက် တော်တော်လေး နားညည်းခဲ့ပါလိမ့်မည်။ ထိုတနင်္ဂနွေပြီးသည့် နောက်တွင် နေ့ နေ့တို့ နှစ်ယောက် ဖုန်းထပ်မပြောဖြစ်တော့သော်လည်း ဂါမဏိက SMS များဖြင့် ဆက်သွယ်နေခဲ့သဖြင့် အဆက်အသွယ်တော့ မပြတ်ခဲ့ပါချေ။
“ နေ့နေ့ .. အဲဒီ့နေ့ကျရင် ဘယ်မှာတွေ့ကြမလဲ ”
“ ကျွန်တော် သင်တန်းကို လာကြိုပေးရမလား ”
“ ကျွန်တော်တို့ ကားလျှောက်မောင်းရင် ကောင်းမလား ”
ဒါကြီးတော့မကောင်းဘူးထင်တယ်။ ကားလျှောက်မောင်းတော့ ကားရှင်းတဲ့နေရာ မြို့ပြင်ထိထွက်မောင်းရမှာပေါ့။ ငါတို့ အဲသလောက်မရင်းနှီးသေးဘူးလေ ဂါမဏိစနေနေ့ တစ်ရက်ကိုတော့ဖြင့် နေ့သစ်ဖူးတစ်ယောက် မြန်မြန်ကုန်ဆုံးစေချင်လှပါပြီ။ ထိုနေ့က မနက်ခင်းတစ်ခုလုံး၊ နေ့လည်ခင်းတစ်ခုလုံး နေ့နေ့ ဖုန်းလေး တိတ်ဆိတ်နေခဲ့သည်။ သတိရ၍ ထထကြည့် တိုင်း ဘာ message မှ ရောက်မလာပါ။
ဂါမဏိဘာဖြစ်နေလဲ ... မအားဘူးလား။ညနေတွင်မူ မြည်နေကျ message အသံလေးက အချိန်အခါကျပြီဟု သတိပေးသည့်အလား မြည်လာခဲ့သည်။ ၀မ်းသာအားရ ဖွင့်ကြည့်သော နေ့ နေ့မှာ
“ နေ့နေ့ ကျွန်တော် မနက်ဖြန် အဖေနဲ့ ခရီးလိုက်သွားရမယ်၊ ကားမောင်းပေးမယ့်သူမရှိလို့တဲ့။ ကျွန်တော် အရမ်းကို အားနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တွေ့လို့မရတော့ဘူး။ တောင်းပန်ပါတယ်။”
နေ့သစ်ဖူးဘက်က ဘာပြန်ပြောလို့ရပါမည်နည်း
“ ရပါတယ်။ တကယ်တော့ တို့လည်း ဖျက်ရမှာ အားနာလို့ မဖျက်တာ။ ဂါမဏိနဲ့ နှစ်ယောက်တည်းတွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးထင်တယ်။ အခုလို ဂါမဏိက ဖျက်လာတော့ စိတ်သက်သာရာ ရသွားတယ်သိလား။”
အမှန်တရားတစ်ဝက်၊ မခံချင်ခြင်းတစ်ဝက်ဖြင့် ထို SMS ကို ဂါမဏိထံသို့ ပြန်ပို့ ခဲ့ခြင်းဖြစ်သည်။
ထို့အချိန်က စ၍ နေ့ နေ့ဖုန်းလေး message tone မမြည်တော့ပြန်။
x x x
ထားပါ နင်မဆက်သွယ်တော့လည်း ဘာအရေးလဲထိုသို့စိတ်တင်ထားခဲ့သော်လည်း တယ်လီဖုန်းလေးအား ခဏခဏ ကြည့်မိသည့်အတွက်တော့ နေ့သစ်ဖူးတစ်ယောက် ကိုယ့်ကိုယ်ကို မလံမလဲဖြစ်ရသည်။ တစ်ချိန်ချိန်တော့ 'one message received" ဆိုတာများ ယောင်ယမ်းလို့ တွေ့လိုတွေ့ငြား။
ချစ်သူများနေ့အတွက် မဉ္ဖူအလုပ်တွေ ရှုပ်နေသည့်အချိန်တွင်မူ နေ့သစ်ဖူးတစ်ယောက် တစ်ခါမျှသာတွေ့ဖူးသေးသော ဂါမဏိအား သတိရနေခဲ့သည်။ ချစ်သူများနေ့မတိုင်ခင် တစ်ရက်အလိုတွင် မကြားရတာ ကြာလှပြီဖြစ်တော့ message tone လေးကြားရပြန်သည်။ သတိရနေသည့်အချိန်တွင် မမျှော်လင့်ပဲ ရောက်လာခဲ့သော ထို SMS သည် ဂါမဏိဆီမှ ဖြစ်ပါသည်။
Hi!
Please tell me if you're free on 14th Feb
Someone wants to take you out
Seriously!
တစ်စုံတစ်ယောက်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့ )တွင် နေ့နေ့အား အပြင်ခေါ်သွားချင်တယ်ဆိုပါလား ...
အလေးအနက်ပြောတာပါ ... အားမအားပြောတဲ့။ အဆက်အသွယ်ဖြတ်ထားပြီး အခုလို ရုတ်တရက်ကြီး အပြင်မှာတွေ့ရန် တောင်းဆိုလာသည်တွင် နေ့သစ်ဖူးဘက်က ဘာပြန်ပြောရမှန်းမသိပြန်။ တွေ့ဖို့ပြောသည့်နေ့ကလည်း ရိုးရိုးနေ့မဟုတ်။ ဒါဆို ရိုးရိုးတွေ့ချင်တာလို့ ပြောလို့မရဘူးပေါ့နော်။ ထိုအတွေးကြောင့် နေ့သစ်ဖူး၏ သွေးခုန်နှုန်းတို့ မြန်လာရပြန်သည်။
“အဲဒီ့ တစ်စုံတစ်ယောက်အတွက်တော့ အားနာပါတယ်
ဒါပေမယ့် တို့ အဲဒီ့နေ့ မအားဘူး
ကျောင်းတက်ရမယ်”
ဟုတ်တယ်လေ။ တစ်ခွန်းမေးတာနဲ့ ခေါင်းငြိမ့်ရရောလား။ ငါအဲသလောက်မလွယ်ဘူး ဂါမဏိရဲ့။ ပြီးတော့ အဲဒါမေးဖို့ ဖုန်းဆက်ပြီး စကားနဲ့တောင် မပြောနိုင်ဘူးပေါ့။ဂါမဏိဘက်က အလေးအနက်ထပ်ပြောလာလျှင်တော့ နေ့သစ်ဖူး သဘောတူကောင်းတူပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဂါမဏိဘက်က အချိန်မီ စဆက်သွယ်ခဲ့သည့် အတွက် နေ့နေ့ ၀မ်းသာခဲ့ပါသည်။ ဂါမဏိဘက်က ပြန်လာမည့် SMS ကို နေ့သစ်ဖူး စိတ်လှုပ်ရှားစွာ စောင့်နေခဲ့မိပြန်သည်။
“နေ့နေ့ message ကို သေချာမဖတ်ဘူးလား”
အောင်မာ သူကပဲ အကြောကြီးနဲ့ message ကိုသေချာမဖတ်ဘူးလား ပြန်မေးရတယ်ရှိသေး။ ဒါဘာလဲ .... နောက်တစ်ခါထပ်မပြောနိုင်ဘူးဆိုတဲ့သဘောလား။
“ဖတ်တယ်လေ ... တို့ပြန်ပြောတာ နားမလည်လို့လား”
“မဟုတ်ဘူးနေ့ နေ့ရဲ့ အဲဒါ joke လေ ”
ဩော .. တစ်ခေါက်ပြောလို့ အငြင်းခံတာနဲ့ တင် အဲဒါရယ်စရာပြောလိုက်တာလို့ “ဘွာ”ခတ်လိုက်ရောလား။ နင်ဟာငါထင်ထားတာထက် မာနကြီးနေတယ် ဂါမဏိရဲ့၊ အဲဒါကြောင့်လည်း အခုချိန်ထိ ရည်းစားမရှိတာနေမှာ။ မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ဆိုရင် အများကြီး အလျှော့ပေးတတ်ဖို့လိုတယ်။ “တို့ နားမလည်တဲ့ ဟာသဖြစ်နေတယ် ... ဆောရီး”
ဂါမဏိဘက်က ဘာမှပြန်မလာတော့ပါ။
ထိုအချိန်တွင် မဉ္ဖူတစ်ယောက် ဆူညံစွာ အော်ဟစ်ရင်း နေ့နေ့အခန်းထဲသို့ ၀င်လာခဲ့သည်။
“အဲဒီ့ ဂါမဏိတစ်ယောက်ဟာ တကယ်ယုတ်မာတယ်တော့ .. ငါ့ကိုဒီလိုနောက်စရာလား”
“ဘာဖြစ်လို့လဲ”
“ဒီမှာလေ ... ငါ့ကို message ပို့လာတယ်။ hi tell me if you're free on 14th Feb တဲ့ someone wants to take you out တဲ့ ပြီးတော့ seriously ကလည်း ပါလိုက်သေးတယ်”
“ငါ့ကိုလည်း ပို့တယ်” ဟု နေ့သစ်ဖူးပြောလိုက်ချိန်တွင် စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်လို့နေပြီ။
“အေးလေ ... ငါကတော့ ဘုန်းမြတ်ကျော်က ဘာများ အဆန်းထွင်ပြီး ပြောချင်လို့ ဂါမဏိကို ပို့ခိုင်းသလဲပေါ့နော်”
“အခုဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ ... အောက်ကိုဆက်ပြီး scroll down ၂ ခါလုပ်ကြည့်တော့ for polio dose တဲ့။ ငါ့ကို ချစ်သူများနေ့မှာ တစ်ယောက်ယောက်က အလေးအနက် အပြင်ခေါ်သွားချင်တာ ပိုလီယို ကာကွယ်ဆေးထိုးဖို့တဲ့”
...... ဟင် ..... ဒါဆို သေချာမဖတ်ဘူးလားလို့ ဂါမဏိမေးခဲ့တာက ...နေ့သစ်ဖူးလည်း ကိုယ့် nokia ဖုန်းလေးကိုယူုပြီး စိတ်လှုပ်ရှားစွာပင် ဂါမဏိပို့ထားသော SMS ကို ပြန်ဖွင့်ဖတ်ကြည့်တော့
Hi!
Please tell me if you're free on 14th Feb
Someone wants to take you out
Seriously!
ဖုန်းက မျှားလေးကို အောက်ကို အသာဆွဲချ .... ဘာမှ ရေးမထား ..
နောက်တစ်ထစ် ထပ်ဆွဲချ ... နောက်တစ်မျက်နှာမှာမှ
for polio dose-------------------------
sender: Garmani
09 514 29--
sent: 7:56:11pm
12-02-2007
လက်ကိုင်ဖုန်းထဲမှ SMS ကို ဖတ်နေရင်းက ဖြန်းကနဲ နီတက်သွားသော နေ့သစ်ဖူးမျက်နှာအား မဉ္ဖူတစ်ယောက် အံ့သြစွာ စိုက်ကြည့်နေမိသည်။
x x x
(တကယ့်အဖြစ်အပျက်လားဟု မမေးကြရန် အနူးအညွတ် မေတ္တာရပ်ခံပါသည်)
ရွှေစူး
Monday, February 19, 2007
12:57:58AM
၂၀၀၇ နှစ်ခုနှစ် နှစ်ဦးပိုင်းက ဖူးငုံမဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော ၀တ္ထုတိုအား အမှတ်တရ ပြန်လည်တင်ဆက်ပါသည်။ (ထုံးစံအတိုင်း လအတိအကျမမှတ်မိပြန်ပါ .... ဧပြီ၊ မေ တစ်ခုခုဖြစ်လိမ့်မည် ဟုထင်သည်)
Comments (4)
ဒုတိယအကြိမ်မြောက် အစကနေ အဆုံး ပြန်ဖတ်ပါတယ်။
အစပိုင်း စကားလုံးက တော်တော်လေး ဆွဲဆောင်ထားတယ်။ သူတို့ ချစ်သူဖြစ်ပြီးကြပြီလိုလိုလေး ဖြစ်နေတယ်။ ဖတ်ရင်းမှ တွေ့ခါစပဲ ရှိသေးမှန်း သိရတယ်။ အဲလို တွေ့ခါစ နှစ်ယောက်မှာ “ကောင်လေးတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို တစ်ခါခါတော့လည်း အပျော်သဘောမျိးနဲ့ နောက်တာလား၊ ကောင်မလေးကို သက်သက်မဲ့ အရှက်ခွဲလိုလို့ စနောက်ခဲ့တာလား”ကို စာဖတ်သူတွေးစေဆိုတဲ့ ပုံစံနဲ့ အဆုံးသတ်လိုက်တယ်။
ရွှေစူးရဲ့ ပါရမီအရ ဇာတ်အိမ်ဖွဲ့ပုံ ခိုင်မာတယ်။ ကျောထောက်နောက်ခံ ဇာတ်လမ်းကောင်းတယ်။ စာဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်
@ဂျေဂျူဝိုင် - အသေးစိတ်မှတ်ချက်လေးက တစ်အားတက်စေတဲ့အတွက် အဖန်တလဲလဲထပ်နေပေမယ့် ပြန်ပြောလိုက်ပါဦးမယ်။ ”ကျေးဇူးတင်ပါတယ် ကိုဂျေ” လို့
ပထမ comment ကိုအလေးအနက်ထောက်ခံပါသည်
ဟုတ်တော့မလိုလိုနဲ့ မျှော်လင့်ချက်တွေ လာလာပေးတဲ့ အဲလိုကောင်လေးတွေကို မုန်းတယ်.....ဇာတ်သိမ်းသွားတဲ့ပုံစံက ... တစ်ခုခုတော့ ကျန်ခဲ့တယ်...ရယ်ရမလိုလို ....ငိုရမလိုလို ဟီး...ဖတ်လို့တော့မ၀ဘူးနော်....ကောင်းခန်းရောက်ခါနီး ပြီးသွားသလိုပဲ...
များများရေးပါဗျို့