မေမေ့ကို ဘယ်အရွယ်ကစ၍ အမေမှန်းသိခဲ့ပါသနည်း။ ကျွန်မရေရေရာရမမှတ်မိပါ။ ကျွန်မ မှတ်မိသော အရွယ်မှစ၍ ယုယမှုများဖြင့်သာ ချစ်မြတ်နိုးခဲ့သော မေမေသည် ကျွန်မ မမှတ်မိနိုင်သေးသော အရွယ်တွင်လည်း အတိုင်းအဆမဲ့သော ကြင်နာမှုများ ပေးအပ်ခဲ့မည်ဟုပင် အကြွင်းမဲ့ ယုံကြည်ပါသည်။
အိပ်ယာမှနိုးလာသော ကျွန်မငိုသံကို မေမေကြားသည့်အခါတိုင်း ကျွန်မအနီးသို့ ပြာပြာသလဲပြေးလာ၍ ကျွန်မအား ကောက်ချီကာ ယုယစွာ ပိုက်ထွေထားဖူးသည်ကို ကျွန်မမှတ်မိသည်။ မေမေ ပြေးလာသည်ကိုမြင်လျှင် အငိုချက်ချင်း ရပ်ပစ်၍ မေမေချီပိုးလိုက်သည့် အခါတွင်မူကား ကျွန်မ ပြုံးရယ်တတ်သည်ကိုလည်း မှတ်မိသည်။ မူကြိုမတက်ခင်အထိ အိုးကလေးပေါ်တွင်သာထိုင်လျက် အပေါ့အလေးသွားခဲ့ရသည်ကိုလည်း မှတ်မိသည်။ ကျွန်မကိစ္စပြီးတိုင်း ကျွန်မကို နူးညံ့ညင်သာစွာ သန့်စင်ပေးလျက် ကျွန်အညစ်အကြေးများကို မရွံမရှာ သွားရောက် စွန့်ပစ်ရသည်အခါတိုင်း မည်သည့်အခါမျှ မေမေ အပြုံးပျက်လေ့မရှိကြောင်းကိုလည်း ကောင်းစွာမှတ်မိပါသည်။
ကျွန်မ ၃ နှစ်ပြည့်မွေးနေ့ကိုလည်း ကျွန်မမှတ်မိသည်။ ထိုနေ့တွင် မေမေသည် ကျွန်မအအား ဂါဝန်အသစ် တစ်ထည် ၀တ်ပေးခဲ့သည်။ မွေးနေ့ မတိုင်မီက မေမေချုပ်လုပ်နေသော စက်ခုံပေါ်မှ ပန်းနုရောင် အစသည် ကျွန်မအတွက် ဂါဝန်တစ်ထည်ဖြစ်လာမှန်း ထိုနေ့မှာ ၀မ်းမြောက်ဝမ်းသာသိခဲ့ရ၏။ ထိုဂါဝန်မျိုး နေရာအနှံ့တွင် ၀ယ်လို့ရပါလျက် မေမေကိုယ်တိုင် ချုပ်ပေးခဲ့သည်ကို ကျွန်မအသက်တော်တော်လေးကြီးလာမှ ပြန်တွေးမိ၍ အလွန်အမင်းကြည်နူးခဲ့ရပါသည်။
ထိုသို့ချစ်တတ်ပါသောမေမေ။
ကျွန်မအား ကောင်းသောအမူအကျင့်များဖြင့် သိမ်မွေ့စွာကြီးပြင်းစေခဲ့သည်။ မွေးရာပါဥာဏ်ပညာအပြင် အခြားသော စိတ်ဓါတ်ခွန်အား၊ တွန်းအား စသည့် အထောက်အပံ့များကို မေမေ့ထံမှ ပြည့်ပြည့်၀၀ ရရှိခဲ့ပါသည်။
“မေမေ မွေးလို့ ဥာဏ်ကောင်းတာ” ဟုပြောတိုင်း မေမေသည် ပြုံးလျက်ကပင် မျက်ရည်ဝဲတတ်၏။ မေမေသည် သူ့သူငယ်ချင်းများအား သားသမီးအကြောင်း မစပ်စပ်မိအောင် ပြောတတ်ပြီး ကျွန်မအကြောင်းကိုလည်း မကြုံကြုံအောင်ပင် ကြွားတတ်သေး၏
မေမေပြောနေကြစကားများကား ..
“ကိုယ့်သမီးတော့လေား အဆင့်တစ်ကကို မဆင်းဘူး။ သူ့ဆုချရတာနဲ့ ကုန်နေရတာချည်းပဲ”
“သူလား သိပ်လိမ္မာတာ မအေက တစ်ခွန်းပဲ”
“အိမ်အလုပ်တွေလေ .... သူကူလို့ ပေါ့ ”
မေမေပြောနေသော အမွှန်းတင်စကားများကြားလျှင် ကျွန်မမျက်နှာကြီး ထူအမ်း၍ပင်လာသလိုလို ထင်ရသည်။ ကျွန်မရှေ့တွင် ကျွန်မ မည်မျှတော်ကြောင်း လိမ္မာကြောင်း ပိုပိုသာသာပင် ချဲ့ထွင်ပြောတတ်သော မေမေ့ကိုကြည့် ၍ “ဪ မေမေက သူဖြစ်စေချင်တာတွေကို ပြောနေရှာတယ်” ဟူ၍လည်း အသနားပိုမိပါသည်။ “ဟင် အဲလောက်လည်း မဟုတ်ပါဘူး” ဟုလည်း တွေးမိပြီး ကိုယ့်ဟာကိုယ် အရှက်သည်းမိပါသည်။ ကျွန်မလုပ်သမျှကို အကောင်းဆိုလျှင် မှန်ဘီလူးဖြင့်ချဲ့ ထွင် ချီးမွမ်းတတ်ပြီး အဆိုးဆိုလျှင်မူ ကြီးသည်ကိုငယ်အောင်၊ ငယ်သည့် အမှုကို ပပျောက်အောင် ကာဆီးတတ်သည့် မေမေပင်။
အထူးသဖြင့် ဖေဖေ့ရှေ့ တွင်ဖြစ်ပါသည်။
“ဖုန်းခတွေက ကုန်လှချည်လားကွာ။ ဟိုလက ညည်းသမီးဘယ်လောက်တောင် ပြောလဲမသိဘူး” ဟုဆိုလာသောဖေ့ဖေ့ကို
“ကျုပ်ပြောတာပါ ဖအေကြီးရယ် .... ဟိုမိန်းမ ခဏပြန်လာတုန်းက တစ်နေ့တစ်နေ့ လုပ်စရာမရှိတာနဲ့ပဲ လေထိုင်ပစ်ဖြစ်သွားတာပါ” ဟု ကာဆီးတတ်သည်။
“ဟေ့ ညည်းသမီးလက်ကိုင်ဖုန်းကို ညည်းယူယူပြောလို့လား။ ငါပြောနေတာ သူ့ဖုန်းကိုချည်းပြောနေတာနော်။ ငါတို့ထဲမှာ သူ့အတွက်ပဲ အရှင်းရဆံုးု ကြည့်ကျက်လည်းပြောထားဦး” ဟု ထပ်ဆင့်ဆူလာခဲ့သည်ရှိသော်
“အေးလေ သူ့ မှာလည်း ကျောင်းကိစ္စ၊ စာမေးပွဲကိစ္စ ရှိချင်ရာတွေရှိနေမှာပေါ့။ အခုခေတ်က ကိစ္စက ခပ်များများရယ် .. ရှင်ကြီးသိပါတယ်” ဟုပင် သမီးအတွက် ဖော့ပြောတတ်လေသည်။
ထိုကဲ့သို့ သမီးဘက်က အမြဲတစေ ရပ်တည်တတ်ခဲ့သော မေမေ။
x x x
ကံကြမ္မာသည် ကျွန်မအား အပြည့်အ၀ မျက်နှာသာပေးသင့်သည်ဟု ထင်ပါသည်။
စာမေးပွဲရှိသဖြင့် အိမ်မှာနေခဲ့ရသော ကျွန်မကို စိတ်မချတချဖြင့် ဖေဖေပြောင်းရွှေ့ရသောမြို့သို့ မေမေ ခဏတဖြုတ် လိုက်ပါသွားခဲ့သည်။ ရက်အနည်းငယ်မျှပင်ဖြစ်သော်လည်း မေမေ့ကို လွမ်းလှပါသည်။ စာကျက်လျှင်လည်း မေမေ့အခန်းတွင်သွားကျက်သည်။ အိပ်လျှင်လည်း မေမေ့ဆီမှရလေ့ရှိသော အနံ့မျို့း အနီးစပ်ဆုံးပေးနိုင်သည် မေမေ့အိပ်ယာမှာပင် စာကျက်၇င်း အိပ်ပျော်သွားတတ်သည်။
အိပ်မပျော်သေးခင်တွင်မူ မေမေ့ခေါင်းအုံးအောက်သို့ လက်လျှိုထားပြီး မေမေ့စိတ်ပုတီးကို ခေါင်းအုံးအောက်တွင်ပင် စိတ်နေတတ်သည်။ စိတ်ပုတီးအပြင် ကျွန်မလက်ဖြင့် နူးညံ့သောအရာတစ်ခုကို စမ်းမိသဖြင့် ခေါင်းအုံးအောက်မှ ဆွဲထုတ်ကြည့်မိသည်။ ဟောင်းနွမ်းနေသော သိုးမွေးဦးထုပ် သေးသေးလေး တစ်ခုပင်။ ထိပ်တွင်ပန်းပွားလေးပါသော မွေးကင်းစ ကလေးပေါက်စအရွယ်ဆောင်းသော ဦးထုပ်လေးမျိုး။ ဦးထုပ်လေး၏မူလအရောင်မှာ အ၀ါရောင်ဖြစ်သည့်တိုင် ၀ါညစ်ညစ်နှင့် အနည်းငယ်ပင်ဆွေးနေသကဲ့သို့ရှိသည်။ ပိုးကိုက်ထားသလို အပေါက်သေးသေးလေးများလည်း တွေ့ရသည်။ ကျွန်မငယ်ငယ်က အသုံးအတောင် ပစ္စည်းများ အားလုံး အသစ်စက်စက်ဖြစ်သည့်အပြင် မေမေ၏ကောင်းမွန်စွာသိမ်းဆည်းတတ်ခြင်းကြောင့် ယခုလိုမျိုးဟောင်းသွားသည်မှာ ရှားပါသည်။
အင်းလေ .. ဒီဦးထုပ်ကတော့ သေတ္တာထဲမှာမဟုတ်ပဲ အမြဲတမ်းခေါင်းအုံးအောက်မှာဆိုရင်တော့ ဟောင်းချင်လည်းဟောင်းမှာပေါ့။္ဆ္တ္တွင်္ီ
ထိုကဲ့သို့ အူတူတူအတွေးနှင့်ပင်အဆုံးသတ်၍ တောင်တောင်အီအီ ဆက်မစဉ်းစားမိပဲ ကျွန်မ အိပ်ပျော်သွားခဲ့သည်။ ကျွန်မငယ်ငယ်တုန်းက မေမေဆင်ခဲ့သော ဦးထုပ်များနှင့်ယှဉ်လျှင်မူ ဤဦးထုပ်လေးသည် တန်ဖိုးရော အရည်အသွေးပါနိမ်ကကျကြောင်း ထိုအချိန်က မတွေးမိခဲ့ချေ။ လိုအပ်သည်ထက်ပိုမိုဟောင်းနွမ်းနေသော မွေးကင်းစဦးထုပ်ခပ်နွမ်းနွမ်းလေးတစ်လုံးအား မေမေသည် အဘယ့်ကြောင့် ခေါင်းအုံးအောက်တွင်ထားအိပ်ပါသနည်း။
ဤဦးထုပ်သည် ကျွန်မဦးထုပ်ဖြစ်လျှင် မေမေသည် ကျွန်မအား ထိုမျှချစ်ခင်မြတ်နိုးကြောင်း သိသာထင်ရှားပါသည်။ အခြားသားသမီးတစ်ယောက်၏ ဦးထုပ်ဖြစ်ရန်မူ အကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ကျွန်မကား အရွယ်လွန်မှရသော တစ်ဦးတည်းသောသမီးဖြစ်သောကြောင့်ပင်။
စာမေးပွဲပြီးသဖြင့် ပေါ့ပါးလွတ်လပ်သွားသော ကျွန်မအတွက် မေမေပြန်ရောက်လာခြင်းကလည်း နွေးထွေးပြီးပြည့် စုံစေပါသည်။ နေ့စဉ်လွမ်းခဲ့ရသည်အတွက် အတိုးချချွဲနွဲခွင့်ရချိန်တွင် ဦးထုပ်လေးအကြောင်း ကျွန်မသတိမရ။ ထို့ ပြင်ဘာကိုမှလည်း သတိမရ။
x x x
ကျွန်မက ဘာကိုမှ သတိမရသော်လည်း ကျီစားတတ်ပုံရသော ကံကြမ္မာကမူ ကျွန်မနှင့် မေမေ့အား သတိရလာပုံ ရသည်။ ထိုနေ့က အိပ်ယာမှနိုးနိုးခြင်း မေမေ့အသံမကြားသဖြင့် အောက်ထပ်ဆင်းလာခဲ့သည်။ အောက်ထပ်သို့ ရောက်၍ဧည့်ခန်းထဲမ၀င်ခင် စကားပြောနေသောအသံများကြားရသဖြင့် ဧည့်သည်ရောက်နေမှန်းသိရသည်။
“.... အိပ်ကောင်းတုန်းရှိမယ်”
ကျွန်မ မနိုးသေးဟု အထင်ဖြင့် မေမေပြောလိုက်ခြင်းဖြစ်မည်။ ကျွန်မအကြောင်းကို စကားစပ်မိလျှင် ဆက်လက်အမွှမ်းတင်တတ်သော မေမေ့သဘောကို ကောင်းစွာနားလည်သဖြင့် ဧည့်ခန်းထဲသို့ ဆက်မ၀င်မိတော့။ ကိုယ့်ရှေ့တည့်တည့်တွင် ကိုယ့်အရည်အချင်းထက် ပို၍အမွှမ်းတင်သည်များကို မျက်နှာပူပူဖြင့် နားမထောင်လိုပါ။ ထို့ကြောင့်ပင် လှေကားခြေရင်း၌ ဆက်ထိုင်နေလိုက်တော့သည်။ ဧည့်ခန်းနှင့် ဆွဲတံခါး တစ်ချုပ်သာ ခြားပါသည်။ လူကို မမြင်ရသော်လည်း မေမေ့ စကားသံတို့ကိုဖြင့် ကြားနေရသော နေရာတွင် အိပ်မှုံစုံမွှားဖြင့်သာ ဆက်ထိုင်နေပါသည်။ ကျွန်မအကြောင်း မေမေ့ချီးမွမ်းခန်းများ အဆုံးတွင် တစ်ဖက်မှ ဧည့်သည်ပြန်ပြောသော စကားတစ်ခွန်းကြောင် ကျွန်မ မျက်လုံးပြူးသွားသည်။
“ဒီလိုဆိုတော့ ချိုချိုတို့ မွေးလိုက်ရတာ တန်တာပေါ့။ ၀မ်းသာစရာပဲ”
မွေးလိုက်ရတာတန်တယ်။ ဗုဒ္ဓေါ ဘယ်နှယ့်စကားတုန်း။ အမေနဲ့ သမီးပဲဟာ တန်တယ် မတန်ဘူးရယ်လို့ ရှိလို့လား။ ဒီလူဘယ်လိုလုလည်း စကားပြောတာကိုက
ထိုစဉ်မေမေ့အသံ ခပ်အုပ်အုပ်ထွက်လာပါသည်။ အိမ်ရှိ အခြားသူများ နှင့် ကျွန်မငယ်ငယ်တုန်းကလည်း မသိစေလို၊ နားမလည်စေလိုသောအခါတွင် မေမေက အင်္ဂလိပ်လိုပြောလေ့ရှိသည်။ ကံဆိုးချင်တော့ မေမေပြောသမျှ ယခုအခါ နားလည်နိုင်ပြီဖြစ်သော ကျွန်မကိုယ်တိုင် မေမေ့နောက်နားတွင် တံခါးတစ်ချပ်သာခြား၍ ရှိနေခဲ့သည့်အကြောင်းကို မေမေ မသိခဲ့ပါ။
“တန်တယ် မတန်ဘူးရယ်လို့ စိတ်ထဲမရှိပါဘူး ကိုဆွေမြင့်ရယ်။ No one here knows her as an adopted child except you. You better be aware of your words”
အဲဒီ့သူကလွဲလို့ ဘယ်သူမှမသိတဲ့ မွေးစားသမီးဆိုတာ မေမေ ကျွန်မကို ရည်ရွယ်ပြီး ပြောတာတော့ မဟုတ်ပါဘူးနော်။
ကျွန်မခေါင်းထဲတွင် ဒိုင်းခနဲ တစ်ချက်ဆောင့်ထိုးသွားသည်။
“ခဏလေး ကိုဆွေမြင့်ရေ .. ကော်ဖီ သွားယူလိုက်ဦးမယ်”
စကားဖြတ်လို၍ မေမေထလာဟန်ရှိပါသည်။ “နေပါစေ” ဟူသော တစ်ဖက်လူ၏ စကားကို မစောင့်ပဲ လှေကားနှင့် ဧည့်ခန်းကြားတွင်ရှိသော ဆွဲတံခါးကို ဖွင့်၍ မေမေ၀င်လာပါသည်။ လှေကားရင်းတွင် ငုတ်တုတ် ထိုင်နေသော ကျွန်မကို မြင်လိုက်သော အခါ ရုတ်တရက် မေမေ ကြက်သေသေသွားသည်။ မေမေ့ကို မြင်ကာမှပင် ကျွန်မမျက်လုံးတွေ မှုံဝါးသွားရပြန်သည်။
သြော် ... မျက်ရည်တွေပဲ။
ထို့နောက်တွင်မူ မေမေကျွန်မနားသို့ ပြေးလာပြီး ပွေ့ဖက်သည်ကို သိသည်။ မေမေ့ရင်ခွင်ထဲသို့ အားယုတ်၍ ခွေကျသွားသည်ကိုလည်း သိသည်။ “လာကြပါဦးဟဲ့ ... ဒီမှာသမီးလေး... ” ဟူသော မေမေ့ စကားသံ တစ်ဝက်တစ်ပျက်ကို ခပ်ဝါးဝါး ကြားလိုက်ရပြီးနောက်တွင်မူကား အရာခပ်သိမ်းတို့သည် မှောင်အတိပြီးလျက်။
မေမေ့ရဲ့ သမီး ... ဟင့်အင်း .. မွေးစားသမီးတဲ့လေ။
x x x
ကျွန်မကုတင်ဘေးတွင် မေမေထိုင်နေသည်ကို သိသည်။ မေမေ့လက်ထဲတွင် စာအုပ်တစ်အုပ်ရှိသည်ကိုလည်း သိသည်။ ကျွန်မရင်ဘတ်ပေါ်တွင်လည်း ခပ်ဝါ၀ါ အစတစ်စ တင်ထားသလိုပင်။ သေချာကြည့် မှ မေမေ မရှိသောညက မေမေ့အိပ်ယာပေါ်တွင် ဆုံခဲ့ဘူးသော ဦးထုပ် ၀ါညစ်ညစ်ကလေးဖြစ်ကြောင်း သိရသည်။
နွေးထွေး၍ နူးညံ့ ညင်သာသော အတွေ့တစ်ခု ကျွန်မပါးပေါ်ရောက်လာခဲ့သည်။ မေမေ့ မျက်နှာသည် ကျွန်မ မျက်နှာနှင့် လွန်စွာ နီးကပ်လျက်။ မေမေ ပြုံးနေပါသည်။ သို့သော မျက်ရည်စတွေနှင့်။ ထိုအပြုံးသည် သူ့သမီး မဟုတ်သော သမီးတစ်ယောက်အတွက် နှစ်သိမ့်သော အပြုံးလေလား။ သို့မဟုတ် အမှန်တရားကို မမျှော်လင့်ပဲ လက်ခံသိရှိလိုက်ရသော ကလေးတစ်ယောက်အတွက်ပေလား။ ကျွန်မ မသိချင်ပါ။ မျက်စိပြန်မှိတ်လိုက်သည်။ မျက်စိမှိတ်ထားလျက်ကပင် မေမေ့အပြုံးချိုချိုအား မြင်နေဆဲ။
“သမီးလေး မေမေအခုပဲ ဒီစာလေးဖတ်နေတာ။ သမီးဖတ်ကြည့်မလား။ အေးလေ မေမေ တစ်ခါတည်းပဲ ဖတ်ပြလိုက်မယ်နော် .. ဟုတ်လား”
ကျွန်မ မေမေ မဟုတ်သော (မဟုတ်ဘူးဟုလည်း လက်ခံ၍ မရသေးသော) မေမေ့ အသံသည် ခါတိုင်းကဲ့သို့ ပင် ချိုသာ၍ ချင်ခင် မြတ်နိုးမှု အပြည့်ပါ ပါသည်။
“Once There were two different women, who never knew eachother .... ဒီစာလေးထဲက အတိုင်းပဲ မေမေတို့ ၂ ယောက်က တစ်ယောက်နဲ့ တစ်ယောက် လုံးဝမသိခဲ့ပါဘူး သမီး။
One you do not remember, the other you call Mother မေမေကတော့ သမီးအခု လက်ရှိခေါ်နေတဲ့ သမီးမေမေပေါ့။ ကျန်တဲ့မေမေကိုတော့ သမီးလည်း မှတ်မိမှာမဟုတ်ပါဘူး။
Two different lives shaped to make ou one မတူညီတဲ့ ဘ၀နှစ်ခုထဲက အမေနှစ်ယောက်ကနေ သမီးကိုမွေးဖွားခဲ့တယ်။ သိလား .. One became your guiding star the other became your Sun တဲ့။
မေမေ တောက်လျှောက်ဖတ်ပြသွားလိုက်မယ် သမီးရယ် ... နော်။ နောက်မှ သမီးဖတ်ချင်ရင် ပြန်ဖတ်ကြည့်ပေါ့ ဟုတ်လား။”
ကျွန်မမျက်လုံးအစုံကိုသာ မှိတ်မထားခဲ့လျှင် မျက်ရည်များစီးကျနေနိုင်ပါသည်။ မေမေ စာဖတ်ပြသောအသံကို သာသာညင်းညင်းနှင့် ဆက်လက်ကြားနေရသည်။
“One gave you a nationality, the other gave you a name
One gave you a talent, the other gave you aim
One gave your emotions the other calmed your fears
One saw your first sweet smile, the other dried your tears.
One sought you for a home that she could not provide,
The other prayed for a child and her hope was not denied”
စာဖတ်သံ ရုတ်တရက် ရပ်သွားပါသည်။ မေမေ့ရှိုက်သံများ ကျွန်မ ကြားလိုက်ရပါသလား။
မျက်စိဖွင့်လိုက်သောအခါ ကျွန်မမျက်ရည်များ တလိမ့်လိမ့် ပြိုကျလာပါသည်။ ကျွန်မကို သေချာကြည့်နေသော မေမေ့မျက်လုံးများထဲတွင် စိုးရိမ်မှုတစ်ခုခုတွေ့လိုက်ရသည်။ ထို့နောက် ကုတင်ပေါ်လက်ထောက်၍ ကျွန်မမျက်နှာနား ကပ်၍ပြောသော မေမေ့အသံတို့ ဖိုလှိုက်နေခဲ့ပါသည်။
“ကလေးလေးတစ်ယောက်ရဖို့ မေမေ အရူးအမူးဆုတောင်းခဲ့ဖူးတယ်။ မေမေ့ ၀မ်းနဲ့ လွယ်မမွေးနိုင်ပေမယ့် ဘယ်လိုကလေးမျိုးလေးပဲဖြစ်ဖြစ် မေမေ့သွေးလိုပဲ ချစ်ပါ့မယ်လို့ တိုင်တည်ဆုတောင်းခဲ့တယ် သမီး သိလား။ သမီးနဲ့ အတူတူပါလာတဲ့ ဟောဒီ ဦးထုပ်လေးကအစ မေမေ မြတ်မြတ်နိုးနိုး သိမ်းထားခဲ့တာ။ မေမေတို့ အိပ်ယာထဲ သမီးရောက်လာတဲ့နေ့ကစလို့ ဒီဦးထုပ်ကလေး မေမေ့ ခေါင်းအုံးအောက် ရောက်လာခဲ့ရတာလေ”
စကားတွေ တရစပ်ပြောပြီးတော့ မေမေ မောသွားဟန်ရှိပါသည်။ ကျွန်မကိုကြည့်သော မေမေ့မျက်လုံးထဲတွင် တစ်ခုခုကို စူးစမ်းနေဟန်ရှိသည်။
“မေမေ့အဖြစ်ကလေ နဂျီကောင်တွေနဲ့များ တူနေမလားမသိဘူး” ဟု မေမေ ခပ်တိုးတိုးညည်းပါသည်။
နဂျီကောင်ဟူသည် အမျိုးမတူသော တခြား အကောင်ပေါက်စလေးတစ်ကောင်ယူလာပြီး ရွှံ့ အုံထဲတွင်ထည့် မံပိတ်ပြီး မွေးမြူထားတတ်သည်။ မျက်စိထဲတွင် ပြတင်းပေါက်နားက နဂျီအုံကို မြင်ယောင်လာပါသည်။
ကျွန်မ မေမေ့ကို တစ်ခုခုပြောချင်ပါသည်။ “မေမေ့ကိုချစ်တယ်” ဆိုတာမျိုးလောက်ဖြစ်ဖြစ်တော့ ပြောဖို့ ကောင်းမည်ထင်သည်။ သို့သော် ကျွန်မပါးစပ်က မည်သည့်အသံမှ ထွက်မလာနိုင်အောင် လည်ချောင်းတွင် မည်သည့်အရာများက တစ်ဆို့ နေပါသနည်း။ စကားလုံးတို့ အစား မျက်ရည်တို့ သည်သာ ဖြိုင်ဖြိုင်ကျလျက်။ မေမေ ကျွန်မလက်ကို ဆုပ်ကိုင်လိုက်၍ ကျွန်မကိုယ်ကို ထွေးဖက်လိုက်သည်။ ကျွန်မနှင့် ပါးချင်းလာအပ်သော မေမေ့ပါးတို့သည်လည်း စိုစွတ်နေကြပါသည်။
ဟင့်အင်း ကျွန်မကို ဘယ်ကရတယ်ဆိုတာမျိုးမသိချင်ဘူး။ မေမေ့သမီးမှ မဟုတ်ရဘူးဆိုရင် ဘယ်သူ့သမီးမှလည်း မဖြစ်ချင်ပါဘူး။
“သမီး မယုံပါဘူး မေမေ”
ရုတ်တရက်ထွက်လာသော ကျွန်မစကားကြောင့် မေမေ လန့်သွားပုံရပါသည်။ လူချင်းခွာလိုက်ပြီး ကျွန်မပုခုံး နှစ်ဖက်ကို ဆုပ်ကိုင်၍ မျက်လုံးတည့်တည့်ဆီသို့ စိုက်ကြည့်ပြီးမေးသည်။
“မေ ပြောလိုက်တာတွေကို သမီးမယုံတာလား .. မေမေ့ကို မယုံဘူးလား သမီးရယ်။ မွေးစားခဲ့တယ်ဆိုတာကို မေမေကိုယ်တိုင်တောင် မေ့နေခဲ့တာပါ”
“သမီးဟာ မေမေ့သမီး မဟုတ်ဘူးဆိုတာကို မယုံတာပါ။ မေမေ မွေးစားခဲ့တယ်ဆိုတာကို မယုံတာ။ မဟုတ်ဘူး မဟုတ်ပါဘူး မလား”
“သမီးရယ်”
မေမေ့လက်များက ကျွန်မပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။ မေမေ့နှုတ်ခမ်းတွေမများ တဆတ်ဆတ် တုန်နေသလား။
ကျွန်မတစ်ချက်ပြုံးလိုက်ပါသည်။ မျက်ရည်များကြားမှ ကျွန်မအပြုံးသည် လန်းဆန်းနေပါလိမ့်မည်။
“April Fool's Day မဟုတ်ပါဘူး မေမေရယ်။ မနောက်ပါနဲ့တော့နော်”
x x x
သားသမီးအများစုအတွက် အမေဟူသည် သွေးသားတော်စပ်ဖို့ လိုကောင်းလိုပါလိမ့်မည်။
မေမေ့အချစ်များနှင့် နွေးထွေးလုံခြုံစွာ ကြီးပြင်းခဲ့ရသော ကျွန်မအတွက်မူ မေမေသည် မေမေပင် ဖြစ်ဖို့သာ လိုအပ်ပါ၏။ သွေးမတော် သားမစပ်၊ မွေးစားခံရခြင်းဟူသည့် နာမ၀ိသေသနတို့သည် ကျွန်မနှင့် မေမေ့ကြားက မေတ္တာနှင့် သံယောဇဉ်တို့အား နည်းနည်းမှ ထိခိုက်လိမ့်မည် မဟုတ်ကြောင်း ကျွန်မ ကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ့ပါပြီ။
“နင်က မွေးစားသမီးဆို ဟုတ်လား” ဟု မေးလာဖူးသော သူငယ်ချင်းကို ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောခဲ့ဖူးသည်။ မေမေ့လိုအမေမျိုး ပိုင်ဆိုင်ထားရသည် ကျွန်မအတွက် ထိုအမှန်တရားသည် ယခုအချိန်တွင်လည်း ဟဿရဿသာ မြောက်ပါသည်။
လူတွေကပြောကြတယ် ၀မ်းနဲ့မလွယ် သားမမည်တဲ့လေ။ မေမေဟာ ကျွန်မကို ၀မ်းနဲ့ မလွယ်ခဲ့ရပေမယ့် နှလုံးသားနဲ့ လွယ်မွေးခဲ့ပါတယ်။
ရွှေစူး
ဖြည့် စွက်ချက်။ ။ Teen Magazine (ဖူးငုံမဂ္ဂဇင်းမှာ) ၂၀၀၆ နှစ်ဦးပိုင်းက ရွေးခြယ်ခံရဖူးတဲ့ ၀တ္ထုတစ်ပုဒ်ပါ။ လအတိအကျမမှတ်မိတော့လို့ မဖော်ပြနိုင်ခြင်းကို သည်းခံပါရန်။
Condensed Chicken Soup for the Soul by Jack Can Field, Mark Victor Hansen, Patty Hansen စာအုပ်မှ အောက်ပါစာစုများအပေါ် မှီငြမ်း၍ ဖန်တီးပါသည်။
Legacy of an Adopted Child
Once there were two women who never knew each other.
One you do not remember, the other you call Mother.
Two different lives shaped to make you one.
One became your guiding star. The other became your sun.
The first one gave you life, the second taught you to live it.
The first gave ou a need for love, the second was there to give it.
One gave you a nationality, the other gave you a name.
One gave you a talent, the other gave you aim.
One gave you emotions, the other calmed your fears.
One saw your first sweet smile, the other dried your tears.
One sought for you a home that she could not provide,
The other prayed for a child and her hope was not denied.
And now you ask me through your tears
The age-old question, unanswered through the years
Heredity or environment. Which are you product of?
Neither my darling. Neither. Just two different kinds of love.
(Source Unknown)
To an Adopted Child
Not flesh of my flesh, nor bone of my bone.
But still, miraculously, my own.
Never forget for a single minute,
You didn't grow under my heart
But in it.
Fleur Conklina Heulinger
Submitted by Jennifer Ann Kundert.
What It Means to Be Adopted
Teacher Debbie Moon's first graders were discussing a picture of a family. One little boy in the picture had different hair color hair than the other family memebers.
One child suggested that he was adopted and a little girl named Jocelynn Jay said, "I know all about adoptions because I'm adopted"
"What does it mean to be adopted?" asked another child.
"It means," said Jocelynn, "that you grew in your mother's heart ... instead of her tummy"
(Source Unknown)
Comments (3)
အော် လန့်သွားတာပဲ။ ရွှေစူးရဲ့ အကြောင်းများလားလို့။ တကယ်ပဲ။ ဒီလို ဘာသာပြန်ဝတ္ထုကောင်းများကို ဆက်လက် စောင့်မျှော်နေပါ့မယ်
ဘဲရီး ထက်ချင်း ပဲအမ
@kimsoosoo - ကျေးဇူးတင်ပါတယ် kimsoosoo