Sunday, 13 December 2009
-
My First Short Story Published in Teen Magazine 4 Years ago
This short story was published in Teen Magazine (January 2006 issue).ပြောခွင့်မရှိခဲ့
တစ်ချိန်တစ်ခါတုန်းကတော့ အနည်းဆုံး တစ်ကြိမ်တစ်ခါမျှ ကျွန်မကိုသူ စိတ်ဝင်တစား ဖြစ်ခဲ့ဖူးသည်ဆိုတာကိုတော့ ကျွန်မ၏ ကြေကွဲမှုများအတွက် ၀န်ခံစေလိုပါသည်။ ယောက်ျားလေးတစ်ယောက်သည် မိန်းကလေးတစ်ယောက် နောက်သို့ အကြောင်းတစုံတရာမျှမရှိဘဲ ကားဖြင့် ခဏခဏ လိုက်ကြည့်တတ်ပါသလား။ အိမ်ရှေ့တွင် နေ့တိုင်း ဟွန်းလာတီးတတ်ပါသလား။ အကြောင်းတစုံတရာ ရှိခဲ့သည်ဆိုလျှင် ထိုအကြောင်းသည် ယနေ့တိုင် ကျွန်မမျှော်လင့်နေသည် အကြောင်းပင် ဖြစ်ပါလိမ့်မည်။ စိတ်ကူးယဉ်ခွင့်သာရှိပြီး တရားဝင် ဖြစ်ခွင့်မရှိသော အကြောင်းပင်ဖြစ်ပါသည်။x x x
chat ထဲမှာ ခင်ခဲ့သောသူ့ကို လိပ်စာနှင့်ဖုန်းနံပါတ်ပေးဖို့ အကြိမ်ကြိမ်ငြင်းဆန်ခဲ့ဖူးသည်။ ကျွန်မဆီက သိခွင့်မရခဲ့သော လိပ်စာနှင့်ဖုန်းနံပါတ်ကို ဘယ်ပုံဘယ်နည်းဖြင့် ရအောင် စုံစမ်းခဲ့ပါသနည်း။ ထိုမေးခွန်းသည် ကျွန်မသိချင်သော်လည်း ယနေ့ထိမမေးဖြစ်သော မေးခွန်းပင်ဖြစ်ပါသည်။
ချစ်စရာအကောင်းဆုံးဟု သတ်မှတ်ထားသော ဓါတ်ပုံအား သူ့ထံသို့ ပို့ ဖူးသည်။ သူသည်ကျွန်မကို စွဲလန်းခဲ့ဖူးပါလျှင် ထိုဓါတ်ပုံမှပင် စတင် စိတ်ဝင်စားခဲ့ခြင်းဖြစ်လိမ့်မည်ဟု စွပ်စွဲချင်သည်။ သူ့ဓါတ်ပုံကို တောင်းကြည့်ရန်မူ အချိန်တော်တော်ကြာသည်အထိ စိတ်ကူးမရ သူ့ကိုယ်သူတော့ လူချောတစ်ဦးဖြစ်ကြောင်း ကြွားဝါပြောဆိုတတ်လေသည်။ ဓါတ်ပုံမြင်ခွင့်ရသောအခါမှ သူကြွားဝါပြောဆိုခြင်းမဟုတ်ကြောင်း သိခွင့်ရခဲ့သည်။ လူချောတစ်ဦးဖြစ်သောသူသည် မိမိရုပ်ရည်အပေါ် ဂုဏ်ယူတတ်သော လူတစ်မျိုးသာဖြစ်မည်။
ိလိပ်စာသိပြီး မကြာမီပင် ကျွန်မအိမ်အား ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သူ့ထံမှ mail တစ်စောင်ရရှိခဲ့ပါသည်။ ကျွန်မအိမ်ရှေ့တွင်ရှိသော အဖြူရောင်ဒန်းနှင့် kiss me quick အပင်များ အကြောင်းပါ ထည့်ရေးထားပါသည်။တကယ်ရောက်ခဲ့တယ်ပေါ့။
မြို့ စွန်ဆင်ခြေဖုန်းရပ်ကွက်တစ်ခုတွင်ရှိသော ကျွန်မအိမ်ကိုရှာဖွေရန် သူ့တွင် အချိန်ပိုတော်တော်များသည်လား မပြောတတ်ချေ။
တစ်ခုသောညနေခင်းတွင်မူ နောက် ၄၅ မိနစ်အတွင်း ကျွန်မအိမ်ရှေ့ တွင်ဟွန်းလာတီးမည့်အကြောင်းကို chat ထဲတွင် ပြောဆိုခဲ့ပါသည်။ နောက်ပြောင်သည်ဟုပင်ထင်ခဲ့မိသောလည်း သူတကယ်ရောက်လာခဲ့ပါသည်။ သူ့အားမြင်ဖူးချင်သော်လည်း ၀ရံတာ၌ ထွက်ကြည့် ဖို့ မ၀ံ့ရဲခဲ့။တကူးတကဟွန်းလာတီးရသော သူ့အား ထွက်မကြည့်ရကောင်းလားဟု အပြစ်တင်မလို့လား။ လိုက်ကာအကွယ်ကနေ ချောင်းကြည့်နေမယ်လို့တော့ နည်းနည်းမှ မတွေးမိဘူးပေါ့။ကားအမျိုးအစားနှင့်ဘယ်မောင်းဖြစ်ကြောင်းကိုတော့ သေသေချာချာမှတ်မိလိုက်ပြီး ကားနံပါတ်ကိုတော့ ၀ိုးတ၀ါးသာ မြင်လိုက်ရပါသည်။
ကျွန်မ၏သင်တန်းချိန်များကို အမှတ်မထင်ပြောပြဖူးသော်လည်း သူလာလိမ့်မည်ဟု မတွေးကြည်မိဖူးပါ။ ဘယ်အချိန်က ကျွန်မကိုစောင့်ကြည့်ခဲ့ပြီး ကားနောက်ကို မည်သို့ ပါလာသည်ဆိုတာကိုလည်း မတွေးတတ်ခဲ့။ ညာဘက်မှ စည်းကမ်းမဲ့စွာ အရှိန်ဖြင့်ကျော်တက်သွားသောကားကို စောင်းငဲ့အကြည့်တွင် ကျွန်မကို ပြန်ကြည့် သောသူသည် chat ထဲမှ သူဖြစ်ကြောင်းကိုတော့ တော်တော်လေးကျော်သွားမှ အံ့သြစွာ သိရှိလိုက်ရပါသည်။ဒီလိုကားမျိုး ဘယ်မောင်း ဘယ်နှစ်စီးရှိနိုင်မှာမို့လို့လဲ။
ပြီးတော့ ၀ိုးတ၀ါးသာမြင်လိုက်ရပေမယ့် အဲဒီ့ ကားနံပါတ်ပဲဆိုတာကို မသိစိတ်ကကော၊ သိစိတ်ကပါ တပ်အပ် သေချာနေခဲ့ပါသည်။စိတ်လှုပ်ရှားစွာ တိတ်တိတ်လေးပျော်ခဲ့ရတယ်ဆိုတာကိုတော့ ဘယ်တော့မှ ၀န်မခံဘူး
ပထမတစ်ခါတွင် တိုက်ဆိုင်မှုသာဖြစ်မှာပါဟုသာ ဖော့တွေးမိသော်လည်း ဒုတိယ၊ တတိယအကြိမ်များနောက်တွင် အကြိမ်ပေါင်းများစွာ ကျွန်မကားနောက်ကပါလာသောအခါ တိုက်ဆိုင်မှုဟုပင် တုံးအစွာ ဆက်တွေးနေဖို့ မလိုအပ်တော့ဘူး ထင်ပါသည်။တိုက်ဆိုင်မှုမဟုတ်လျှင်ဘယ်လိုအကြောင်းမျိုး ဖြစ်မှာပါလိမ့်?
ကျွန်မခေါင်းထဲတွင် မေးခွန်းလေးများ အစီအရီပေါ်လာကြလေသည်။x x x“ဘယ်တော့တွေ့ ခွင့် ရမလဲဟင်”
ထိုမေးခွန်းကိုမေးဖို့ သူ ၂ လကျော်ကျော်နောက်ကျခဲ့ပါသည်။ဒီဘက်က မိန်းကလေးက တွေ့ ဖူးချင်မှာပဲလို့ နည်းနည်းမှမတွေးမိဘူးပေါ့။ တွေ့ ဖို့ စပြောဖို့ခက်နေလိမ့်မယ်ဆိုတာကိုလည်း မစဉ်းစားမိဘူးပေါ့။ ကျွန်မက ၂ ကြိမ်မျှသာ ဖြတ်ကနဲ မြင်ဖူးပေမယ့် သူကတော့ ဘယ်နှစ်ခါ တိတ်တိတ်လေး မြင်ဖူးပြီးသားဖြစ်နေမှာလဲ။
မျက်နှာချင်းဆိုင်တွေ့ဖူးမှ သူသည် ဓါတ်ပုံထဲမှာထက် များစွာပိုမိုချောမောသူဖြစ်ကြောင်း မဖြစ်မနေ ၀န်ခံရပါလိမ့်မည်။ စကားတိုင်းကို ပြုံးပြီးပြောသောသူ့ကို ကျွန်မသာမက ဘေးကသူငယ်ချင်းကပါ နှစ်လိုခင်မင်သွားခဲ့ပါသည်။ ပြုံးလိုက်တိုင်းလည်း လှစ်ကနဲ့ပေါ်လာတတ်သော သူ့သွားတက်ကလေးကို ငေးမကြည့်မိစေရန် ထိုနေ့က ကျွန်မတော်တော်လေးကို သတိထားလိုက်ရပါသည်။ ထိုမှစ၍ ခင်ခဲ့ရပါသည်။
နောက်ပိုင်းတွင် chat ထဲမှာ သိပ်မတွေ့ ဖြစ်ကြတော့သော်လည်း တစ်ပတ်တွင်တစ်ခါ သူကျွန်မဆီ ဖုန်းဆက်ပါသည်။ တစ်ပတ်တစ်ခါထက်လည်း ဖုန်းဆက်သည့်အကြိမ်မစိပ်ခဲ့သလို ဖုန်းဆက်ရန်ပျက်ကွက်သည့် ရက်သတ္တပတ်လည်း မရှိခဲ့ပါ။
ုဖုန်းဆက်တိုင်းလည်း တစ်ခုခုကျွေးပါရစေဟု အမြဲတမ်းဖိတ်ခေါ်တတ်ပါသည်။ ကျွန်မရှိရာသို့လည်း လာစောင့်ပြီး ခေါ်လေ့ရှိသည်။ ကျွန်မ၏သိက္ခာကိုပင်လေးစားလေသလား၊ ပတ်ဝန်းကျင်အမြင်တွင် တင့်တယ်မှုကိုပင် ဂရုစိုက်လေသလားမသိ၊ သူ့ညီလေး သို့မဟုတ် ညီမလေး တစ်ယောက်ယောက်တစ်လှည့်စီ၊ တစ်ခါတစ်ရံ နှစ်ယောက်လုံး ခေါ်လာတတ်သည်။ ပြီးလျှင်အနီးအနားက ဆိုင်တစ်ခုတွင် အားလုံး အတူတူသွားစားလေ့ရှိသည်။ ရက်သတ္တပတ်လေးပတ်ရ၍ လေးခါမျှအတူတူသွားစားအပြီးတွင် မောင်နှမမရှိသော ကျွန်မသည် သူတို့ မောင်နှမ တသိုက်လုံးနှင့် ငယ်ပေါင်းကြီးဖော်များပမာ ရင်းနှီးခင်မင်သွားပါတော့သည်။
နောက်ပိုင်းတွင်မူ သူ့ဆီတွင်မရှိသော program များ၊ CD များကို ကျွန်မဆီက ငှားယူသော အကြောင်းပြချက်ဖြင့် ကျွန်မတို့ ခဏခဏတွေ့ဖြစ်ကြပါသည်။ အစ်ကိုကြီးတစ်ယောက်က ညီမငယ်တစ်ယောက်အား ဂရုစိုက်ကြင်နာမှုမျိုးဖြင့် သူကျွန်မကို ဆက်ဆံလေ့ရှိပါသည်။ ကျွန်မစိတ်ဓါတ်ကျနေချိန်တိုင်း သူ့ဆီဖုန်းဆက်ပြီး ဂျီကျ၍ရသည်။ ကျွန်မတစ်ခုခုသွားစားချင်တိုင်း သူ့ထံပူဆာ၍ရသည်။ စိတ်တိုနေသောကျွန်မကို ငြိမ်သက်သွားအောင် ချော့မော့နိုင်စွမ်းရှိသလို စိတ်အားငယ်နေသောအခါတိုင်းလည်း ကိုယ့်ဘ၀ကိုယ်ကျေနပ်တတ်စေရန် အားပေးတတ်သည်။ ကျွန်မ မမြင်တတ်သော ရှုထောင့်များမှမြင်၍ ကျွန်မအား သတိပေးတတ်သည်။
သူ့ထက်ငယ်သောကျွန်မကို ကျွန်တော်ဟုသာ နာမ်စားသုံးတတ်သော သူ့ ကိုကျွန်မခင်ပါသည်။ အဲရိုးရှပ်နှင့် လုံချည်ကို သပ်ရပ်စွာဝတ်ဆင်တတ်သော သူ့ပုံစံကို ကျွန်မ နှစ်သက်ပါသည်။ သူမသိသည့် အကြောင်းအရာများကို ရိုးသားစွာဝန်ခံ၍ သူသိသည့် အကြောင်းအရာများကို နှိမ့်ချစွာပြောပြတတ်သည့် သူ့ကို ကျွန်မလေးစားပါသည်။ ကျွန်မကို နံမည်တတ်မခေါ်ပဲ ချာတိတ်ဟု သုံးနှုန်းသည့် အသုံးအနှုန်းကို ကျွန်မ သဘောကျပါသည်။ သူထက်အသက်ငယ်ပေမယ့် ကျွန်မကို သူ့ နံမည်အဖျားဆွတ်ခေါ်ခွင့်ပြုခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။
အရိုးသားဆုံးဝန်ခံရလျှင် သူ့ ညီမအရင်းတစ်ယောက် အရူးအမူးဖြစ်ချင်ခဲ့ဖူးပါသည်။ ဒီထက်ပိုပြီး ၀န်ခံရလျှင်မူ ထိုသူကို ကျွန်မဘ၀တွင် ထာဝရ အပိုင်ရလိုဖူးပါသည်။အစ်ကိုတစ်ယောက်လိုကော ........ ။ ပြီးတော့ ...... ။
ကျွန်မ မတွေးသင့်ဘူးထင်သည်။ ဆန်းပြားသောအမူအကျင့်များဖြင့် တချိန်တခါတုန်းက ကျွန်မအိမ်ရှေ့သို့လာ၊ ကျွန်မနောက်သို့ တကောက်ကောက်လိုက်ကြည့်ခဲ့သော သူသည် ယခုတွင်မူ ရိုးသားသော အတွေးများသာ ရှိနေနိုင်ပါသည်။ ကျွန်မလိုအပ်သည့် ၊ လိုချင်သည့် အရာများကိုသာ ဖြည့်ဆည်းပေးတတ်သောသူသည် ကျွန်မဆီက (ကျွန်မပေးချင်သော) တစ်စုံတစ်ခုကို (လုံးဝ) မျှော်လင့်ထားခဲ့ပုံ မရပါ။ ထိုအကြောင်းအရာကို ကျွန်မ မမျှော်လင့်ပဲ သိရှိခဲ့ရသည်။ လက်မခံနိုင်ပဲ လက်ခံခဲ့ရပါသည်။x x xchat ထဲတွင် အကြောင်းအရာပေါင်းမျိုးစုံကို စပ်စပ်စုစုမေးတတ်သော ကျွန်မသည် တစ်စုံတစ်ခုသော အကြောင်းအရာကိုတော့ မမေးမြန်းဖြစ်ခဲ့ချေ။ အကြောင်းအခွင့်ပဲ မတိုက်ဆိုင်၍လား၊ မသိစိတ်ကပဲ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းစွာ စိတ်ကူးယဉ်နေခဲ့မိသလားဆိုတာကိုတော့ မခွဲခြားတတ်ပါ။
တစ်နေ့ ကျွန်မကိုလာစောင့်သောကားထဲတွင် ကျွန်ထက်အသက်ကြီးပုံရသော၊ သူနှင့်အသက်ရွယ်တူ မမလှလှတစ်ယောက် သူ့ဘေးတွင်ထိုင်လျက် ပါလာခဲ့သည်။ ခါတိုင်း သူ့ ညီသည်သာ သူ့ဘေး ရှေ့ခန်းတွင် ထိုင်လျက်၊ သူ့ညီမလေးသည်ပင်လျှင် ကျွန်မနှင့်အတူတူ နောက်ခန်းတွင် ထိုင်တတ်ပါသည်။အခု ဒီအမျိုးသမီးနဲ့ သူနဲ့ ဘယ်လိုများ ပတ်သက်နေမှာပါလိမ့်
ကျွန်မရင်ထဲတွင် တစ်ချက်ဆောင့်ခုန်သွားသည်။ တစ်စုံတစ်ခုကိုလည်း ဖြတ်ကနဲ တွေးလိုက်မိသဖြင့် ပျက်ကောင်းပျက်သွားနိုင်သောမျက်နှာကိုလည်း အချိန်မီထိန်းရန် ကြိုးစားနေရသောကြောင့် ဘယ်ဆိုင်တွင် သွားစားမည်ကို အငြင်မပွားနိုင်ခဲ့ပါ။ သူဘယ်ဆိုင်ကို သွားနေခဲ့သည်ဆိုတာကိုလည်း သတိမထားနိုင်ခဲ့အောင် ကျွန်မသတိတွေ ပျက်ယွင်းကုန်ရသည်။
ကျွန်မထင်လိုက်သလိုဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဘာကြောက်နေတာလဲ။ကျွန်မအကြောင်းကို ပြောပြောနေတတ်တယ်ဆိုပါလား။
“ကိုယ်ပြောပြောနေတဲ့ ချာတိတ်လေ .. ခိုင်”သေချာတာကတော့ သူကျွန်မကို ပြောပြဖူးသည့် အကြောင်းအရာများတွင် “ခိုင်” ဆိုသည့် မိန်းမလှလှလေးတစ်ယောက်အကြောင်း မပါခဲ့ပါ။“ညီမလေးနံမည် ဘယ်လိုခေါ်လဲဟင်”ပြန်မဖြေနိုင်သေးပါ။ အံ့သြမှုများသော်လည်းကောင်း၊ ထိတ်လန့်ခြင်း သို့မဟုတ် ၀မ်းနည်းခြင်းတို့သည်လည်းကောင်း လည်ချောင်းဝတွင် နေရာယူထားပါလိမ့်မည်။“ခိုင်ကလည်း .. ကိုယ်ပြောဖူးတယ်လေကွာ .. မေ့ပြန်ပြီလား။ ကြယ်တဲ့ .. ချာတိတ်နံမည် ကြယ်”ကျွန်မစကားမပြောနိုင်သေးသည့် အဖြစ်ကိုများ ရိပ်မိသွားလို့ သူဝင်ပြောတာလား။
ကိုယ့်ကိုယ်ကို အချိန်မီထိန်းမှဖြစ်တော့မည်။ အားတင်းရင် ဖြည့် စွက်ပြောလိုက်ရပါသည်။“လင်းလက်ကြယ်စင်ပါ”သေချာပါပြီ။ အခေါ်အဝေါ်နဲ့တင် ပါးစပ်က ဖွင့်ပြောဖို့ မလိုတောပါ။ မပြောပဲနှင့် သေချာသွားပြီးနောက် ကျွန်မ နှလုံးသာတစ်ခုလုံး ရစရာမရှိအောင် မွစာကျဲကုန်ခဲ့ပြီ။
“လှတယ်နော် ကို။ ကို ခိုင့်ကိုတော့ ညီမလေးနံမည် အပြည့်အစုံ မပြောဖူးပါဘူးနော်”
ခိုင်ဆိုသည် အမျိုးသမီး၏အပြောကို မတုံ့ပြန်ပဲ သူကျွန်မဘက်သို့ လှည့်ပြောပါသည်။“ကဲ ချာတိတ် .. ကျွန်တော် ပြောမပြဖူးလို့ စိတ်ဆိုးသွားပြီလား။ ချာတိတ်မမေးပဲပြောရင် ကျွန်တော်က ဘလိုင်းကြီးကြွားသလိုဖြစ်မှာစိုးလို့ ”ပြောရက်ပါပေ့။
ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး မမေးမိသော ကျွန်မမှာပဲ အပြစ်ရှိပါသည်။
အခုချိန်မှ ကျွန်မစကားမပြောလျှင် ကျွန်မအခြေအနေကို သူတို့တွေ ရိပ်မိကုန်ရော့မည်။ သူ့ ထံသို့ ပစ်လွှတ်ရံ ကျွန်မမျက်လုံးအစုံသို့ မျက်စောင်းလှလှ အမြန်ဆုံးရောက်လာစေရန် အရူးအမူးဆုတောင်းရသည်။“အဲလို လျှိုထားတာတော့ မကောင်းဘူးပေါ့နော်။ ကြယ်က ထင်တော့ ထင်ထားပါတယ်။ ဒီလောက်ချောတဲ့ အစ်ကိုတစ်ယောက်ဆီမှာ အရမ်းလှတဲ့ မမတစ်ယောက်တော့ ရှိကို ရှိနေရမယ်ဆိုတာ”တကယ်တမ်းတော့ ကျွန်မ ဘာဆိုဘာမှ စားလို့မ၀င်ခဲ့ပါ။ ခါတိုင်းအလွန်ကြိုက်သော ချောကလက် မစ်ရှိတ်ကိုပင် တစ်ခွက်ကုန်အောင် ကြိတ်မှိတ်သောက်ခဲ့ရပါသည်။
“အဟား .... ချာတိတ်ရေ .... ဒါဆို ဒီနေ့ ကျွန်တော် မကျွေးတော့ဘူး .. ခိုင်ကျွေးလိမ့်မယ်”
“အံမယ် ဒီညီမလေးကို ကျွေးရတာများ ခိုင်တို့ ကတော့ လက်မရှောင်ဘူးနော်”
“ကြယ်ကတော့ နှစ်ခါစားရလည်း စိတ်မဆိုးတတ်ပါဘူး”x x xကျွန်မကို ဘယ်လိုရည်ရွယ်ချက်နဲ့များ ငြိတွယ်တတ်အောင် စွမ်းဆောင်ခဲ့ပါသလဲ။
ဇာတ်လမ်းက သူက စခဲ့တာဟုပဲ စွပ်စွဲချင်ပါသည်။ ဘယ်လို အကြောင်းပြချက်နဲ့ ကျွန်မနောက်ကို တစ်ချိန်တုန်းက လိုက်ခဲ့ရသနည်း။ သူ မလိုအပ်ခဲ့ဘူးဆိုလျှင် ကျွန်မ၏စိတ်ဝင်စားမှု၊ ထိုမှတဆင့် ငြိတွယ်လာသော သံယောဇဉ်တို့ကို အဘယ်ကြောင့် တမင်သက်သက် ဖန်တီးယူခဲ့ရသနည်း။ ကျွန်မ မမေးဖြစ်သော်လည်း သူကိုယ်တိုင် ဖွင့်ပြောလို့ ရပါလျှက် ဘာကြောင့်များ လျှိုထားခဲ့ပါသလဲ။ နောက်ဆုံးတော့ ကျွန်မ နာကျင်ကြေကွဲဖို့ ဖြစ်လာရသည်မှာ သူ့ကြောင့်သာဖြစ်သည်ဟုပင် တစ်ဖက်သတ် အပြစ်ဖို့ချင်ပါသည်။ ကိုယ့်ကိုယ်ကို အထင်ကြီးမိသော၊ ငြိတွယ်လွယ်သော အပြစ်များကိုတော့ မတွေးချင်တော့။
မုန်းတယ်။ နာကျင်ကြေကွဲရတဲ့ ကျွန်မအဖြစ်တွေအတွက်မုန်းတယ်။သူ့ညီမလေးတစ်ယောက်သာ ဖြစ်ခွင့်ရှိသည့် မိမိအဖြစ်ကို မုန်းမိသည်။
“ကျော့်ကိုချစ်တယ်” ဟူသောစကားကို ရင်တွင်းမှာသာ ဖွင့်ဟခွင့်ရှိသော ကျွန်မကိုယ်ကျွန်မ အလွန်မုန်းသည်။x x x(ကိုယ်တွေ့ နှင့် စိတ်ကူး ပေါင်းစပ်၍ ဇာတ်လမ်းအဖြစ် ဖန်တီးပါသည်။ တိုက်ဆိုင်မှု ရှိခဲ့လျှင် ထိုတိုက်ဆိုင်မှုသို့ပင် ရည်ရွယ်ပါသည်)ရွှေစူး
9th Nov 2005
12:02AM
Post a Comment
- Back to chitsuelay's Xanga Site!
- Note: your comment will appear in chitsuelay's local time zone: GMT +08:00 (China Coast)



Comments (7)
@rickystar1 - Sorry Ricky
It's all in burmese. Now trying to cater a new sector. LOL
ဒီလောက် စာရေးကောင်းတဲ့ ကောင်မလေးက စာမရေးတော့ဘူးလုပ်တာဆိုတော့ တော်တော်မုန်းဖို့ကောင်းတယ်။ ဇာတ်အိမ်ဖွဲ့တာ ခိုင်တယ်။ အသွားအလာ လျို့ဝှက်တယ်။ ရွှေစူးရဲ့ ထုံးစံအတိုင်း မထင်မှတ်တဲ့ တိုက်ကွက်နဲ့ စာဖတ်ပရိသတ်ကို စူးနင့်စေတယ်။ ၀တ္ထုကို ၀တ္ထုလို့ပဲ ခံစားသွားပါတယ်ရွှေစူးလေးရေ...
အရမ်း heart ထိသွားတယ် မိစူးရယ် ထပ်ရေးပါဦး ဇာတ်လမ်း ဆန်းဆန်းလေးတွေ...အားပေးတယ်
အမရေ ဖုပရင့်ထားခဲ့ပြီနော်
အမ နောက်ဆို အဲ့မမေးခဲ့တဲ့ မေးခွန်း အရင် မေးဖြစ်အောင်မေးနော်
@kimsoosoo - အဲဒီ့မေးခွန်းမေးဖြစ်တဲ့သူကျတော့ တခြားမေးခွန်းမမေးဖြစ်ပြန်ဘူးတော့။ နောက်မှ သပ်သပ်ထပ်တင်ပါဦးမယ် အဲဒီ့အကြောင်းကိုနော်။
ဘာမှမဆိုင်ပဲနဲ့သွားမေးလို့ရပါ့မလားနော် ၊ လူနှစ်ယောက်စပြီးခင်မင်တာ အဲလိုမေးခွန်းမျိုးမေးဖို့လိုလား ။ မသိလို့မေးတာနော် ။ အိမ်မက်တော့ပေးခဲ့တာပါပဲ ၊ နောက်မှ သူတို့မဟုတ်သလိုနဲ့ ။ ကြောက်ဖို့ကောင်းတယ် ။